Devil son in law - Chapter 202
အခန်း (၂၀၂) ဖိတ်စာ
ဘယ်ဖီဂေါ တော်ဝင်မိသားစု၏ [ မိစ္ဆာမျက်လုံး ] ကို နတ်ဆိုးဘုရားသခင်၏ ဘယ်မျက်လုံးဟု ခေါ်ကြသည်။ ၎င်းသည် “ဖောက်ထွင်းမြင်”နိုင်သည့် စွမ်းရည်ရှိသည်။ ယခင်က ချန်လွေ့ကို ရိုမန် မြင်သွားသကဲ့သို့ပင် ဖြစ်သည်။အသီနာသည် အဆိပ်နဂါးထံမှ အသက်အောင့်နည်း သင်ယူထားပြီး မိစ္ဆာမျက်ရည်ပြာကဲ့သို့ လျို့ဝှက်ရတနာတစ်ခု ဝတ်ထားသော်လည်း [ မိစ္ဆာမျက်လုံး ] ဖြင့် မမြင်နိုင်ကြောင်း အာမ မခံနိုင်ပေ။ ချန်လွေ့သည် အသီနာနှင့် အစ်ဇဘယ်လာတို့အား ကြာကြာပေးမတွေ့ချင်ပေ။ ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ စစ်တန်းလျားမှ ထွက်သွားလိုက်သည်။
ချန်လွေ့အား ဆာဂီကြည့်သည့်ပုံစံမှာ ပို၍ပင် မည်းမှောင်သွားသည်။ ရံဖန်ရံခါ ရက်စက်သော သတ်ဖြတ်ချင်စိတ်များ လက်ခနဲ ဖြစ်နေသည်။ မဟာနတ်ဆိုး အမျိုးသမီးတစ်ယောက်၏ သစ္စာရှိမှုကို လူသိများသည်။ အသီနာကို ထိုလူ လုံးဝပိုင်ဆိုင်သွားပုံရသည်။ ချန်လွေ့ကို သူ မသတ်လျှင် အသီနာသည် ဘဝတစ်လျှောက်လုံး အခြားယောက်ျားတစ်ယောက်ကို ချစ်လာမည် မဟုတ်ပေ။
ချန်လွေ့သည် ဆာဂီ၏ သတ်ဖြတ်ချင်စိတ်ကို သေချာသိသည်။သို့သော်လည်း ထိုကဲ့သို့ အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းကို အာရုံမစိုက်နိုင်ပေ။ ထို့ပြင် သူ၏ဘေး၌လည်း နတ်ဆိုးဘုရင်အဆင့် သက်တော်စောင့် ခါဂူရွန် ရှိနေသည်။ သူသည် လမ်းတစ်လျှောက်၌ အစ်ဇဘယ်လာအား သိသာထင်ရှားသော အချက်အလက်များနှင့် ပြောပြပြီး ရံဖန်ရံခါ အရွှန်းဖောက်သည်။ အစ်ဇဘယ်လာသည်လည်း ချန်လွေ့၏စိတ်သဘောဖြင့် ဆွဲဆောင်ခံရဟန်တူပြီး ရံဖန်ရံခါ ပြုံးနေသည်။
လှည့်ပတ်သွားလာပြီးနောက်တွင် ချန်လွေ့သည် အစ်ဇဘယ်လာနှင့် ဆာဂီတို့အား တော်ဝင်တည်းခိုခန်း ဝင်ပေါက်သို့ပို့ပေးပြီး ထွက်သွားသည်။ သူတို့နှစ်ဦး ဝင်းအတွင်း ရောက်သွားသည့်အခါ ဆရာသခင်ခမ့်(ပ်) အထဲမှ ထွက်လာ၏။ ထို့ကြောင့် စကားအနည်းငယ် တီးတိုးပြောလိုက်ရာ အစ်ဇဘယ်လာ ခေါင်းညိတ်လိုက်သည်။
“ မဒမ်။ချန်လွေ့ကို သတ်ဖို့ ခွင့်ပြုပေးပါ။ ”
