Devil son in law - Chapter 205
အခန်း (၂၀၅) သေဆုံးခြင်း။အဲလန်၏တန်ဖိုး
အန္တရာယ်ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည့်အတွက် ဆာဂီသည် ဝင်းထဲသို့ ခုန်ဝင်သွားသည်။ သူသည် လေထဲ၌ပင် အသွင်ပြောင်းပြီး နတ်ဆိုးမီးတောက်ကို တောက်လောင်စေခဲ့သည်။ သို့သော်လည်း ဆာရာဒိုက ဆာဂီထက် ပိုမြန်နေသည်။ ဆာရာဒိုသည် ဆာဂီရှေ့၌ လမ်းပိတ်ထားခဲ့သည်။
ဆာဂီ၏ဓားသည် မီးတောက်များ ကျွမ်းလောင်နေသည်။ ၎င်းသည် စက်ဝိုင်းပြတ်အသွင် ပြောင်းသွား၏ ဆာရာဒို၏ခေါင်းကို ခုတ်ပိုင်းလိုက်သည်။ အဟုန်သည် ထိန်လန့်ဖွယ် ကောင်းလှ၏။ သို့သော်လည်း ဆာရာဒိုသည် ကောက်ရိတ်ဓားဖြင့် အလွယ်တကူ ခုခံနိုင်ခဲ့သည်။ ဆာဂီ နောက်ထပ် အကွက်မထုတ်ခင်မှာပင် ဆာရာဒိုသည် လျှပ်စီးကဲ့သို့ပင် ဆာဂီ၏ရင်ဘတ် တည့်တည့်ကို ကန်လိုက်သည်။ဆာဂီသည် နောက်သို့ သုံးလေးမီတာ လွင့်စင်သွားပြီး ပါးစပ်မှ သွေးများစီးကျလာသည်။
ဆာဂီသည် အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း ဆာရာဒိုကဲ့သို့ အမြင့်ဆင့်နတ်ဆိုး ဝါရင့်တစ်ယောက်ကို လုံးဝ မယှဉ်နိုင်ပေ။
“ ဆာရာဒို။သူ့ကို မြန်မြန် မသတ်နဲ့ဦး။ဖြည်းဖြည်းချင်း သေတဲ့အထိ နှိပ်စက်။သူက ငါ့ကို ဆန်ကုန်မြေလေးလို့ ခေါ်ခဲ့တယ်။ ”
ဝင်းထဲ၌ အဲလန်၏ အနည်းငယ် ထူးဆန်းနေသော လေသံ ထွက်လာ၏။
“ သူ့ကို အဆုံးသတ်ဖို့ကို ကျုပ်အတွက် ချန်ထားပေး။ ”
ဆာဂီ တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး တယ်လီပို့ ခုန်လိုက်သည်။အသေအချာပင် ဝင်းဂိတ်တံခါး၌ “အဲလန်”ကို သူမြင်လိုက်ရသည်။သူ ရှေ့တက်မည် ပြင်လိုက်စဉ် ဆာရာဒို ချက်ချင်းပေါ်ထွက်လာပြီး ကောက်ရိတ်ဓားကို ရမ်းလိုက်၏။ဆာဂီသာ အမြန်မရှောင်နိုင်ခဲ့လျှင် လက်မောင်း ပြတ်ထွက်သွားမည် ဖြစ်သည်။
ဆာရာဒိုသည် ဆာဂီအား အတင်းအကြပ် လိုက်နေသည်။ဆာဂီလည်း ဖြည်းဖြည်းချင်း နောက်ဆုတ်နေရပြီး ဒဏ်ရာများမှာလည်း ပိုများလာသည်။အဲလန်အား ဓားစာခံအဖြစ်ထားမည့် သူ၏အကြံအစည်လည်း ကျရှုံးသွားခဲ့သည်။သို့သော် ဆာဂီ အလျင်အမြန် တုံ့ပြန်လိုက်သည်။သူသည် တိုက်ကွက်တစ်ကွက်ကို ခုခံရင်း လက်ထဲ၌ တောက်ပသော အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။၎င်းသည် မိုးပေါ်သို့ ပျံတက်သွားပြီး မီးပန်းကဲ့သို့ ပျံ့ကျဲသွားသည်။
