Devil son in law - Chapter 204
အခန်း (၂၀၄) လျို့ဝှက်ကြံစည်ခြင်းနှင့် သူတို့၏ကစားပွဲဖြင့် သူတို့ကို အနိုင်ယူခြင်း
နှစ်ခြမ်းကွဲသွားသော ချန်လွေ့နှစ်ယောက်သည် တစ်ချိန်တည်း၌ ထူးဆန်းသော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ အချင်းချင်း သတ်နိုင်သူသည် ခန္ဓာကိုယ်အား အုပ်စိုးနိုင်မည်ဖြစ်သည်။ သူတို့နှစ်ယောက် ဘာမျှမပြောဘဲ ချက်ချင်းပင် စတင် လှုပ်ရှားတော့သည်။ သူတို့သည် အင်အားချင်း ညီမျှနေပြီး အစွမ်းများမှာလည်း အတူတူပင် ဖြစ်သည်။ [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] အချင်းချင်း ၊ [ မီးသင့်နဂါးဝင်စီးခြင်း ] အချင်းချင်း.... အစရှိသဖြင့်။
ကြမ်းတမ်းသော တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေ၏။ သူတို့နှစ်ယောက်သည် ဘေးပတ်လည်မှ သတ်ဖြတ်မှုများကို အာရုံမထားတော့ပေ။ သူတို့အချင်းချင်းသာ မြင်ရတော့သည်။ အခြားတစ်ယောက်ကို ဖျက်ဆီးနိုင်မှာသာ ကျန်တစ်ယောက်က အသက်ရှင်နိုင်မည်ဖြစ်သည်။
ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် ချန်လွေ့သည် ခါးပိုင်းဖြတ်ခံရမည့် အန္တရာယ်ကို ရှောင်ရှားလိုက်ပြီး ဦးဆောင်မှုရယူကာ အတွင်းနတ်ဆိုးအား [ အရှိန်အဝါဓားသွား ] ဖြင့် ခေါင်းမှ နှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။ အတွင်းနတ်ဆိုး အော်ဟစ်လိုက်ပြီး နှစ်ပိုင်းဖြတ်ခံလိုက်ရသည့် မျက်နှာတွင် ကြက်သီးထစရာ အပြုံးတစ်ခု ပေါ်လာ၏။
“ နောက်တစ်ခါ ဒီလောက်လွယ်မှာ မဟုတ်ဘူး...”
ချက်ချင်းနီးပါးပင် ခန္ဓာကိုယ်နှစ်ပိုင်း ပေါက်ကွဲထွက်သွားသည်။ ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် အကွက်မျိုး ရှိလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ သတိလက်လွတ် ဖြစ်သွားခြင်းကြောင့် ချန်လွေ့သည် ပေါက်ကွဲမှုအရှိန်ဖြင့် လွင့်စင်သွား၏။ မြောက်မြားလှစွာသော အညစ်အကြေးများ သူ၏အသိစိတ်ထဲသို့ ထိုးဖောက်ဝင်ရောက် လာသကဲ့သို့ပင် ဖြစ်သည်။အလွန်ပင် နာကျင်လှ၏။
သို့သော်လည်း တဖြည်းဖြည်းနှင့် သူ၏အသိစိတ် ပြန်လည်လာသည်။