ဆာဂီ ဦးညွှတ်လိုက်သည်။
“ ကျုပ် အသီနာကို ရမှဖြစ်မယ်။ ”
အစ်ဇဘယ်လာ ခေါင်းခါလိုက်ပြီး မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု ဖျပ်ခနဲ ဖြစ်သွားသည်။
“ သူ့ကို မထိနဲ့ဦး။ငါသူ့ကို စိတ်ဝင်စားတယ်။ ”
“ ဟုတ်ကဲ့။ ”
အမြဲပင် မာနထောင်လွှားနေသော ဆာဂီသည် အစ်ဇဘယ်လာရှေ့၌ လုံးဝမမောက်မာပေ။ အစ်ဇဘယ်လာ၏ “စိတ်ဝင်စားမှု”ကို ခံရခြင်းသည် မကောင်းကြောင်း သူသေသေချာချာ သိသည်။ လေဒီ မိစ္ဆာထောင်ခြောက်၏ ညှို့ဓာတ်ဖြင့် အလှည့်စား မခံရပါစေနှင့်။ ခင်ပွန်းဖြစ်သူအပါအဝင် အစ်ဇဘယ်လာ စိတ်ဝင်စားသော ယောက်ျားများအားလုံးသည် အရိုးပါမကျန် “အစားခံ” လိုက်ရသည်။
အစ်ဇဘယ်လာ ဆက်ပြောသည်။
“ အသီနာရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် တိုက်ရိုက် ပိုးပန်းတာက အသုံးမဝင်ဘူး။ မင်း နည်းဗျူဟာ နည်းနည်းလိုအပ်မယ်။ မင်း မှော်ဆရာခံတပ်ဆီ သတင်းလွှင့်လိုက်။ ပထမဗိုလ်ချုပ်က သူ့ရဲ့သမီး အားနည်းတဲ့လူသားတစ်ယောက်နဲ့ ချစ်ကြိုက်နေတာကို ထိုင်ကြည့်နေမှာ မဟုတ်ဘူးလို့ ငါထင်တယ်။အသေးစိတ်ကိုတော့ မင်းဘာသာမင်း ကိုယ်တွယ်ရမယ်။ ”
ဆာဂီ ပျော်ရွှင်ဝမ်းမြောက်သွားသည်။
“ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါပဲ။ ”
စမ်းသပ်ခန်းသို့ ချန်လွေ့ ပြန်ရောက်သည့်အခါ မှင်စာကို တွေ့သွားသည်။စလီသည် ချက်ချင်း ရောက်လာပြီး သူလုပ်ခဲ့သည်ကို ကြွားတော့သည်။
“ ခုနတုန်းက ခမ့်(ပ်)လို့ခေါ်တဲ့ ဆေးရည်ပညာရှင် တစ်ယောက်က ဆရာသခင် အဲဒက်(စ်)နဲ့ တွေ့ဖို့ခွင့်တောင်းနေတယ်။ သူ ကျွန်တော့်ကို အကြာကြီး သိမ်းသွင်းဖို့ကြိုးစားတယ်။ ပြီးတော့ သလင်းကျောက်နက်ဒင်္ဂါး တစ်ပြားနဲ့တောင် ကျုပ်ကိုမျှားခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော် ငြင်းခဲ့တယ်။ ”
သလင်းကျောက်နက်ဒင်္ဂါးအကြောင်း ပြောသည့်အခါ မှင်စာ တွန့်ဆုတ်နေသည်ကို ချန်လွေ့ မြင်ပြီး ထိုကပ်စေးနဲ ခမ့်(ပ်)သည် တစ်ခါမျှ ရက်ရောလေပြီဟု စိတ်ထဲ၌ မှတ်ချက်ပြုခဲ့သည်။ အရင်တုန်းကဆို သူက ခရမ်းသလင်းကျောက်ဒင်္ဂါး ၅၀နဲ့ အဆိပ်ဆေးညွှန်းကို လိုချင်ခဲ့တယ်။စောက်ရမ်း မရိုးသားတဲ့သူပဲ။