စစ်ကူ ခေါ်တာလား။ “ အဲလန် ” ကြက်သေသေသွား၏။ ထို့နောက် သူ အော်ပြော လိုက်သည်။
“ သူ အကူအညီခေါ်နေတာ။ ဆာရာဒို။ သူ့ကို မြန်မြန်သတ်ပစ်လိုက်။ ”
ဆာဂီသည် လျို့ဝှက်ကြံစည်ခဲ့သည့် “ ဆန်ကုန်မြေလေး ”ကို မုန်းတီးသွားသည်။ သူ၏မျက်လုံးထဲ၌ ရက်စက်သော အကြည့် ဖြစ်ပေါ်လာသည်။ရုတ်တရက် သူ၏ လက်ထဲမှဓားသည် “ အဲလန် ” ဆီသို့ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် လွင့်ထွက်သွား၏။
“ အဲလန် ” ကြောက်လန့်သွားသည်။ သို့သော်လည်း သူ၏မျက်လုံးထဲ၌ ထူးဆန်းသော ပျော်ရွှင်မှုတစ်ခု ရှိနေသည်။ ဒါလည်းကောင်းတာပဲ။ တိုက်ပွဲထဲ ပြေးဝင်ပြီးတော့ “ကိုယ့်ကိုယ်ကိုယ်သတ်သေ” ရတာထက် ပိုကောင်းတယ်။
ဆာရာဒိုက ဆာဂီသည် ထိုကဲ့သို့ ကြံရာမရ ပြုလုပ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဆာရာဒို ထိတ်လန့်သွား၏။
“ သခင်လေး။သတိထား။ ”
အဲလန်၏စွမ်းအားသည် အလယ်ဆင့်နတ်ဆိုးသာ ဖြစ်သည့်အတွက် ထိုဓားကို မရှောင်နိုင်ခဲ့ပေ။ နာကျင်စွာ အော်ဟစ်ပြီးနောက် ထိုဓားသည် သူ၏ရင်ဘတ်ကို ထိုးဖောက်သွား၏။
“ သခင်လေး အဲလန်။ ”
ဆာရာဒို ကြောက်လန့်သွားပြီး အဲလန်ဆီသို့ အမြန်ပြေးသွားလိုက်သည်။
ဆာဂီ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ အဲလန်ဆီသို့ ဆာရာဒိုပြေးသွားနေစဉ် ဆာဂီသည် လက်ထဲ၌ပြင်ဆင်ထားသော မှော်ပစ္စည်းတစ်ခုကို ပစ်ပေါက်လိုက်သည်။အသံအကျယ်ကြီး ထွက်လာပြီးနောက် နေရာတစ်ခုလုံးကို မီးခိုးများ ဖုံးလွှမ်း သွားတော့သည်။
မီးခိုများ၏ အကာအကွယ်ဖြင့် ဆာဂီသည် အလျင်အမြန်ပင် ဆေးရည် သုံးလေးပုလင်းသောက်ပြီး အပြင်သို့ ပြေးထွက်သည်။နောက်ဘက်မှ ဆာရာဒို၏ ဒေါသတကြီး အော်သံ ထွက်လာပြီး ဆာဂီအား အပြင်းအထန် လိုက်ဖမ်းတော့သည်။