အတွင်းနတ်ဆိုး ပုံရိပ်ယောင်များသည် အချိန်အတော်ကြာသွားပြီဖြစ်သော်လည်း လက်တွေ့တွင် အချိန်အနည်းငယ်သာ ကုန်ဆုံးသည်။ထိုအချိန်၌ ချန်လွေ့သည် ရင်းနှီးသောအသံအချို့ကို ကြားလိုက်ရသည်။
“ ဆာရာဒို။ခင်ဗျားသူ့ကို မသတ်လိုက်ဘူးဟုတ်။ ”
ထိုအသံသည် ငြိမ်ဝပ်ပိပြားရေး အရာရှိဟောင်း အဲလန်ထံမှ ဖြစ်သည်။
“ ထူးဆန်းတယ်။ ”
ခါရွန်မိသားစု၏ အစွမ်းထက်ဆုံး မဟာနတ်ဆိုး ဆာရာဒိုက ခေါင်းခါလိုက်သည်။
“ ကျုပ် အနားကပ်ပြီး တစ်ခုခု လုပ်မလို့ပဲ ရှိသေးတယ်။သူ မေ့လဲကျသွားတာ။သူက နတ်ဆိုးဘုံရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ မနေနိုင်လို့ ဖျားသွားတာဖြစ်မယ်။ သူက တကယ့်ကို အားနည်းတဲ့သူပဲ။ ”
“ ဒီလိုမျိုး အားနည်းတဲ့ လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး အသီနာရဲ့နှလုံးသားကို ရသွားရတာလဲ။ ”
အဲလန် လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။
ဆာရာဒို မျက်မှောင်ကြုတ်လိုက်သည်။
“ သခင်လေး အဲလန်။ကျုပ်မှာ ပြောစရာ နည်းနည်းရှိတယ်။သခင်လေး နားထောင်ချင်မလား မသိဘူး။ ”
အဲလန် ခေါင်းညိတ်သည်။
“ ဆာရာဒို။ခင်ဗျား ကျုပ်အဖေနောက်လိုက်နေတာ နှစ်ပေါင်းများစွာ ကြာပြီ။ ကျုပ်ကြီးပြင်းလာတာကို ခင်ဗျားကြည့်နေခဲ့ရတာပဲ။ခင်ဗျား တစ်ခုခုသိထားရန် ကျုပ်ကိုသာ ပြောလိုက်ပါ။ ”
“ အဲဒီမိန်းမရဲ့ နှလုံးသားက သခင်လေးဆီမှာ မရှိတော့ဘူး။သူ့ကိုပြန်ရဖို့ ခက်ခဲမယ်ဆိုတာ သခင်လေး သိသင့်တယ်။အသီနာထက်ပိုသာတဲ့ မိန်းမတွေ လောကမှာ အများကြီးရှိတာပဲ။သူ့ကိုမှဘာလို့ ဆွဲထားမှာလဲ။ပြီးတော့လည်း ဒီအဖြစ်အပျက်ကို သိသွားကြရင် ရု(စ်)မိသားစုကို အာခံသလို ဖြစ်သွားလိမ့်မယ်။ဒါက တန်တယ်လို့ ကျုပ်မထင်ဘူး။ သခင်လေးပြောတဲ့အတိုင်း ဆာဂီကို ဒီနေရာဆီ လူလွှတ်ပြီး မျှားခေါ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့....အခုအချိန် ရပ်တန့်မယ်ဆိုရင် နောက်မကျသေးပါဘူး။ ”
အဲလန် မျက်မှောင်ကြုတ်လိုက်၏။
“ ကျုပ် အတင်းအကျပ် လုပ်မယ်ဆိုရင်ကော။ ”
၎င်းကိုကြားသည့်အခါ ဆာရာဒိုက သူ၏ဖျောင်းဖျမှုသည် အကျိုးမရှိကြောင်း သိသွားပြီး သက်ပြင်းချလိုက်သည်။