“ တော်တယ်။ဒါပေမဲ့ ပြောရမယ်ဆိုရင် အဲ့ဒီ ခမ့်(ပ်)က ဆေးရည်ပညာရှင် မဟုတ်ဘူး။ ဆေးရည်ဆရာသခင် တစ်ယောက်ပဲ။ မင်းက အရင်တစ်ခေါက်တုန်းက ဆရာသခင်စိန်ခေါ်ပွဲကို မသွားခဲ့ရဘူး။ ဆရာသခင်ခမ့်(ပ်)က မြို့တော်ရဲ့ ဆေးရည်ပညာရှင် အစည်းအရုံက ဒိုင်တစ်ယောက်ပဲ။ ”
ခမ့်(ပ်)သည် အမှန်တကယ်၌ ဆေးရည်ဆရာသခင်ဖြစ်နေလိမ့်မည်ဟု စလီ မထင်ထားခဲ့ပေ။ သူ ချက်ချင်းပင် ကြောက်သွား၏။ ထိုဆရာသခင်သည် သူ့အား ဆေးပညာ ဗဟုသုတများ သင်ပေးမည်ဖြစ်ကြောင်း အရိပ်အမြွက်များ ပေးခဲ့သည်ကို သတိရလိုက်ပြီး အလွန်အမင်း နောင်တ ရသွားသည်။ သို့သော်လည်း ဆရာသခင် အဲဒက်(စ်)ကို နှောင့်ယှက်မည်ဆိုလျှင် ယခုတွင် သူပို၍ နောင်တရနေမည် ဖြစ်သည်။
“ ခမ့်(ပ်)က ဆရာသခင် အဲဒက်(စ်)ကို ဘာလုပ်ဖို့ တွေ့ချင်တယ်လို့ ပြောလဲ။ ”
စလီ ပြန်ဖြေသည်။
“ သူက ဆရာသခင်ကို ပြိုင်ပွဲတစ်ခုခုမှာ ဝင်ပါဖို့ လာဖိတ်ချင်တဲ့ပုံပဲ။ကျွန်တော် သူ့ကို ဖိတ်စာ ထားခဲ့ဖို့ ပြောတယ်။ ဒါပေမဲ့ သူမလာယူဘူးလို့ ပြောတယ်။အဲ့ဒါနဲ့ သူ ထွက်သွားလိုက်ရတယ်။ ”
“ တော်တယ်။စလီ။ ”
ချန်လွေ့ လက်ဝှေ့ရမ်းလိုက်ကာ စလီထံသို့ အလင်တန်းတစ်ခု ပျံသန်းသွားသည်။စလီ ကြည့်လိုက်သည့်အခါ ၎င်းသည် သလင်းကျောက်နက်ဒင်္ဂါး တစ်ပြား ဖြစ်နေသည်။သူ အလွန်ပျော်ရွှင်သွားပြီး သခင်ဖြစ်သူ၏ ရက်ရောမှုအား ချီးမွမ်းတော့သည်။
နေ့လယ်၌ စစ်တန်းလျားမှ အသီနာ ပြန်လာသည့်အခါ မျက်နှာနီနေဆဲပင် ဖြစ်သည်။ဆာဂီနှင့် တိုက်ခိုက်ပြီးနောက် လူပုံအလယ် ချန်လွေ့အား အသီနာ နမ်းခဲ့သည့်အကြောင်း အတင်းအဖျင်းများသည် တစ်မြို့လုံးသို့ အရှိန်အမြန်ဆုံး ပျံ့နှံ့နေခဲ့သည်။ယခုတွင် အသီနာနှင့် ချန်လွေ့တို့၏ ပတ်သက်မှုသည် လုံးဝ လူသိရှင်ကြား ဖြစ်သွားပြီ ဖြစ်သည်။ လမ်းတစ်လျှောက်၌ အသီနာကို မြင်သည့်အခါ လူအများ တီးတိုးပြောနေကြတော့သည်။
“ ဒီနေ.... ငါနင့်ရဲ့ အစီအစဉ်ကို နှောင့်ယှက်မိသွားလား။ ”
အသီနာသည် ချန်လွေ့၏ မျက်နှာတည်တည်ကို မြင်ပြီးနောက် သေသေချာချာ မေးလိုက်သည်။