ဆေးရည်အကူအညီ ရှိသော်လည်း ဆာဂီ၏ စွမ်းအားသည် နိမ့်ပါးလွန်းလှသည်။ ခဏအကြာ၌ သူ့ကို ဆာရာဒို မှီလာသည်။သေရေးရှင်ရေးအချိန်၌ ဆာဂီ၏ မျက်လုံးများမှ ထူးဆန်းသော အလင်းရောင်တစ်ခု ရုတ်တရက် ထွက်လာပြီး ခန္ဓာကိုယ်ပေါ်ရှိ သွေးများမှာလည်း ဆာရာဒိုဆီသို့ ကျည်ဆန်သဖွယ် ပန်းထွက်သွားတော့သည်။
ထို “ကျည်ဆန်”တွင် ထူးဆန်းသော စွမ်းမားအချို့ ပါဝင်နေပုံရသည်။၎င်းသည် အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်း၏ အရေပြားပင် မခုခံနိုင်သည့် ပါရမီတစ်မျိုး ဖြစ်နိုင်ပေသည်။
ဆာရာဒို သတိလက်လွတ်ဖြစ်သွားပြီး ခန္ဓာကိုယ်ရှိ နေရာအနှံ့၌ ဖောက်ထွင်း ခံလိုက်ရသည်။ သို့သော်လည်း သူနောက်မဆုတ်ခဲ့ပေ။၎င်းသည် သူ၏ သတ်ဖြတ်ချင်စိတ်ကို ပိုတိုးသွားစေသည်။သူသည် ရှေ့သို့ အားကုန်တက်ပြီး ဆာဂီ၏ ဘယ်ခြေထောက်ကို ဒူးနေရာမှ ပိုင်းဖြတ်လိုက်သည်။
ဆာဂီသည် ကြောက်လန့်တကြား အော်ဟစ်ပြီး မြေပြင်ပေါ် လဲကျသွားသည်။ဆာရာဒို ဆက်လက် တိုက်ခိုက်မည်ပြင်လိုက်စဉ် ညင်သာသော အော်သံတစ်သံ ရုတ်တရက် ထွက်လာသည်။ သူ၏နားထဲသို့ ထိုအသံရောက်လာသည့်အခါ ကြီးမားလှသော အားတစ်ခုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး လွင့်စင်သွားခဲ့သည်။
ထိုအားသည် အလွန်အမင်း အစွမ်းထက်သော နောက်ဆက်တွဲဒဏ်များကို ယူဆောင်လာသည်။၎င်းသည် ခန္ဓာကိုယ်ထဲ၌ ဆက်လက် ပေါက်ကွဲနေပြီး ဆာရာဒို၏ခုခံမှုကို ချက်ချင်း ပြိုလဲစေကာ မြေပြင်ပေါ်သို့ လဲကျသွားစေသည်။သူလုံးဝ ထမနိုင်တော့ပေ။
“ လေဒီ အစ်ဇဘယ်လာ။ ”
ဆာဂီသည် အလွန်နာကျင်နေပြီး သေခြင်းတရားမှ လွတ်မြောက်ရုံသာ ရှိသေးသော်လည်း သူ၏စိတ်ထဲ၌ တည်ငြိမ်သွားတော့သည်။
ဆာဂီ၏မျက်လုံးထဲ၌ အစ်ဇဘယ်လာ၏ပုံရိပ် ပေါ်ထွက်လာသည်။ ချက်ချင်းပင် အစ်ဇဘယ်လာသည် ဆာဂီ၏ ဝမ်းနည်းစရာအခြေအနေကို သေသေချာချာ မြင်ပြီး အံ့အားသင့်သွားသည်။
“ မဒမ်။ကျုပ်ရဲ့ ခြေထောက်... ”
“ မလှုပ်နဲ့ဦး။ ခဏနေ ဆရာသခင် ခမ့်(ပ်) ရောက်လာတော့မယ်။ ဘာတွေဖြစ်ကုန်တာလဲ။ ”
“ အဲလန် ”
ဆာဂီသည် သွေးမျိုးဆက်ပါရမီကို အသုံးပြုလိုက်ရသည့်အတွက် စွမ်းအင်အများအပြား ကုန်ဆုံးသွားသည်။ထို့ပြင်သူ၏ ဘယ်ခြေထောက်လည်း အဖြတ်ခံလိုက်ရသည့်အတွက် နာကျင်မှုက သူ့ကို ချွေးများစို့နေစေသည်။ဆာဂီ အံကြိတ်ရင်း ပြိုင်ဘက်ဖြစ်သူ၏ နာမည်ကို ပြောလိုက်သည်။သူ၏စိတ်ထဲ၌ အမုန်းတရားသည် အဆုံးစွန်အထိ ရောက်ရှိနေခဲ့သည်။