“ ဒါဆိုရင်တော့ ဆာရာဒို ဆိုတဲ့ကျုပ်က လိုက်နာရုံပဲ ရှိပါတော့တယ်။ ”
“ ကျေးဇူးပါပဲ။ဆာရာဒို။ ”
အဲလန်က ဆာရာဒို၏ပုခုံးကို ပုတ်သည်။
“ ကျုပ် ခင်ဗျားကို အမှန်အတိုင်းပြောပြမယ်။ အစကတော့ အသီနာကို ပိုးပန်းဖို့က ကျုပ်အဖေရဲ့ အမိန့်ပဲ။ ဒါသာအောင်မြင်သွားရင် ဗိုလ်ချုပ်ဂျော့(ခ်ျ)က မြို့တော်ဆီကို အညံ့ခံလိမ့်မယ်။ အဲဒါကိုသာလုပ်နိုင်ရင် ကျုပ်အဖေကို အဓိပတိ ခန့်အပ်မယ်လို့ မင်းသားအိုဆိုင်ဒန်က ကတိပေးခဲ့ဖူးတယ်။ အဲဒါဆိုရင် ကျုပ်အဖေလည်း အဲဒီ အစ်ဇဘယ်လာဆိုတဲ့ မိန်းမ ထိန်းချုပ်တာခံရတဲ့ စွမ်းအားမဲ့ ဘဏ္ဍာရေး ဝန်ကြီးတစ်ယောက် ဖြစ်စရာ မလိုတော့ဘူး။ ”
ဆာရာဒို၏ မျက်လုံးများ အရောင်တောက်သွားပြီး ခေါင်းညိတ်သည်။
“ ကျုပ်က အသီနာ၏ အလှအပကို တကယ်ပဲ စွဲလမ်းသွားခဲ့တယ်။ဒါပေမဲ့ အဲဒီထက်ပိုတာက အရှုံးမခံနိုင်တာပဲ။ ကျုပ်က ဘာလို့ အဲဒီမပြည့်ဝတဲ့ လူသားကို ရှုံးရမှာလဲ။ ”
အဲလန်၏မျက်လုံးများ ကြောက်စရာ ကောင်းသွားသည်။
“ ကျုပ် ချန်လွေ့ကို သတ်ပစ်လိုက်ရင် အသီနာက ကျုပ်ကို အဆုံးစွန်အထိ မုန်းတီးသွားမှာ။ဒါပေမဲ့ ဆာဂီဆိုတဲ့သူက အသီနာကို လိုက်မယ်လို့ လူသိရှင်ကြား ထုတ်ပြောခဲ့တယ်။ဆာဂီရဲ့လက်ကို သုံးပြီးတော့ ဒီလူသားကို သတ်ပစ်မယ်ဆိုရင် ကျုပ်ရဲ့ အချစ်ပြိုင်ဘက်လည်း လျှော့သွားသလို အသီနာရဲ့မုန်းတီးမှုကလည်း ဆာဂီဆီ လှည့်သွားမယ်။အဲဒါဆိုရင် အချိန်ကြာလာတာနဲ့ ကျုပ်မှာ အခွင့်အရေး ရှိလာမှာပဲ။ ”
“ သခင်လေးရဲ့ အကြံအစည်က.... တော်တော်လေးကို ပါးနပ်တာပဲ။ဆာဂီက ကပွဲမှာ အဲဒီလူသားရဲ့ လှည့်ကွက်ကြောင့် အရှက်ရခဲ့တာ။အသီနာက ချန်လွေ့ကို သဘောကျတယ်ဆိုတာကို သူသိတယ်။ ဒီလူသားကို မြင်တဲ့အချိန်ကျရင် သူသေချာပေါက် သတ်ပစ်မှာပဲ။ ”
ဆာရာဒိုသည် လေးစားအားကျနေပုံရသည်။
“ အဲဒီအချိန်ကျရင် သခင်လေးက အခွင့်အရေးကို အရယူပြီးတော့ ဒီနေရာကို လာဖို့အတွက် တော်ဝင်မင်းသမီးနဲ့ အစ်ဇဘယ်လာကို အချိန်ကိုက် သတင်းပေးလိုက်မယ်ဆိုရင် လူသားကို ဆာဂီသတ်တယ်ဆိုတာ လူတိုင်းသိသွားမယ်။ စိတ်ချပါ။သခင်လေး။သခင်လေး အမိန့်ပေးထားတဲ့အတိုင်း ကျုပ်အားလုံး စီစဉ်ထားပြီးပါပြီ။တော်ဝင်မင်းသမီးနဲ့ အစ်ဇဘယ်လာတို့ ဒီကို အချိန်မီ ရောက်လာမှာပါ။ ”