“ နည်းနည်းပေါ့။ ”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။
“ တောင်းပန်ပါတယ်။ ”
အသီနာ စိုးရိမ်သွားသည်။
“ ငါက အဲလန်နဲ့ ဆာဂီကို လက်လျှော့အောင် လုပ်ချင်ရုံပါ။ ”
“ အဲဒီအတွက် ပြန်ပြင်ဆင်ဖို့ အခု သိပ်ပြီးတော့ နောက်မကျသေးပါဘူး။ ”
“ ပြန်ပြင်ဆင်ဖို့ မနက်ကလိုမျိုး ငါနင့်ကို နမ်းရဦးမှာလား။ ”
အသီနာ ရုတ်တရက် ထိုင်ပြီး အသာလေး ပြုံးလိုက်သည်။
“ ဟမ့်။ငါ နှစ်ခေါက် အရူးလုပ်ခံမယ် ထင်နေလား။တစ်ကွက်တည်းနဲ့ အနိုင်ယူမခံဖို့ နင်ငါ့ကို ပြောခဲ့တယ်လေ။ ”
ထိုငတုံးမလေး ဉာဏ်ပိုကောင်းလာမည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ချန်လွေ့ ကိုးယိုးကာရား ရယ်ပြီး စိတ်ထဲ၌ဘရေရွလိုက်သည်။ အဲဒါက ထိရောက်မှုမရှိဘူးလို့ ဘယ်သူပြောလဲ။ ငါ့ရဲ့ နှုတ်ခမ်းတွေ၊ လျှာတွေနဲ့ လက်တွေကို အကြိမ်တိုင်း ကျေနပ်အောင် လုပ်နိုင်တာပဲမလား။
ထိုအချိန်၌ မှင်စာစလီ ရောက်လာပြန်သည်။
“ မြို့တော်က လာတယ်လို့ပြောတဲ့ လေဒီ အစ်ဇဘယ်လာ အမည်ရတဲ့ မိန်းမတစ်ယောက်က ချိန်းဆိုထားတဲ့အတိုင်း သခင့်နဲ့ လာတွေ့တာလို့ ပြောတယ်။ ”
အသီနာ မျက်မှောင်ကြုတ်ပြီး သံသယ ဖြစ်သွားသည်။
“ အဲဒီမိန်းမက ဘာလို့ နင့်ဆီ လာရတာလဲ။နင်တို့ သဘောတူထားတာ ဘာများလဲ။ ”
“ ငါက သူ့နဲ့ ဘာမှမဆိုင်ပါဘူး။ ”
ချန်လွေ့ ခပ်မြန်မြန် ပြောလိုက်သည်။
“ သက်လျာ မစ်-အသီနာ။ငါ ကျိန်ရဲပါတယ်။ ”
“ ဘာတွေ စိုးရိမ်နေတာလဲ။လိပ်ပြာမလုံတဲ့လူ။ ”
“သက်လျာ” ဟူသော စကားလုံးကို ကြားသည့်အခါ အသီနာ ရှက်သွားသည်။
“ ငါနင့်ကို သံသယဖြစ်တာ မဟုတ်ပါဘူး။ဒါပေမဲ့ ငါနင့်ကို သတိပေးရမယ်။မြို့တော်က လူသုံးယောက်ကို သတိထားဖို့ ငါ့အဖေ ပြောဖူးတယ်။ ပထမတစ်ယောက်က နီရို။ ဒုတိယ တစ်ယောက်က ခရိုဘဲလက်(စ်)။ နောက်ဆုံးက အစ်ဇဘယ်လာ။ အဲဒီမိန်းမက ပန်းတစ်ပွင့်လိုမျိုး လှပတယ်။ ဒါပေမဲ့ သူ့ရဲ့နှလုံးသားက ကင်းမြှီးကောက်လိုမျိုးပဲ။ အဲဒါကြောင့် သူ့ကို အထင်မသေးမိစေနဲ့။ ”
“ သိပါပြီ။ ”
ချန်လွေ့က ပြောသည်။