“ ခါရွန်မိသားစုက အဲလန်လား။ ”
မတ်တပ်ရပ်ရန် ရုန်းကန်နေသော ဆာရာဒိုကို မြင်လိုက်ပြီး ထိုသူသည် ယမန်နေ့က စစ်တန်းလျား၌ အဲလန်ကို အဖော်ပြုပေးခဲ့သော အမြင့်ဆင့်နတ်ဆိုးဖြစ်ကြောင်း အစ်ဇဘယ်လာ မှတ်မိသွားသည်။အစ်ဇဘယ်လာ အံ့အားသင့်သွားသည်။
“ အဲလန်က မင်းကိုသတ်ဖို့ လူလွှတ်လိုက်တယ်လား။သူအခု ဘယ်မှာလဲ။ ”
ဆာဂီ ပြန်မဖြေခင်မှာပင် အခင်းဖြစ်ရာနေရာသို့ နောက်ထပ်ပုံရိပ်တစ်ခု ရောက်ရှိလာသည်။ ၎င်းမှာ အမှောင်လအုပ်စိုးသူ ရှီရာပင် ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်သည့်အခါ ရှီရာ၏ ခရမ်းရောင် မျက်လုံးများ၌ အံ့အားသင့်မှုများ လက်ခနဲ ဖြစ်သွားသည်။ သူ၏မျက်လုံးများသည် အစ်ဇဘယ်လာ၏ အရိုက်ခံ ထားရသော ဆာရာဒိုထံသို့ ရောက်ရှိသွားကာ မျက်မှောင်ကြုတ်လိုက်သည်။
“ ဆာရာဒို။ဘာတွေဖြစ်ခဲ့တာလဲ။ ”
ဆာရာဒို အံကြိတ်ရင်း ပြောသည်။
“ ဆာဂီ....သူက သခင်လေး အဲလန်ကို သတ်ပစ်ခဲ့တယ်။ ”
အစ်ဇဘယ်လာနှင့် ရှီရာတို့ နှစ်ယောက်စလုံး တပြိုင်နက်တည်း အံ့အားသင့်သွားကြသည်။အထူးသဖြင့် အစ်ဇဘယ်လာ၏စိတ်ထဲ၌ ကြီးကြီးမားမား ထိတ်လန့်သွား၏။ ငါ့ရဲ့ အမည်ခံ အကြီးအကဲ လီဂူခါရွန်ရဲ့သား အဲလန်က တကယ်ပဲ ဆာဂီသတ်တာကို ခံလိုက်ရတယ်လား။
လီဂူနှင့် အင်ပါယာ၏ ဒုတိယဗိုလ်ချုပ် ဒိုရွန်တို့၏ ပတ်သက်မှုသည် အကောင်းဆုံး မဟုတ်ကြသော်လည်း ပြိုင်ဘက်များ မဟုတ်ကြပေ။ယခုတွင် လီဂူ၏ တစ်ဦးတည်းသောသားကို ဒိုရွန်၏ သားက သတ်ပစ်လိုက်သည့်အတွက် လီဂူ၏ ဒေါသမှာ မျှော်မှန်းမရနိုင်အောင်ပင်ဖြစ်ပေလိမ့်မည်။
တကယ်တမ်း ဘာဖြစ်သွားခဲ့တာလဲ။ ထိုအချိန်၌ အင်ပါယာအစောင့်များနှင့် မြို့တော်မှ ကော်မရှင်အဖွဲ့ဝင်များ အပါအဝင် လူအများအပြား ရောက်ရှိလာကြသည်။ဆရာသခင် ခမ့်(ပ်)လည်း ပါလာသည်။ဆာဂီ၏အခြေအနေကို မြင်သည့်အခါ အလျင်အမြန် ရောက်လာပြီး ပြတ်နေသော ခြေထောက်အား ဆက်လိုက်သည်။ထို့နောက် ဆေးရည်ဖြူတစ်ပုလင်းထုတ်ပြီး ဒဏ်ရာပေါ်၌ လောင်းထည့်သည်။ဒဏ်ရာသည် တဖြည်းဖြည်း ဆက်သွားသည်။။သို့သော်လည်း ၎င်းသည် အပေါ်ယံသာ ဖြစ်သည်။အမှန်တကယ် ပြန်ကောင်းရန်အတွက် အနည်းဆုံး သုံးလေးလ အချိန်ကြာမည် ဖြစ်သည်။