“ ကောင်းတယ်။ ”
အဲလန် သရော်ပြုံးပြုံးလိုက်သည်။
“ အသီနာကို ကျုပ်ရပြီးရင် ဆေးတွေ ဖြည်းဖြည်းချင်းသုံးပြီးတော့ သူ့ကို ကျုပ်ရဲ့ကျွန်ဖြစ်အောင် လုပ်မယ်။ ကျုပ် အခုခံစားနေရတဲ့ အရှက်ကွဲမှုတွေက သူ့ခန္ဓာကိုယ်ပေါ်မှာ နှစ်ဆဖြစ်စေရမယ်။ ”
ထိုအချိန်၌ မြေပြင်ပေါ်ရှိ ချန်လွေ့၏ခန္ဓာကိုယ်ပေါ်၌ မီးတောက်တစ်ခု ရုတ်တရက် တောက်လောင်လာသည်။၎င်းမှာ အနက်ရောင်မီးတောက် ဖြစ်သည်။
အဲလန်၏ လျို့ဝှက်ကြံစည်မှုအားလုံးကို ချန်လွေ့ သိသွားခဲ့သည်။သူ၏အသိစိတ်သည် အတွင်းနတ်ဆိုး၏ ပေါက်ကွဲမှုကြောင့် “အညစ်အကြေးများ” ပြည့်နှက်နေသော်လည်း [ နိဗ္ဗာန်မီးတောက် ] သည် ထိုကဲ့သို့ “အညစ်အကြေးများ” အတွက် ဝိပါက်ပင် ဖြစ်သည်။
အဲလန်နှင့် ဆာရာဒိုတို့ ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ဆာရာဒို ပိုမိုထိတ်လန့်သွား၏။ ထို မီးတောက်နက်ထဲရှိ အလွန်သန့်စင်သော စွမ်းအားသည် ဖျက်ဆီးခြင်းမဟုတ်ဘဲ ဖျတ်လတ်တက်ကြွသော ပတ်ဝန်းကျင်ကို ယူဆောင်လာပေးသည်။ ၎င်းသည် ဆာရာဒိုအား နတ်ဆိုးဘုံရှိ နာမည်ကြီး တော်ဝင်မိသားစုတစ်ခု၏ သွေးမျိုးဆက်ပါရမီတစ်မျိုးကို သတိရသွားစေသည်။
မဖြစ်နိုင်ဘူး။ သူက အချိန်မရွေး မေ့လဲကျသွားနိုင်တဲ့၊ မပြည့်ဝတဲ့၊ အားနည်းတဲ့ လူသားတစ်ယောက်ပဲလေ။
ပြဿနာမှာ ဆာရာဒိုပင် ထိုမီးတောက်၏ စွမ်းအားကြောင့် တုန်လှုပ်နေသည်။ နည်းနည်းမျှပင် ရွေ့လျား၍ မရပေ။
လူသား၏မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသည်။ ထိုမျက်လုံးများသည် ညကောင်းကင်ကဲ့သို့ နက်မှောင်နေပြီး အကြောက်တရားနှင့် အံ့အားသင့်မှုများ ရှိမနေပေ။ အပိုခံစားချက်များ လုံးဝမရှိဘဲ တလက်လက်တောက်ပနေသော အလင်းရောင်များသာ ရှိနေလေသည်။
မီးတောက်များသည် ဖြည်းဖြည်းချင်း ခန္ဓာကိုယ်ထဲသို့ စုစည်း ဝင်ရောက်သွားကြသည်။ ထိုမျက်လုံးများလည်း အသက်ပြန်ဝင်လာပြီး ဆာရာဒိုနှင့် အဲလန်တို့ကို တည်တည်ငြိမ်ငြိမ်နှင့် စိုက်ကြည့်နေသည်။
