- Chapter 201

အခန်း (၂၀၁) အသီနာ နှင့် ဆာဂီ 


စမ်းသပ်ခန်းသို့ ချန်လွေ့ ပြန်ရောက်လာသည့်အခါ  ၂ရက် တံခါးပိတ် လေ့ကျင့်ပြီးနောက် ပြိုင်ကွင်းမှ ပြန်လာသော အသီနာနှင့် တွေ့သွားသည်။


“ အသီနာ။မင်း နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ရောက်သွားပြီလား။ ”

ချန်လွေ့သည် အသီနာထံ၌ ထူးခြားသော အငွေ့အသက်တစ်ခု ခံစားလိုက်ရပြီး တအံ့တဩနှင့် မေးလိုက်သည်။


အသီနာ ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်၏။ချန်လွေ့၏မျက်လုံးများ ပြူးသွားသည်။ မြန်လိုက်တာ။ သူညစ်ထားတာလား။ဒီအတိုင်းသာဆိုရင်တော့ ဒီကောင်မလေး အသက်၂၀ ပြည့်သွားရင် သေချာပေါက် မဟာနတ်ဆိုးဘုရင်အဆင့် ရောက်သွားမှာပဲ။ 


“ ဂုဏ်ပြုဖို့အတွက်.... ”

ချန်လွေ့ ပြုံးဖြီးဖြီးလုပ်ရင်း အသီနာရှေ့သို့ တယ်လီပို့ခုန်ကာ ပွေ့ဖက်လိုက်သည်။

“ တရားမျှတမှုနဲ့ အချစ်ကို ကိုယ်စားပြုတဲ့ အနမ်းနဲ့ မင်းကို ဆုချဖို့ ဆုံးဖြတ်လိုက်ပြီ။ ”


အသီနာ ရှက်သွားပြီး ရှောင်လိုက်သည်။ချန်လွေ့သည် ၎င်းအတွက် ပြင်ဆင်ထားပြီး ဖြစ်သည့်အတွက် နောက်တစ်ခါ တယ်လီပို့ခုန်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ချန်လွေ့ နှုတ်ခမ်းစူပြီး အသီနာ၏မျက်နှာနား ကပ်လာ၏။

“ မိန်းမလှလေး။အရှုံးပေးလိုက်ပါတော့။ ”


အသီနာ ရှက်ရှက်နှင့်တွန်းထုတ်လိုက်ရာ ချန်လွေ့ခန္ဓာကိုယ် လွင့်စင်သွားပြီး နံရံနှင့် ဝုန်းခနဲ တိုက်သွားတော့သည်။ အသီနာ လန့်သွား၏။သူသည် ချန်လွေ့နားသို့ အလျင်အမြန် တယ်လီပို့ခုန်ပြီး ထူပေးလိုက်သည်။


ချန်လွေ့ အနည်းငယ် ဆွံ့အသွားသည်။ အသီနာ ပိုပြီး အစွမ်းထက်လာတာက ကောင်းတဲ့ကိစ္စပါပဲ။ပြဿနာကတော့ အခုဆိုရင် သူ့ကို နည်းနည်းထိဖို့တောင် ခက်ခဲသွားပြီ။ [ မီးသင့်နဂါးဝင်စီးခြင်း ] နဲ့ဆို အသီနာရဲ့စွမ်းအားနဲ့ ယှဉ်နိုင်ရုံ ဖြစ်ပင်မဲ့လည်း အဲ့ဒီလိုအကွက်ကြီးက နောက်စရာ မဟုတ်ဘူး။အနမ်းတစ်ပွင့်ကြောင့် အဆောက်အအုံ ပျက်စီးမယ်ဆိုရင် လှုပ်ရှားမှုကလည်း ကြီးမားလွန်းလို့ပဲ။ 


“ တောင်းပန်ပါတယ်....။ငါ တမင်လုပ်တာ မဟုတ်ပါဘူး။အဆင့်တက်သွားတော့ ငါ့ရဲ့စွမ်းအားကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးလို့ဖြစ်မယ်။ ”