“ မင်းအသက်အောင့်တာကို မကျွမ်းသေးဘူး။ပြီးတော့လည်း မိစ္ဆာမျက်ရည်ပြာကို အဲ့ဒီမိန်းမ မမြင်စေနဲ့။မင်း ဒီနေ့ အလုပ်ကြိုးစားခဲ့တာပဲ။အရင်ဆုံး အခန်းထဲမှာ ကောင်းကောင်းနားလိုက်ဦး။ငါသူနဲ့ နောက်တော့ ရှင်းလိုက်မယ်။ ”
အသီနာ ခေါင်းညိတ်ပြီး အခန်းထဲ ဝင်သွားသည်။
ခဏအကြာ၌ ခရမ်းရောင် စကတ်နှင့် လေးထောင့် နားကပ်နှစ်ကွင်း ဝတ်ထားသော အစ်ဇဘယ်လာသည် ချန်လွေ့ရှေ့သို့ ရောက်ရှိလာသည်။သူသည် အဝတ်အစား အကြောင်း သေချာဂရုစိုက်သည်။ သူတို့ တွေ့သည့်အခါတိုင်း အဝတ်အစား မတူပေ။ လိုလီလေး “သဘောကျသော” လည်ဆွဲသည် အစ်ဇဘယ်လာ၏ ရင်ဘတ်ပေါ်ရှိ ကွဲကြောင်းနေရာ၌ မြုပ်ဝင်နေပြီး အနည်းငယ် ပို၍ ဆွဲဆောင်မှု ရှိစေသည်။
“ မစ္စတာ ချန်လွေ့။ကျွန်မတို့ တွေ့ကြပြန်ပြီ။ ”
အစ်ဇဘယ်လာက ကျက်သရေရှိရှိနှင့် ခေါင်းညိတ်ပြလိုက်သည်။
“ ကျွန်မ မလာခင် သတင်းမပေးမိတာ သိပါတယ်။ဒါပေမဲ့ အဲ့ဒီလှပတဲ့ ဝေါ့(ဇ်)အက အကြောင်း မစဉ်းစားဘဲ မနေနိုင်လို့ ကျွန်မ လာနှောင့်ယှက်မိသွားတာပါ။ ”
“ ကိစ္စမရှိပါဘူး။ ”
ချန်လွေ့ ပြုံးနေရင်း စာအုပ်ငယ်လေး တစ်အုပ် ထုတ်လိုက်သည်။
“ ဝေါ့(ဇ်)အကရဲ့ အခြေခံ လိုအပ်ချက်တွေကို ဒီထဲမှာ ပုံနဲ့ရောစာနဲ့ရော ထည့်ထားပေးတယ်။ ခုနကပဲ ရေးပြီးသွားတာ။အခုတော့ မဒမ်ကို ပေးမယ်။မဒမ် ဒါကိုပြန်ယူသွားပြီးတော့ ဖြည်းဖြည်းချင်း လေ့ကျင့်လို့ ရပါတယ်။ ”
အစ်ဇဘယ်လာ၏မျက်လုံးများ လှုပ်ရှားသွား၏။သူသည် စာအုပ်ငယ်လေးကို မယူဘဲ ခေါင်းခါလိုက်သည်။
“ ကြည့်ရတာ မစ္စတာချန်လွေ့က ကျွန်မနားကပ်ဖို့ တွန့်ဆုတ်နေသလိုပဲ။ကျွန်မကို နိမိတ်မကောင်းတဲ့ မုဆိုးမလို့ ထင်လား။ ”
“ မဒမ်။ ခင်ဗျားက ခမ်းနားကြီးကျယ်ပြီးတော့ နာမည်ကျော်ကြားပါတယ်။ခင်ဗျားမှာ ကြီးမားတဲ့ အာဏာလည်းရှိတယ်။ ခင်ဗျားကို ဘရင်ခံကလည်း တန်ဖိုးထားတယ်။ ခင်ဗျားက ဘယ်လိုလုပ် နိမိတ်မကောင်းတဲ့သူ ဖြစ်ရမှာလဲ။ ”
အစ်ဇဘယ်လာ သက်ပြင်းချပြီး မျက်လုံးထဲ၌ ဝမ်းနည်းမှုတစ်ခု ပေါ်လာသည်။သူ သူ့ကိုယ်သူ လှောင်ပြောင် သရော်လိုက်သည်။