ပြတ်နေသည့်ခြေထောက်အပြင် ဆာဂီ၏ ခန္ဓာကိုယ်ပေါ်၌ ကြောက်မက်ဖွယ်ရာ ဒဏ်ရာများ ပြည့်နှက်နေသည်။ အချို့မှာ အလွန်နက်ရှိုင်းပြီး အရိုးကိုပင် မြင်နေရသည်။ ခမ့်(ပ်) ရှိနေ၍ တော်သေးသည်။ခမ့်(ပ်)က ဆာဂီ၏ ဒဏ်ရာများကို တစ်ခုပြီးတစ်ခု ကုသပေးခဲ့သည်။
“ အဲ့ဒီမသာကောင် အဲလန် သေပြီလား။သူ့ထိုက်နဲ့သူ့ကံပဲ။ ”
ဆရာသခင် ခမ့်(ပ်)က ဒဏ်ရာများကို ကုသပေးနေစဉ် ဆာဂီသည် နာကျင်မှု များကြောင့် တုန်ခါနေသော်လည်း စိတ်သက်သာရပြီး ရယ်မောလိုက်သည်။
ဆာရာဒို ဒေါသထွက်သွားဟန်တူပြီး အော်ဟစ်လိုက်သည်။သူသည် ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဒယီးဒယိုင် မတ်တပ်ရပ်လာသည်။အစ်ဇဘယ်လာနှင့် ရှီရာတို့ ရှိနေသော်လည်း သူသည် တယ်လီပို့ခုန်ကာ ဆာဂီအား သူနှင့်အတူ ဆွဲခေါ်ချင်ခဲ့သည်။ ကံမကောင်းစွာပင် အစ်ဇဘယ်လာသည် သူ့ထက်ပိုမြန်နေပြီး လက်ကိုအသာလေး ဝှေ့ရမ်းလိုက်သည်။ထို့နောက် ဆာရာဒို လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ လဲကျ သွားပြန်သည်။ ယခုတစ်ခေါက်၌ ဆာရာဒိုသည် တိုက်ခိုက်ရေးစွမ်းအား လုံးဝ ဆုံးရှုံးသွားခဲ့သည်။
“ ဆာ လီဂူ။ကျွန်တော့်အမှားပါ။သခင်လေး အဲလန်ကို မကာကွယ်နိုင်ခဲ့ဘူး။ ”
ဆာရာဒိုသည် မြေပြင်ပေါ်၌ လှဲလျောင်းနေရင်း ညည်းထွားလိုက်သည်။ထို့နောက် သူ၏အသံသည် အဆုံးမရှိသော အမုန်းတရားအဖြစ် ပြောင်းလဲသွား၏။
“ ဆာဂီ။ခါရွန်မိသားစုက ခင်ဗျားကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”
ထိုသို့ပြောပြီးနောက် ဆာရာဒိုသည် လက်ကျန် အားအင်ကို ဖောက်ခွဲပြီး ခါးမှ ဓားမြှောင်တစ်လက်ထုတ်ကာ နှလုံးသားထဲသို့ ထိုးစိုက်လိုက်တော့သည်။
ဆာရာဒို သတ်သေသွားခဲ့သည်။
အဲလန် အသတ်ခံလိုက်ရသည်။
ဆာဂီ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။