ချန်လွေ့၏ ဝမ်းနည်းနေသောမျက်နှာကို မြင်သွားသည့်အခါ အသီနာ၏စိတ်ထဲ၌ အပြစ်ရှိသလို ခံစားသွားရသည်။ အမှန်တကယ်၌ သူသည် ထိုကဲ့သို့ ပွတ်သီးပွတ်သပ်နေခြင်းကို သဘောကျသည်။သို့သော်လည်း မိန်းကလေးတစ်ယောက် ဖြစ်သည့်အလျောက် သူသည်ဣန္ဒြေနှင့်နေရမည်ဖြစ်သည်။ထို့အပြင် ထိုသူ၏ မျက်နှာသည် တစ်ခါတစ်ရံ၌ အရေထူလှသည်။


“ မင်း တမင်လုပ်တာဆိုရင် ငါသေသွားပြီ။  ”

ချန်လွေ့ သက်ပြင်းချလိုက်သည်။ မဖြစ်ဘူး။ငါ့ရဲ့ အနာဂတ် ကာမဘဝကိုရဖို့အတွက် [ စိတ်သန့်စင်ခြင်း ] စမ်းသပ်ချက်ကို အောင်မြင်ရတယ်။[ အလီယော့သ် ] အခြေအနေကို အမြန်ဆုံးရောက်အောင် လုပ်ရမယ်။ 


“ စိတ်မဆိုးပါနဲ့။....နောက်တစ်ခေါက် ပြန်နမ်းခွင့် ပေးမယ်လေ..... ”


“ တကယ်လား။ဒီတစ်ခေါက် မရုန်းရဘူးနော်။ ”


“ ဝုန်း ”

နံရံဆီသို့ လေးလံသော အရာဝတ္ထုတစ်ခု တိုက်မိသွားသောအသံ ထွက်လာပြန်သည်။


“ အသီနာ။မင်း ငါ့ရဲ့ သန့်စင်တဲ့ အပြစ်မဲ့တဲ့ နှလုံးသားလေးကို ညာတယ်။ ”


“ နင်ပဲ ဟိုကိုင်ဒီကိုင် လုပ်နေတာလေ။ ”


“…”


“ တောင်းပန်ပါတယ်။ဒီတစ်ခေါက်တော့.... ”


“ ဘုန်း ”


“ ဘုန်း “


“ ဘုန်း “


တစ်စုံတစ်ယောက်၏အသံသည် အနည်းငယ် ရှိုက်သံပေါက်သွားသည်။

“ အသီနာ။မင်းင့ါကို ဒီလိုမျိုး မကစားနဲ့လေ။ ”


ထိုအချိန်၌ မှင်စာ စလီသည် တူတစ်ချောင်းနှင့် ပြေးဝင်လာသည်ကို ချန်လွေ့ မြင်လိုက်သည်။

“ သခင်။သခင်တို့က နံရံကို ဖြိုနေတယ်လို့ ဘေးအခန်းမှာရှိတဲ့ ခီရာပြောတယ်။အဲ့ဒါကို တစ်ခုခုကိုင်ပြီး သွားကူဖို့ သူကျွန်တော့်ကိုပြောလိုက်တယ်... ”


အသီနာ ရှက်သွားပြီး စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ထို့နောက် ချန်လွေ့အား မျက်စောင်း ထိုးပြီး မိမိအခန်းထဲသို့ လမ်းလျှောက်သွားလိုက်သည်။မှင်စာသည် အခြေအနေမဟန်ကြောင်း သတိထားမိသွားသည်။ခီရာ၏ထောင်ခြောက်ထဲ ကျသွားကြောင်း သူသိလိုက်ပြီး အလျင်အမြန် ထွက်ပြေးတော့သည်။အခန်းထဲမှ အမှန်တကယ် ဒေါပွနေသော တစ်စုံတစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး အခန်းထောင့်၌ထိုင်ကာ စက်ဝိုင်းဆွဲနေ၏။