“ လူတွေအများကြီးက ကျွန်မကို လေဒီ မိစ္ဆာထောင်ခြောက်လို့ ခေါ်ကြတာ သိပါတယ်။ဒါပေမဲ့ သူတို့မသိတာက မိစ္ဆာထောင်ခြောက်မှာ အဆိပ်အတောက်ဆိုတဲ့ အကာကွယ်သာမရှိရင် ညှိုးခြောက်သွားပြီ ဆိုတာပဲ။ ”
ချန်လွေ့သည် ဘယ်ကမှန်းမသိ စာနာစိတ် ပေါ်ထွက်လာပြီး သတိတရား ရုတ်တရက် လျော့သွားသည်။အစ်ဇဘယ်လာသည် အစွမ်းထက်လှသည်ဟု ချန်လွေ့ စိတ်ထဲ၌ တွေးမိလိုက်သည်။
“ ဝေါ့(ဇ်)က ကိုယ်ရေးကိုယ်တာ ကိစ္စပါပဲ။မစ္စတာ ချန်လွေ့မှာ ကျွန်မကို သင်ပေးဖို့ အချိန်မရှိဘူးဆိုတော့လည်း နောက်တစ်ခေါက်မှပေါ့။ ”
အစ်ဇဘယ်လာသည် စာအုပ်ငယ်လေးကိုယူပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည် ကြော့ရှင်းသွားသည်။
“ အခုတော့ အလုပ်ကိစ္စအကြောင်း ပြောတာပေါ့။ကျွန်မ ဆရာသခင် အဲဒက်(စ်)နဲ့ တွေ့ချင်တယ်။သူ့ကို သွားပြောပေးလို့ရမလား။ ”
“ ဆရာက အခု တံခါးပိတ်ပြီးတော့ ဆေးရည်တစ်မျိုးကို လေ့လာနေတယ်။ပြီးတော့ အရေးကြီးတဲ့ အခိုက်အတန့်ကိုလည်း ရောက်နေပြီ။ အဲဒါကြောင့် ကျုပ်တောင် သူ့ကို မနှောင့်ယှက်ရဲဘူး။ ”
“ ဒါက ဖိတ်စာပါ။ ”
အစ်ဇဘယ်လာသည် ရွှေရောင် မှော်ပိုစတာတစ်ခု ထုတ်ပြီး ချန်လွေ့အား ကမ်းပေးလိုက်သည်။
“ နောက်၆လနေရင် မြို့တော်မှာ နှစ်၅၀၀ကြာတိုင်း ကျင်းပတဲ့ ဆေးရည်ဆရာသခင် ပြိုင်ပွဲကြီး ကျင်းပလိမ့်မယ်။အဲ့ဒီအချိန်ကျရင် နာမည်ကြီး ဆေးရည်ဆရာသခင် အများအပြား ပါဝင်လိမ့်မယ်။ဆရာသခင် အဲဒက်(စ်)ရဲ့ ဆေးပညာအပေါ် စိတ်နှစ်မြှုပ်မှုအတိုင်းဆိုရင် သူက ဒီလိုမျိုး ပညာရပ်ဖလှယ်တဲ့ ပြိုင်ပွဲမျိုးကို လွဲချော်မှာ မဟုတ်ဘူး။ ”
ခမ့်(ပ်) ပြောသည့် ပြိုင်ပွဲဆိုသည်မှာ ဆင်ခြေတစ်ခုသာ ဖြစ်မည်ဟု ချန်လွေ့ ထင်နေခဲ့သည်။ သို့သော်လည်း ၎င်းသည် အမှန်တကယ် ဖြစ်နေသည်။ချန်လွေ့ ပြောလိုက်သည်။
“ အင်ပါယာသုံးခုစလုံးက ဆေးရည်ဆရာသခင်တွေရော ပါဝင်မှာလား။ ”
ခမ့်(ပ်)တွင် အခြားအကြံအစည် ရှိပုံရသည်။သို့သော်လည်း သူအငြင်းခံလိုက်ရသည်။ ထို့ကြောင့် ယခုတွင် အစ်ဇဘယ်လာက တကယ့်ဖိတ်စာကို လာပေးခြင်းဖြစ်သည်။
“ အင်ပါယာသုံးခုဝင် မဟုတ်ဘူး။တစ်ကိုယ်တည်း ဆရာသခင်တွေကိုရော၊ တိုင်းပြည်မဲ့ ဆရာသခင်တွေကိုရော ဖိတ်ထားတယ်။ ”