အစ်ဇဘယ်လာသည် အဖြစ်အပျက်အကြောင်း ဆာဂီ၏ ခပ်မြန်မြန် မေးသည်။ဆာဂီက အံကြိတ်ရင်း အဲလန်၏ လျို့ဝှက်ကြံစည်မှုအကြောင်း ပြောပြရာ ရှီရာသည် ချန်လွေ့ ပြန်ပေးဆွဲခံရကြောင်း ကြားလိုက်ရသည်။ရှီရာ၏ပုံရိပ် လှုပ်ရှားသွားပြီး ဆာဂီပြောသည့် အိမ်အိုကြီးထဲသို့ အရှိန်ကုန် ပြေးသွား၏။အစ်ဇဘယ်လာ၏ မျက်လုံးများ အရောင်တောက်သွားပြီး နောက်မှလိုက်သွားသည်။
အသေအချာပင် အဲလန်သည် မြေပေါ်၌ လဲကျနေပြီး ရင်ဘတ်ပေါ်တွင် ဆာဂီ၏ဓား စိုက်ဝင်နေကာ မြေပြင်ပေါ်၌ သွေးများ ဖုံးလွှမ်းနေသည်ကို သူတို့ တွေ့လိုက်ရသည်။ ထို့ပြင် ထိုနေရာနှင့် မနီးမဝေး၌ ပြန်ပေးဆွဲခံရသော လူသားအရာရှိသည် မလှုပ်မယှက် လဲနေပြီး သတိလစ်နေဟန်တူသည်။
ရှီရာ၏မျက်လုံးထဲ၌ ထူးဆန်းသော အေးစက်မှုတစ်ခု ဖျပ်ခနဲ ဖြစ်သွားသည်။သူ၏ပုံရိပ် ဖျပ်ခနဲပျောက်သွားပြီး ချန်လွေ့နား၌ ပြန်ပေါ်လာသည်။သူသည် ချန်လွေ့ အသက်ရှူမရှူကို စစ်ဆေးကြည့်လိုက်ပြီး စိတ်အေးသွားသည်။
အစ်ဇဘယ်လာ ထိုင်ချပြီး အဲလန်၏ခန္ဓာကိုယ်ကို စစ်ဆေးကာ ပြစ်ချက်တစ်ခုခု ရှာနေလိုက်သည်။သို့သော်လည်း အလျင်အမြန်ပင် မျက်မှောင်ကြုတ်ရင်း သူ မတ်တပ်ရပ်လိုက်၏။သူ ဘာကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။
ခဏအကြာတွင် ခါဂူရွန်နှင့် အခြားသူများလည်း ဝင်းအတွင်းသို့ ရောက်လာကြသည်။ ဆရာသခင် ခမ့်(ပ်)၏ ကုသမှုအောက်တွင် လူသားအရာရှိ နိုးထလာခဲ့သည်။အဲလန်၏ အလောင်းကို တွေ့သည့်အခါ ထိုလူသား ရုတ်တရက် ထိတ်လန့်သွားသည်။
ချန်လွေ့ ပြောသည့်အတိုင်းဆိုလျှင် သူသည် ယနေ့ တော်ဝင်တည်းခိုခန်းမှ ထွက်သွားပြီးနောက် ခဏအကြာ၌ တစ်နည်းနည်းဖြင့် မေ့လဲသွားသည်။ နိုးလာပြီးသည့်အခါမှသာ ကိစ္စအများကြီး ဖြစ်ပျက်ခဲ့သည်ကို သူသိရသည်။
အစ်ဇဘယ်လာ သေသေချာချာ နားထောင်ပြီး အချိန်နှင့် အကွာအဝေးကို တွက်ဆကြည့်သည်။သူ၏မျက်နှာ ပို၍ပင် တည်တံ့သွား၏။ကြည့်ရတာ ဒီအဖြစ်အပျက်ကို အဲလန်က တကယ်ပဲ စီစဉ်ခဲ့တဲ့ပုံပဲ။အရင်ဆုံး သူက ချန်လွေ့ကို ပြန်ပေးဆွဲတယ်။ပြီးတော့ လူလွှတ်ပြီး ဆာဂီကို ဒီနေရာဆီ မျှားခေါ်လာတယ်။သူက ဆာဂီရဲ့လက်နဲ့ ချန်လွေ့ကို