ကြည်နူးစရာကောင်းပြီး အံ့ဩဖွယ်ရာကောင်းသော ညတစ်ည ပျက်စီးသွားခဲ့လေပြီ။


နောက်တစ်နေ့နံနက်၌ ချန်လွေ့သည် အစ်ဇဘယ်လာတို့အဖွဲ့အား အမှောင်လမြို့ ပတ်ဝန်းကျင်နှင့် ရင်းနှီးစေရန်အတွက် အဖော်လိုက်ပေးရန် ရှီရာထံမှ အမိန့်ကို ရရှိခဲ့သည်။ချန်လွေ့အား အဖော်အဖြစ် ပါဝင်ရန်မှာ အစ်ဇဘယ်လာ၏ တောင်းဆိုချက်တစ်ခု ဖြစ်သည်။သို့သော်လည်း ငြိမ်ဝပ်ပိပြားရေးအရာရှိ ဖြစ်သည့်အလျောက် အစ်ဇဘယ်လာက သူ့ကို အဖော်လိုက်ခိုင်းသည်ကို နားလည်၍ရပေသည်။ယမန်နေ့က အရှက်ခွဲမှုအား ဆာဂီ ပြန်လက်စားချေမည်ကို ကာကွယ်ရန်အတွက် ရှီရာသည် အင်ပါယာအစောင့် အဖွဲ့ခေါင်းဆောင် ခါဂူရွန်အား အကာအကွယ်ပေးရန် အကြောင်းပြချက်ဖြင့် လွှတ်လိုက်၏။

 

လမ်းတစ်လျှောက်၌ အစ်ဇဘယ်လာသည် မကြာမကြာ မေးခွန်းများမေးသည်။သူသည် ချန်လွေ့အား အတည်မှတ်ယူနေပုံရသည်။ဆာဂီသည် မျက်နှာ မည်းမှောင်ပြီး တိတ်ဆိတ်နေ၏။သူသည် ယ‌မန်နေ့ကကဲ့သို့ တစ်ခါမျှ အရှက်ကွဲ မခံခဲ့ရဖူးချေ။သူသည် အမှန်တကယ်ပင် ဒေါသကြောင့် သွေးအန်သွားခဲ့ရသည်။ချန်လွေ့၏ အဆင့်အတန်းကြောင့်သာ မဟုတ်လျှင်၊ သူတို့ အမှောင်လမြို့၌ ရှိနေသည် မဟုတ်လျှင် ဆာဂီသည် ချန်လွေ့အား အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲလိုက်မည် ဖြစ်သည်။

 

ကော်မရှင်အဖွဲ့ဝင်များထဲ၌ ဆရာသခင်တာတာနှင့် ဆရာသခင်ခမ့်(ပ်)တို့ မရှိကြောင်း ချန်လွေ့ သတိထားမိလိုက်သည်။ယန္တရားပညာရပ်အား အမြဲ အာရုံစိုက်နေသည့် ဆရာသခင်တာတာ ဆိုလျှင် အဆင်ပြေသေးသည်။သို့သော် ဆရာသခင်ခမ့်(ပ်) ပျောက်နေခြင်းသည် မကောင်းသည့်တစ်ခုခု ဖြစ်လာနိုင်ပေသည်။


စစ်တန်းလျားနယ်မြေသို့ လမ်းလျှောက်သွားပြီးနောက် အစ်ဇဘယ်လာက လှည့်လည်ရန် ရုတ်တရက် တောင်းဆိုလာသည်။ချန်လွေ့အတွက်လည်း ငြင်းရန် မကောင်းသည့်အတွက် ဆာဂီနှင့် အစ်ဇဘယ်လာတို့အား စစ်တန်းလျားဆီသို့ ခေါ်သွားသည်။


စစ်တန်းလျားထဲ၌ အစောင့်များကို အသီနာနှင့် အရတ်(စ်)တို့ လေ့ကျင့်ပေးနေကြသည်။ အဲလန်လည်း စစ်တန်းလျား၌ ပန်းတစ်စည်းကိုင်ကာ ရှိနေသည်ကို ချန်လွေ့ အံ့အားသင့်သွားသည်။အဲလန်၏ဘေးတွင် အမြဲကာကွယ်ပေးလေ့ရှိသော ခါရွန်မိသားစုမှ အစွမ်းထက်ဆုံး အမြင့်ဆင့်နတ်ဆိုးဖြစ်သည့် ဆာရာဒို ရှိနေသည်။ထိုသူသည် အသီနာအား လက်မလျှော့သေးပုံရသည်။