ဖိစီးသောအားများ ရုတ်တရက် ပျောက်ကွယ်သွားကြောင်း ဆာရာဒိုနှင့်အဲလန်တို့ ခံစားလိုက်ရသည်။ ထိုလူထူးဆန်းထံမှ စွမ်းအားမဲ့ အငွေ့အသက် ပြန်ရလာသည်။
ဒါက စိတ်ထင်တာလား။ ဆာရာဒိုနှင့် အဲလန်တို့သည် အချင်းချင်းကြည့်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် သူတို့၏မျက်လုံးထဲရှိ သံသယကို မြင်လိုက်ရသည်။
“ ခင်ဗျားတို့ ပြောတာအကုန် ကျုပ်ကြားလိုက်တယ်။ ကျုပ်မှာ ကိစ္စတစ်ခုခုရှိနေလို့ ကျုပ် မထခဲ့တာ။ ”
ချန်လွေ့၏အကြည့် အဲလန်ဆီ ရောက်သွား၏။
“ နောက်ဆုံးစကားကို မပြောမိလိုက်ရင် မင်း စောစောသေရမှာ မဟုတ်ဘူး။ ”
ထိုအချိန်၌ ချန်လွေ့တွင် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်၏ အငွေ့အသက်မျိုး မရှိသော်လည်း အဲလန် ကြောက်ရွံ့နေမိသည်။ ဤကဲ့သို့ ရှင်းပြ၍မရသော ကြောက်ရွံ့မှုမျိုးသည် ထိုလူသား၏မျက်နှာမှလာသည်ဟု သူလုံးဝမထင်ထားခဲ့ပေ။ အဲလန်သည် ယိုးစွပ်မည့်အကြံအစည်ကို အာရုံမစိုက်နိုင်တော့ဘဲ အော်ပြောသည်။
“ သူ့ကိုသတ်လိုက်။ ”
ဆာရာဒို တုံ့ဆိုင်းမနေပေ။သူ၏ခန္ဓာကိုယ်ပေါ်၌ မီးတောက် တောက်လောင်သွားပြီး လက်ထဲ၌ ကောက်ရိတ်ဓားတစ်လက် ပေါ်ထွက်လာသည်။သူသည် ဝီခနဲနေအောင် ကောက်ရိတ်ဓားဖြင့် အားကုန် ရိုက်ချလိုက်သည်။သူသည် ချန်လွေ့ထံ၌ မမြင်နိုင်သောဖိအား ခံစားနေရသည်မှာ သေချာနေသည်။
ကောက်ရိတ်ဓားသည် ချန်လွေ့၏ခေါင်းပေါ်၌ ရုတ်တရက် ရပ်တန့်သွား၏။ ဆာရာဒို၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အလွန်အမင်း ကြောက်လန့်သွားသည်။ သူအားကုန် ခုတ်ချလိုက်သော ကောက်ရိတ်ဓားကို ထိုလူသားသည် လက်နှစ်ချောင်းဖြင့် ဖမ်းထားခဲ့သည်။ထို့ပြင် ဆာရာဒိုသည် လုံးဝလှုပ်၍မရတော့ပေ။
အဲလန်လည်း ရုတ်တရက် ထိတ်လန့်သွားသည်။ လက်နှစ်ချောင်းတည်းနဲ့...သူက အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းရဲ့ အားကုန်ရိုက်ချက်ကို အေးအေးဆေးဆေး ခုခံလိုက်နိုင်တယ်။
ဒီလိုစွမ်းအားမျိုးကို နတ်ဆိုးဘုရင်အဆင့် နီးပါးရောက်နေပြီဖြစ်တဲ့ အရတ်(စ်)တောင် မထုတ်ပြနိုင်ဘူး။
ဒါဆိုရဲ့ ဒီလူသားရဲ့ စွမ်းအားက.....