သတ်ချင်ခဲ့တယ်။ဒါပေမဲ့ ဆာဂီက အရူးလုပ်မခံခဲ့ဘူး။ နောက်တော့ ဆာရာဒို ချက်ချင်း ပေါ်ထွက်လာတယ်။သူက အဲလန်၏ ညွှန်ကြားချက်အတိုင်း ဆာဂီကို သေတဲ့အထိ နှိပ်စက်ချင်ခဲ့တယ်။ဒါပေမဲ့ အဲလန်က ဆာဂီပစ်လိုက်တဲ့ဓားနဲ့ မတော်တဆ သေဆုံးသွားတယ်။ဆာရာဒိုက ဆာရီကို ဒေါသနဲ့ လိုက်ဖမ်းနေတုန်း အရေးပေါ်အချက်ပြတာကို ငါတွေ့ခဲ့တယ်။ပြီးတော့ ဆာဂီကိုကယ်ဖို့ ဒီကို အမြန်ပြေးလာတာပဲ။
ရှီရာ ရောက်လာတာကလည်း အဲလန်ရဲ့ အစီအစဉ်နဲ့ သက်ဆိုင်နိုင်တယ်။ဒါပေမဲ့ ဒီကိစ္စက အဲလန်ရဲ့ တခြားလက်အောက်ခံတွေရဲ့ အတည်ပြုချက် လိုအပ်တယ်။ အဲဒါကသာ အမှန်ဆိုရင်တော့ ဒီကိစ္စက ပြဿနာကြီးပဲ။
အဲလန်ရဲ့ ပါရမီက သာမန်ပင်မဲ့ သူက ခါရွန်မိသားစုရဲ့ ဆက်ခံသူဖြစ်ပြီးတော့ လီဂူရဲ့ တစ်ဦးတည်းသောသားပဲ။ နတ်ဆိုးဘုံက အမွေအနှစ်ကို တန်ဖိုးအထားဆုံးပဲ။ ပြီးတော့လည်း ဆာဂီက ဒိုရန်ရု(စ်)ရဲ့ အထူးချွန်ဆုံးသားတစ်ယောက်။သူက ဆယ်ကျော်သက် တစ်ယောက်လည်းဖြစ်သလို ပါရမီရှင်လည်း ဖြစ်တယ်။သူရဲ့ အသက်ကို အဲလန်ရဲ့ သေဆုံးမှုနဲ့ လဲလှယ်ဖို့ မဖြစ်နိုင်ဘူး။ပြီးတော့ ဒီအဖြစ်အပျက်ကို အဲလန်ကိုယ်တိုင် လုပ်ခဲ့တာ။ အဲဒါကြောင့် သူထိုက်နဲ့သူ့ကံပဲ။
ဒါပေမဲ့ ဒီလိုဆိုရင် ခါရွန်မိသားစုနဲ့ ရု(စ်)မိသားစုက တစ်သက်လုံး ရန်သူတွေ ဖြစ်သွားကြမှာ။ မင်းသား အိုဆိုင်ဒန် လက်အောက်မှာရှိတဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ အရေးကြီးဆုံး ဗိုလ်ချုပ်တို့က ရန်သူတွေ ဖြစ်လာလိမ့်မယ်။ ဒါက အိုဆိုင်ဒန်တို့အတွက် ကြီးကြီးမားမား ထိခိုက်နစ်နာမှုပဲ။သွယ်ဝိုက်ပြီးတော့ အကျိုးအမြတ် ရတဲ့သူတွေက တခြားအင်ပါယာနှစ်ခုနဲ့ ငါ့အရှေ့က အမှောင်လအုပ်စိုးသူ ရှီရာပဲ။
အစ်ဇဘယ်လာသည် ဉာဏ်ကောင်းလှ၏။ တစ်ခုခုလွဲနေကြောင်း သူသံသယဖြစ်နေသည်။ သို့သော်လည်း ဆာရာဒို၏လုပ်ရပ်များနှင့် ဆာဂီ၏ အတွေ့အကြုံများကို ကြည့်မည်ဆိုလျှင် ဤအဖြစ်အပျက်သည် တဏှာကြောင့် မျက်ကန်းဖြစ်သွားသော အဲလန်၏ လျို့ဝှက်ကြံစည်မှု ဖြစ်သည်မှာ သေချာနေသည်။