အဲလန်၏အဖေ လီဂူခါရွန်သည် အစ်ဇဘယ်လာ၏ အမည်ခံ သူဌေးဖြစ်သည်။ အစ်ဇဘယ်လာပြုံးလိုက်ပြီး ရောက်လာသောအဲလန်ကို နှုတ်ဆက်လိုက်သည်။ အဲလန်လည်း အစ်ဇဘယ်လာကို လျစ်လျူမရှုရဲဘဲ ပြန်အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် ချန်လွေ့အား မုန်းတီးစွာဖြင့် ကြည့်သည်။ဆာဂီလည်း အဲလန်ကို အထင်သေးနေပုံရသည်။ထို့ကြောင့် အဲလန်အား ဂရုမစိုက်ခဲ့ပေ။


လေ့ကျင့်ရေးကာလ တိုးတောင်းနေသေးသည့်အတွက် အစောင့်များ၏ အရည်အသွေး သိသိသာသာ မတိုးတက်လာသေးပေ။ပျင်းရိသော အမူအကျင့်များနှင့် နိမ့်ပါးသော တိုက်ခိုက်ရေး စွမ်းအားတို့က အင်ပါယာအစောင့် ခေါင်းဆောင် ခါဂူရွန်ကို ခေါင်းခါမိသွားစေသည်။


“ ဒါက အမှောင်လရဲ့ မြို့စောင့်တပ်လား။ ”

ဆာဂီ၏ တမင်တကာ မြှင့်တင်ထားသော လှောင်ရယ်သံသည် စစ်တန်းလျား တစ်လျှောက်လုံး ပဲ့တင်ထပ်သွား၏။

“ ကျုပ်ရဲ့ ကြက်သွေးနီ နတ်ဆိုးဗိုလ်ခြေ အယောက်၁၀၀လောက်နဲ့ဆိုရင်တောင် ဒီအမှိုက်တွေကို လုံးဝသုတ်သင်နိုင်တယ်။ ”


အစောင့်များ မခံမရပ်နိုင်ဖြစ်သွားသော်လည်း အရတ်(စ်)၏ ညွှန်ကြားမှုအောက်တွင် မဆင်မခြင် မလုပ်ရဲသည့်အတွက် ဆက်လက် လေ့ကျင့်နေလိုက်ကြသည်။ချန်လွေ့က ပြောသည်။

“ အရှက်ရစေတဲ့အတွက် တောင်းပန်ပါတယ်။ဗိုလ်ချုပ်ဆာဂီ။အစောင့်တွေက အမှောင်လမြို့ကို စောင့်ကြပ်ဖို့နဲ့ မြို့ထဲက ရာဇဝတ်သားတွေကို နှိမ်နင်းဖို့ပဲ လိုတာပါ။သူတို့က ဘယ်လိုလုပ်ပြီးတော့ အင်ပါယာရဲ့ လက်ရွေးချယ် ကြက်သွေးနီ နတ်ဆိုးဗိုလ်ခြေနဲ့ ယှဉ်နိုင်မှာလဲ။ ”


အစ်ဇဘယ်လာကဲ့သို့ လူများအရှေ့၌ အစောင့်များ အခြေအနေ ပိုဆိုးလေလေ ပိုကောင်းလေလေ ဖြစ်သည်။ယခုတွင် ဝတ်ရုံဂိုဏ်းကြောင့် စစ်တပ်ရေးရာသာမက စီးပွားရေးနှင့်လုပ်ငန်းရေးရာ၌ လည်း “ကသောင်းကနင်း” ဖြစ်နေသည်။ သူတို့အားနည်းနေကြောင်း မြို့တော်အား ပြသရန် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။


“ ဒါကြောင့် မင်းလို အမှိုက်မျိုးက ငြိမ်ဝပ်ပိပြားရေးအရာရှိ ဖြစ်လာတာကိုး။ ”