....အနည်းဆုံး နတ်ဆိုးဘုရင်အဆင့်ပဲ။
ဒါက လုံးဝမယုံနိုင်စရာပဲ။လူတိုင်းက အားနည်းတယ်လို့သိကြတဲ့ ဒီလူသားမှာ ဒီလိုမျိုး မယုံကြည်နိုင်စရာ စွမ်းအားတွေ ရှိနေတယ်။
ဆာရာဒို ထိတ်လန့်သွားပြီး အဲလန်ကို အော်ပြောလိုက်သည်။
“ အခု ပြေးတော့။ ”
အဲလန်သည် အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားသည်။ သူသည် ခြေထောက်ကို လှုပ်ရုံသာ လှုပ်နိုင်သည်။ နောက်ဆုံးအချိန်၌ သူ တယ်လီပို့ခုန်လိုက်ပြီး တံခါးဘေး၌ ပြန်ပေါ်ထွက်လာသည်။ သူ ထွက်မပြေးနိုင်ခင်မှာပင် ချန်လွေ့၏ပုံရိပ် အရင် ပေါ်ထွက်လာသည်။ ထို့နောက်တွင် အဲလန်သည် လည်ပင်း၌ နာကျင်မှုတစ်ခု ခံစားရလိုက်ပြီး သတိလစ်သွားတော့သည်။
တယ်လီပို့ ခုန်လိုက်တာပဲ။ ဆာရာဒို အံ့ဩသွားပြန်သည်။ ဤနေရာ၌ ဆက်နေလျှင် သူသည် အဲလန်ကို ကာကွယ်နိုင်ရုံသာမက သူကိုယ်တိုင်ပါ အသတ်ခံရတော့မည် ဖြစ်ကြောင်းကို ဆာရာဒို သိသည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် အခြားလမ်းကြောင်းသို့ တယ်လီပို့ ခုန်လိုက်၏။
သို့သော်လည်း ဆာရာဒိုအား ကူရာကယ်ရာမဲ့စေသည့် အရာတစ်ခု ဖြစ်ပျက်သွားသည်။ တယ်လီပို့ ခုန်ပြီးသွားသော ထိုလူသားသည် အမှန်တကယ်ပင် အံ့ဖွယ်ကောင်းလောက်အောင် တယ်လီပို့ ပြန်ခုန်ပြီး သူ၏အရှေ့၌ ပိတ်ရပ်ထားခဲ့သည်။
မဟာနတ်ဆိုး ပါရမီထက် ပိုအစွမ်းထက်တဲ့ နှစ်ဆင့် တယ်လီပို့ခုန်ခြင်းပဲ။ဒီလူသားက ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအားတွေ ဖုံးကွယ်ထားတာလဲ။ ဆာရာဒို၏ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ ထိုကဲ့သို့ အာရုံပျံ့လွင့်နေချိန်၌ ဆာရာဒိုသည် အဲလန်၏ခြေလှမ်းအတိုင်းလိုက်သွားရပြီး သတိလစ်သွားတော့သည်။
ချန်လွေ့သည် အနီးအနား ပတ်ဝန်းကျင်ကို ကြည့်ကြည်သည်။ထိုနေရာသည် စွန့်ပစ်ခံထားရသော အိမ်အိုကြီးတစ်လုံးဖြစ်သည်။ ဆာရာဒိုနှင့် အဲလန်တို့၏ အစီအစဉ်အရ ဆာဂီသည် မကြာမီတွင် ဤနေရာသို့ မျှားခေါ်ခံလာရမည် ဖြစ်သည်။ ထို့နောက် ရှေ့ဆက် အစီအစဉ်မှာ..... ချန်လွေ့အား ဆာဂီ သတ်ပစ်ပြီးနောက် ဆာဂီ၏လူသတ်မှုကို “ မျက်မြင်သက်သေ ” ဖြစ်စေရန်အတွက် ရှီရာနှင့် အစ်ဇဘယ်လာတို့ကိုလည်း ဤနေရာသို့ မျှားခေါ်လာမည် ဖြစ်သည်။