အစ်ဇဘယ်လာ သက်ပြင်းချလိုက်သည်။ လက်ရှိ အခြေအနေအရ သူသည် မြို့တော်သို့ အမြန်ဆုံး သတင်းပို့ရုံသာ ရှိတော့သည်။ သူ အမြန်ဆုံးပြန်ရန် ပြင်ဆင်ရမည် ဖြစ်သည်။ လက်ရှိ အချက်အလက်များအရ “နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး”ကို ပြန်ပြင်ဆင် ပြီးသွားသော ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင်သည် အဖမ်းခံရမည်ကို စောင့်နေမည် မဟုတ်ပေ။ သူသည် အမှောင်လမြို့မှ အစောကြီး ကတည်းက ထွက်သွား လောက်လေပြီ။ ဤနေရာသို့ လာရာလမ်း၌ အစ်ဇဘယ်လာသည် ထိုကဲ့သို့ မျှော်လင့်ထားပြီသား ဖြစ်သည်။ ယခုတစ်ခေါက် အမှောင်လသို့ လာရခြင်းမှာ စမ်းသပ်ရန်နှင့် ထိန်းချုပ်ရန်အတွက်သာ ပို၍ဖြစ်သည်။
အမှောင်လ အခြေအနေသည် အမှန်တကယ်ပင် ဆိုးရွားလှ၏။ စစ်ဘက်ရေးရာ၌ ရှီရာလက်အောက်ရှိ အင်ပါယာအစောင့်များမှလွဲ၍ မြို့စောင့်တပ် အရည်အသွေးသည် အတော်လေး နိမ့်ကျသည်။ သူတို့ကို သန်မာသည့် ဗိုလ်ခြေတစ်ခုအဖြစ် လေ့ကျင့်ပေးရန်အတွက် အနည်းဆုံး သုံးလေးနှစ်ခန့် အချိန်ယူရမည်ဖြစ်သည်။
စီးပွားရေး၌လည်း အမှောင်လသည် ဖရိုဖရဲ ဖြစ်နေပုံရသည်။ “ရာဇဝတ်ဂိုဏ်း”ဖြစ်သော ဝတ်ရုံဂိုဏ်းသည် အင်ပါယာအစောင့် အရန်တပ်ဖွဲ့ဟူသော ဂုဏ်ပုဒ်ကို အသုံးချပြီး ကုန်သည်များ၏ ပစ္စည်း ဥစ္စာများကို တစ်စစီ အတင်းဖြုတ်ယူနေကြသည်။ ကုန်သည်များဘဝမှာ ဆိုးရွားလှပေ၏။
လူတော်များအနေဖြင့် ဆေးရည်ဆရာသခင် အဲဒက်(စ်)သည် တော်ဝင်မင်းသမီးကို သစ္စာရှိနေသေးသည်။ သူသည် အစ်ဇဘယ်လာအား တွေ့ခွင့်ပင် မပေးခဲ့ချေ။ သို့သော်လည်း ဆေးရည်ဆရာသခင် ပြိုင်ပွဲ၏ဆွဲဆောင်မှုကြောင့် နောက်၆လ ကြာသည့်အခါ အဲဒက်(စ်)သည် မြို့တော်သို့ သေချာပေါက်သွားမည် ဖြစ်သည်။ သို့သော်လည်း လူသား ငြိမ်ဝပ်ပိပြားရေး အရာရှိအသစ်သည် အံ့သြဖွယ်ရာ ဉာဏ်ပညာနှင့် စွမ်းရည်များကို ပြသခဲ့သည်။ ထိုလူသားသည် တစ်ခုခုပင် ဖြစ်သည်။ သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ သူ၏အားနည်းချက်များမှာ အတော်လေး သိသာလှသည်။ဥပမာပြောရလျှင် ယနေ့အဖြစ်အပျက်၌ သူ၏အသိဉာဏ်မည်မျှပင် မြင့်မားစေကာမူ အကြွင်းမဲ့စွမ်းအားအရှေ့၌ အသုံးမဝင်ခဲ့ပေ။