အစ်ဇဘယ်လာက တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။
“ နတ်ဆိုးဘုံမှာ ဆေးရည် မဟာဆရာသခင် မရှိတာ တော်တော်ကြာပြီ။ဒီတစ်ခေါက် ပြိုင်ပွဲကို ဆေးရည်ပညာရှင် အစည်းအရုံးကလည်း ခိုင်ခိုင်မာမာ ထောက်ပံ့ထားကြတယ်။ ရည်ရွယ်ချက်က နတ်ဆိုးဘုံရဲ့ ဆေးပညာကို ပညာရပ်ဖလှယ်ပြီးတော့ နောက်တစ်ဆင့် တက်လှမ်းနိုင်အောင်ပဲ။ဒီကနေ စစ်မှန်တဲ့ ဆေးပညာ ဆရာသခင်တစ်ယောက်တောင် ဖြစ်ထွန်းလာနိုင်တယ်။ ”
“ စိတ်မပူပါနဲ့။မဒမ်။ကျုပ် ဒီဖိတ်စာကို ဆရာ့ဆီ သေချာပေါက် ပို့ပေးလိုက်ပါ့မယ်။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ ဒီဆရာသခင်များ စိန်ခေါ်ပွဲက ဆေးပညာမှာ ခမ်းနားကြီးကျယ်တဲ့ ပွဲတစ်ပွဲပဲ။ အဲဒက်(စ်) သေချာပေါက် ဝင်ပြိုင်လိမ့်မယ်။
“ ဒါဆိုလည်း ကျွန်မ ဒီမှာဆက်စရာ မရှိတော့ပါဘူး။ ”
အစ်ဇဘယ်လာ မတ်တပ်ရပ်ပြီး ချိုချိုသာသာ ပြုံးကာ တီးတိုးပြောလိုက်သည်။
“ ရှင်ကျွန်မကို မသင်ပေးချင်တာက အသီနာ ခိုးနားထောင်နေလို့လား။ သူ သဝန်တိုမှာကို ကြောက်လို့လား။ရှင်ပြောတဲ့ “အရာအားလုံးကို ချစ်မြတ်နိုးတဲ့” ရင်ခွင်ကို ကျွန်မ မတွေ့သလိုပဲ။ ”
ချန်လွေ့ တိုးတိုးလေး ရယ်လိုက်သည်။ အစ်ဇဘယ်လာ၏ရယ်သံက ပို၍ပင် ဆွဲဆောင်မှုရှိနေသည်။
“ တကယ်တော့ ကျွန်မမှာ ဒီနေ့ ရှင်နဲ့မျှဝေဖို့ လျို့ဝှက်သတင်းတွေ ရှိတယ်။ ပြောရမယ်ဆိုရင် ... နတ်ဆိုးဘုံက လူသားတွေ အကြောင်းပေါ့။အဲဒီလူသားတွေမှာ အပေါ်ဘက် လောကကို ပြန်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်။ ”
ချန်လွေ့ အမှန်တကယ် အံ့အားသင့်သွားသည်။ နတ်ဆိုးဘုံ၌ လူသားများရှိကြောင်းကို ဂလော်ဖင်းထံမှ ချန်လွေ့ ကြားခဲ့ဖူးသည်။ သို့သော်လည်း လူသားများသည် အပေါ်ဘက်လောကသို့ ပြန်နိုင်သည်ဟူသော အကြောင်းကိုမူ ယခုမှ ကြားဖူးခြင်း ဖြစ်သည်။
“ ဒါဆို မဒမ်ကို နတ်ဆိုးဘုံမှာရှိတဲ့ လူသားတွေအကြောင်း ပိုပြီးတော့ မေးလို့ရမလား။ ”
အစ်ဇဘယ်လာ၏အပြုံးသည် ပို၍ပင် ဆွဲဆောင်မှုအား ကောင်းလာသည်။