ဆာဂီ သရော်ပြုံးပြုံးလိုက်သည်။သူသည် ချန်လွေ့အား အခွင့်အရေးရတိုင်း တိုက်ခိုက်သည်။ယမန်နေ့ကပွဲပြီးနောက် ထိုလူသားသည် ဆာဂီ၏ အမုန်းတီးဆုံးလူ ဖြစ်လာခဲ့သည်။


“ ဆာဂီ။နင်ကမှ တကယ့်အမှိုက်။ ”

အသီနာ၏အသံ ထွက်လာသည်။အသီနာ၏ချပ်ကာအတွင်း၌ မိစ္ဆာမျက်ရည်ပြာကို ဖုံးကွယ်ထားရန်အတွက် လည်ပင်းထိ အနက်ရောင် ကိုယ်ကျပ် အင်္ကျီကို ဝတ်ဆင်ထားသည်။ချန်လွေ့သည် အသီနာအား ထိုသို့ပြုလုပ်ရန် အထူးတလည် ပြောခဲ့ခြင်းမှာ မိစ္ဆာမျက်ရည်ပြာသည် ဘယ်ဖီဂေါ တော်ဝင်မိသားစု၏ လျို့ဝှက်ရတနာ ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။ထို့ပြင် အစ်ဇဘယ်လာသည် ဘယ်ဖီဂေါ တော်ဝင်မိသားစုဖြစ်နေသည့်အတွက် သူသတိထားမိသွားခြင်း မမျှော်လင့်ထားသော အဖြစ်အပျက်များ ဖြစ်သွားနိုင်သည်။


လက်ရှိတွင် မိစ္ဆာမျက်ရည်ပြာသည် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို ခွဲခြမ်းလေ့လာရန် အဓိကသော့ချက်ဖြစ်သည်။


“ အသီနာ ”


ဆာဂီသည် အသီနာအား ခုနကတည်းက သတိထားမိခဲ့သည်။သူ၏မျက်လုံးများ၌ တင်းမာသော အကြည့်များ အရောင်လက်နေသည်။


“ အရှုံးသမားက လှောင်ပြောင်ခွင့်မရှိဘူး။ ”

အသီနာ သရော်ပြုံးပြုံးလိုက်သည်။လက်ရှိစွမ်းအားဖြင့် အသီနာသည် ဆာဂီ၏ စွမ်းအားအစစ်အမှန်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ဆာဂီသည် အမြင့်ဆင့်နတ်ဆိုးသို့ ရောက်ပြီးခါစသာ ဖြစ်သည်။အစပိုင်း၌ အသီနာသည် “အားနည်းသူ”ကို အနိုင်မကျင့်ချင်ပေ။သို့သော်လည်း ဆာဂီသည် ချန်လွေ့ကို စော်ကားခဲ့သည်။ထို့ကြောင့် အသီနာသည် ဆာဂီအား သေချာပေါက် ယဉ်ကျေးမည် မဟုတ်ပေ။


“ ဆာဂီ။ နင်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ချင်တယ်ဆိုရင် ငါ့ဓားနဲ့ စကားပြောလိုက်။ ”


ယခင်က ဆာဂီသည် အသီနာအား မြို့တော်၏ လူငယ်ဓားသမား ဗိုလ်လုပွဲ၌ ရှုံးနိမ့်ခဲ့သည်။၎င်းမှာ ဒုတိယဗိုလ်ချုပ်ဒိုရွန်က ပထမဗိုလ်ချုပ်ဂျော့(ခ်ျ)အား ရှုံးနိမ့်သွားခြင်းနှင့် ညီမျှသည်။ဆာဂီသည် ၎င်းကိုစိတ်ထဲ၌ အမြဲမှတ်ထားသည်။ ယခုတွင် အသီနာ၏ ရန်စသံကိုကြားလိုက်သည့်အခါ ဆာဂီ၏ တိုက်ခိုက်ချင်စိတ် ချက်ချင်း နိုးကြားလာသည်။ချွမ်းခနဲအသံမြည်သွားပြီး သူ၏လက်ထဲ၌ မဟာဓားတစ်လက် ပေါ်ထွက်လာသည်။