ချန်လွေ့သည် အဲလန်အား သရော်ပြုံးပြုံးရင်း ကြည့်လိုက်သည်။သူ၏မျက်လုံးထဲ၌ အဲလန်သည် အမြဲပင် လူပြက်တစ်ယောက် ဖြစ်နေခဲ့သည်။အဲလန်သည် ထိုကဲ့သို့ ယိုးစွပ်သည့် လျို့ဝှက်အကြံအစည်မျိုးကို စဉ်းစားနိုင်လိမ့်မည်ဟု ချန်လွေ့ လုံးဝမထင်မှတ်ထားခဲ့ပေ။ဤသို့ဆိုလျှင် ချန်လွေ့သည် အဲလန်၏သေဆုံးခြင်းကို အသက်ရှင်ခြင်းထက် ပိုမိုတန်ဖိုးရှိအောင် ပြုလုပ်လိုက်မည် ဖြစ်သည်။
ထိုသို့စဉ်းစားပြီးနောက် ချန်လွေ့သည် ခြေထောက်အောက်ရှိ ဆာရာဒိုကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် ချန်လွေ့၏ မျက်နှာပေါ်တွင် ထူးဆန်းသော မျက်နှာဖုံးတစ်ခု ပေါ်ထွက်လာပြီး မျက်လုံးများ ဝါဖျော့ဖျော့ အရောင် တောက်လာတော့သည်။
မကြာမီတွင် ဝင်းအပြင်ဘက်၌ ဆာဂီ၏ပုံရိပ် ပေါ်ထွက်လာသည်။
ဆာဂီသည် ဓားတစ်လက်ကိုင်ကာ ဝင်းထဲသို့ သေသေချာချာ လမ်းလျှောက်လာသည်။ ထို့နောက် မြေပြင်ပေါ်၌ လူတစ်ယောက် လဲနေသည်ကို တွေ့လိုက်ရသည်။ထိုသူသည် သတိလစ်နေဟန်တူသည်။
ခရမ်းရောင်လနှင့်အတူ ဆာဂီသည် ထိုသူ၏မျက်နှာကို မြင်သွားသည်။၎င်းမှာ သူအမုန်းတီးဆုံး လူသားဖြစ်သည်။ ဆာဂီ၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖျပ်ခနဲဖြစ်သွား၏။ သူသည် ရှေ့သို့ခြေ၂လှမ်း လှမ်းပြီး ရပ်တန့်သွားပြန်သည်။
ဆာဂီသည် အမြဲပင် မာနထောင်လွှားနေသည်။ အကြောင်းရင်းမှာ သူသည် အင်ပါယာ ဒုတိယဗိုလ်ချုပ်၏သားဖြစ်ပြီး ပါရမီရှင် မဟာနတ်ဆိုး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် သူ့တွင် မာနထောင်လွှားခွင့်ရှိသည်။ သို့သော်လည်း သူသည် မတုံးအပေ။ ငါ့ပြိုင်ဘက်က ဘာလို့ ဒီကိုရောက်နေရတာလဲ။ဒါက ထောင်ခြောက်တစ်ခုလား။
အစ်ဇဘယ်လာ၏အမိန့်သည် သူ၏နားထဲ၌ ပဲ့တင်သံထပ်နေသည်။သူသည် လေဒီ မိစ္ဆာထောင်ခြောက်၏အမိန့်ကို မဆန့်ကျင်ရဲပေ။ ထို့ပြင် သူသည် အစ်ဇဘယ်လာ၏ အမိန့်အတိုင်း မှော်ဆရာ ရဲတိုက်ဆီသို့ သတင်းလွှင့်ပြီးသွားပြီ ဖြစ်သည်။ခဏတာ တုံ့ဆိုင်းပြီးနောက် ဆာဂီ နောက်ဆုတ်သွားလိုက်သည်။
“ ဟမ့်။ငကြောက်။ဒီလူသားကို မင်းဘာလို့ မသတ်ရဲရတာလဲ။ ”