“ ရတာပေါ့။ဒါပေမဲ့ ဘေးအခန်းမှာ နောက်ထပ်မိန်းမတစ်ယောက် ပုန်းနေတဲ့အချိန် စကားပြောရတာကို မကြိုက်ဘူး။ ရှင် စိတ်ဝင်စားတယ်ဆိုရင်တော့ မနက်ဖြန်မနက်..... ဒါမှမဟုတ် ညနေပိုင်း လေးနာရီလောက်ပေါ့။ ကျွန်မရှင့်ကို တော်ဝင်တည်းခိုခန်းမှာ စောင့်နေမယ်။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီလေ။ကျုပ် လာခဲ့မယ်။မဒမ်ကို ကျုပ် လိုက်ပို့ပေးပါရစေ။ ”
ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ ခြေသံများ ထွက်လာသည်။၎င်းမှာ အလုပ်မှပြန်လာသော ခီရာ ဖြစ်နေသည်။ စမ်းသပ်ခန်းထဲ၌ ဤကဲ့သို့ လှပသော မိန်းမတစ်ယောက် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ အံ့အားသင့်သွားသည်။
အစ်ဇဘယ်လာလည်း အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ဆွဲဆောင်မှုရှိပြီး လှပသော အစေခံကို သေချာစစ်ဆေးကြည့်လိုက်သည်။ ထိုအစေခံ၏ အသွင်အပြင်သည် မိမိထက် မနိမ့်ကျကြောင်း အစ်ဇလယ်လာ ဝန်ခံရပေမည်။ထို့ပြင် အစေခံဝတ်စုံသည်လည်း တစ်မျိုးတစ်ဖုံ ဆွဲဆောင်နိုင်လေသည်။
“ တကယ့်ကို အံ့အားသင့်စရာပဲ။ အရာရှိရဲ့အိမ်မှာ အသီနာအပြင် ဒီလိုမျိုး မိန်းမလှတစ်ယောက် ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ ”
အစ်ဇဘယ်လာက ချန်လွေ့ကို ဖျပ်ခနဲကြည့်ပြီး အဓိပ္ပာယ်နှစ်ခွနှင့် ပြောလိုက်သည်။
“ ကျွန်မရှင့်ကို အထင်သေးခဲ့မိပုံပဲ။ ”
အစ်ဇဘယ်လာနှင့် ခီရာတို့ အချင်းချင်း ဖြတ်လျှောက်မိသွားစဉ် အစ်ဇဘယ်လာ၏ ဘယ်မျက်လုံး အရောင်လက်ခနဲ ဖြစ်သွားကာ ခီရာ အနည်းငယ် မူးဝေသွားသည်။ အစ်ဇဘယ်လာ၏ ဘယ်မျက်လုံးရှိ အလင်းရောင် ပျောက်ကွယ်သွားသည့်အခါ ခီရာ ပုံမှန်ပြန်ဖြစ်သွား၏။
အစ်ဇဘယ်လာ ထပ်လှည့်မကြည့်တော့ပေ။သို့သော်လည်း သူ၏လှပသော မျက်လုံးထဲ၌ သံသယ အရိပ်အယောင်များ ရှိနေသည်။ သို့သော်လည်း ယခုတစ်ခေါက် သူ၏ရည်ရွယ်ချက် ပြည့်မြောက်သွားလေပြီ။ သူ၏လက်ထဲရှိ နတ်ဆိုးဘုံအတွင်း လူသားများအကြောင်း လျို့ဝှက်ချက်နှင့်ဆိုလျှင် ထိုလူသား ငါးစာလာမဟပ်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။