 

အရတ်(စ်)၏ အတည်ပြုမှုဖြင့် လေ့ကျင့်ရေး ရပ်တန့်သွားသည်။ မြို့စောင့်တပ်ဖွဲ့များသည် တိုက်ပွဲကိုကြည့်ရန်အတွက် အဝိုင်းကြီးဝိုင်းလိုက်ကြသည်။ သူတို့သည် အသီနာ၏ လေ့ကျင့်ရေး နည်းလမ်းများဖြင့် နှိပ်စက်ခံကြရလေ့ ရှိသော်လည်း ထိုမာန်တက်နေသော ဆာဂီအား အသီနာ အနိုင်ယူပြီး ပညာပေးနိုင်မည်ဟု အစောင့်များအားလုံး မျှော်လင့်နေကြသည်။


၎င်းသည် လုံးဝခန့်မှန်းရလွယ်သည့် ယှဉ်ပြိုင်မှုတစ်ခု ဖြစ်သည်။သို့သော်လည်း အခြားသူများ ရှိနေသည့်အတွက် အသီနာသည် ဟန်ပြလုပ်ရဦးပေမည်။ထို့ကြောင့် သူလည်း မဟာဓားကို ဆွဲထုတ်လိုက်သည်။ဆာဂီ၏ မာနထောင်လွှားမှုကို လျစ်လျူရှုထားကြည့်လျှင် ဓားဆွဲထုတ်လိုက်သည်နှင့် သူ၏စိုးရိမ်မှုများ၊ဒေါသများ တည်ငြိမ်သွားသည်။သူသည် အမှန်တကယ်ပင် ထူးချွန်သော အရည်အသွေးများ ရှိလေသည်။


အသီနာသည် ထိုနေရာ၌ ပုံမှန်အတိုင်းပင် အေးအေးဆေးဆေး ရပ်နေ၏။သို့သော်လည်း ဆာဂီ၏မျက်လုံးထဲ၌ အသီနာသည်  ရွေ့လျား၍မရသော မိုးထိမြင့်သည့်တောင်ကဲ့သို့ ဖြစ်နေပြီး ထိုခံစားချက်မှာ ဆက်လက် ကျယ်ပြန့်နေသည်။


မူလက ဆာဂီသည် အရှက်ရခြင်းကို လက်စားချေရန်အတွက် အမြင့်ဆင့်နတ်ဆိုးသို့ တက်ရောက်နိုင်ခဲ့ခြင်းကို ဂုဏ်ယူနေသည်။မမျှော်လင့်ထားဘဲနှင့် အသီနာ၏ တိုးတက်နှုန်းမှာ ပို၍မြန်နေသည်။ထိုအချိန်၌ သူ၏စိတ်ထဲရှိဖိအားသည် ယခင်နှစ်ကထက် ပို၍ပြင်းထန်သည်။အသီနာသည် ဆာဂီအား ခက်ခဲနက်‌နဲသော ခံစားချက်ကို ပေးစွမ်းနေသည်။

 

မတိုက်ခိုက်ရသေးခင်မှာပင် မိမိ၏ယုံကြည်မှု လျော့ကျလာကြောင်း ဆာဂီ ခံစားလိုက်ရသည်။စိတ်မပြိုလဲစေရန်အတွက် ဆာဂီ အော်ဟစ်လိုက်ပြီး သူ၏ဓား ငွေရောင်ပြောင်းသွားကာ အသီနာအား မြွေတစ်ကောင်ကဲ့သို့ တိုက်ခိုက်တော့သည်။


အသီနာသည် တိုက်ခိုက်ရေးစွမ်းအားနှင့် အငွေ့အသက် ထိန်းချုပ်ခြင်းကို ပါ့(ဂ်)လီအိုထံမှ သင်ခဲ့ဖူးသော်လည်း မကျွမ်းကျင်သေးပေ။သို့မဟုတ်ပါက စွမ်းအားအစစ်အမှန် ဖုံးကွယ်သည့်အချိန်တိုင်း မိစ္ဆာမျက်ရည်ပြာကို မှီခိုရန် မလိုအပ်မည် မဟုတ်ပေ။ယခုတွင် အသီနာသည် ဆာဂီနှင့်အတူ စမ်းသပ်ကြည့်နိုင်ပြီဖြစ်သည်။သူသည် တိုက်ခိုက်ရေးစွမ်းအားကို အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းအထိ ဖိနှိပ်လိုက်ပြီးနောက် ဓားပညာကိုသာသုံးပြီး တိုက်ခိုက်သည်။