နောက်ဘက်မှ သုန်မှုန်နေသော အသံတစ်သံ ထွက်လာသည်။
ဆာဂီ ချက်ချင်းပင် နောက်လှည့်ကြည့်လိုက်ရာ သူ့ထက်ပို၍အစွမ်းထက်သော အငွေ့အသက်များ ထုတ်လွှတ်နေသည့် မဟာနတ်ဆိုးတစ်ယောက်ကို တွေ့လိုက်ရသည်။
ဒီမဟာနတ်ဆိုးကို တွေ့ဖူးသလိုပဲ။ မနေ့တုန်းက ငါသူ့ကို စစ်တန်းလျားမှာ တွေ့ခဲ့တယ်။ သူက ခါရွန်မိသားစုကပဲ။
“ ကျုပ်ကိုယ်ကျုပ် အရင်မိတ်ဆက်ပါရစေ။ကျုပ်နာမည်က ဆာရာဒိုပါ..... ”
ဆာရာဒို၏လက်ထဲ၌ ကောက်ရိတ်ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။
“ သေရတော့မယ့်လူတစ်ယောက်အတွက် သူ့ကိုသတ်မယ့်လူကို ပေးသိရတာ ကိစ္စမရှိပါဘူး။ ”
“ မင်းက ခါရွန်မိသားစုကလား။ ”
ပြိုင်ဘက်ဖြစ်သူသည် မိမိထက် ပို၍အစွမ်းထက်ကြောင်း သိသည့်အတွက် ဆာဂီ သတိထားနေ၏။
“ မင်းဘာလို့ ငါ့ကို သတ်ချင်တာလဲ။ ”
“ မနေ့တုန်းက စစ်တန်းလျားမှာ သခင်လေး အဲလန်က မစ်-အသီနာကို ပိုးပန်းနေတာ ခင်ဗျားတွေ့ခဲ့မှာပါ။ဒါပေမဲ့ ခင်ဗျားက လူပုံအလယ်မှာ မစ်-အသီနာကို အာကျယ်အာကျယ်နဲ့ ဖွင့်ပြောခဲ့တယ်။ ”
ဆာရာဒိုသည် မြေပြင်ပေါ်၌ လဲနေပြီး လှုပ်ရှားမှုမရှိသော ချန်လွေ့ကို တစ်ချက်ကြည့်လိုက်သည်။
“ ဒီလူသားက ခုနက ခင်ဗျားသတ်လိုက်ရင် ကျုပ်ထပ်ပြီးလုပ်စရာ မလိုတော့ဘူး။ လူသားကို ခင်ဗျားသတ်နေတဲ့ မှော်ရုပ်ရှင်ကို လူသိရှင်ကြားဖြစ်အောင် လုပ်လိုက်ရုံပဲ။ ကံမကောင်းတာကတော့ အခု ခင်ဗျားက ဒီလူသားနဲ့အတူ သေရတော့မယ်။ ”
အမှန်တကယ်၌ ချန်လွေ့ကို ဆာဂီ သတ်လိုက်လျှင်ပင် ဆာရာဒိုသည် ဆာဂီ၏ အာရုံစိုက်မှု ရရှိအောင် အသံတစ်ခုခု ပြုလိုက်မည်ဖြစ်သည်။
“ အဲလန်။အဲဒီ ခွေးကောင်။သူက ငါ့ကို အကွက်ဆင်ရဲတယ်ပေါ့။ ”
ဆာဂီသည် ပြိုင်ဘက်ဖြစ်သူ၏ လျို့ဝှက်ကြံစည်မှုကို ရုတ်တရက် သဘောပေါက် သွားပြီး အလွန်အမင်း ဒေါသထွက်သွား၏။
“ ခင်ဗျားနဲ့ လူသား အချင်းချင်း သတ်ကြတဲ့ အဖြစ်အပျက်ကို ဖန်တီးရတာ နည်းနည်းခက်ခဲပင်မဲ့လည်း ခင်ဗျားတို့နှစ်ယောက်စလုံး သေသွားမယ်ဆိုရင် မစ်-အသီနာကို ကျုပ်ရဲ့သခင်လေး ပိုင်ဆိုင်ရမှာပဲ။ ”
ဆာရာဒိုက ကောက်ရိတ်ဓားကို ဝှေ့ရမ်းရင်း ပြောလိုက်သည်။
“ သေပေတော့။ ”