ကွင်းထဲ၌ ‘ ချွမ်းချွမ်း ’အသံများ အဆုံးမရှိဖြစ်နေသည်။အစောင့်များသည် ထိုတိုက်ပွဲအား ကြည့်ရင်း မိန်းမောတွေဝေသွားကြသည်။


အစ်ဇဘယ်လာသည် အသီနာအား အနည်းငယ် သံသယဖြစ်သွားကာ သူ၏ဘယ်မျက်လုံး စတင်အရောင် အနည်းငယ်တောက်လာသည်။သူ၏အရှေ့သို့ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ချန်လွေ့ရောက်ရှိလာပြီး အမြင်ကိုကွယ်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ချန်လွေ့သည် ခေါင်းလှည့်ပြီး “ သိချင်စိတ်ဖြင့်” မေးလိုက်သည်။

“ လေဒီ အစ်ဇဘယ်လာ။ တိုက်ပွဲက ကျုပ်ကျွမ်းကျင်တဲ့အရာ မဟုတ်ဘူး။ ဘယ်သူနိုင်မယ်လို့ ခင်ဗျားထင်လဲ။ ”


အစ်ဇဘယ်လာ ပြုံးလိုက်သည်။

“ မနေ့တုန်းကလည်း ရှင်က မကတတ်သလိုနဲ့။ဒါပေမဲ့ ဝေါ့(ဇ်)အက က လူတိုင်းကို အံ့ဩသွားစေခဲ့တယ်။အဲ့ဒါကြောင့် ရှင်က အံ့ဩဖွယ်ရာ သိုင်းပညာတစ်ခုခု ဖုံးကွယ်ထားတယ်လို့လည်း ကျွန်မယုံကြည်လို့ရတယ်မလား။ ”


“ ကျုပ်မှာ တကယ်အစွမ်းအစရှိရင် မဒမ်ကို အရင်ပြမှာပါ။ ”

ချန်လွေ့ ခါးသပ်သက်နှင့် ပြုံးလိုက်သည်။

“ ဒါပေမဲ့ အခုတော့ ခင်ဗျားကိုပဲ အမှန်အတိုင်း မေးလို့ရမယ်။ ”


“ ကျွန်မက ဓားပညာ မကျွမ်းကျင်ဘူး။ဒါပေမဲ့ မစ်အသီနာက ဗိုလ်ချုပ်ဆာရီသည် စွမ်းအားသဘောပေါက်မှု ပိုသာတယ်။ဆာဂီနိုင်မယ်လို့ ကျွန်မ အများကြီး မျှော်လင့်ပင်မဲ့လည်း ကံမကောင်းစွာနဲ့ အနိုင်ရသူက အသီနာပဲ ဖြစ်မှာ။သူက တကယ့်ကို ဗိုလ်ချုပ်ဂျော့(ခ်ျ)ရဲ့ သမီးပဲ။ ”


ချန်လွေ့၏ စိုးရိမ်နေသော အမူအရာကိုကြည့်ရင်း အစ်ဇဘယ်လာက စိတ်ဝင်တစား မေးသည်။

“ မနေ့က ကပွဲမှာ မစ္စတာချန်လွေ့က မင်းသမီးနှစ်ယောက်နဲ့ ကနိုင်ခဲ့တယ်။ အထူးသဖြင့် အေးစက်မှုကြောင့် လူသိများတဲ့ တော်ဝင်မင်းသမီးနဲ့ပေါ့.....။ဒါပေမဲ့  ရှင်အခုဘာလို့ အသီနာအတွက် အတော်လေး စိုးရိမ်နေတဲ့ပုံပေါက်နေရတာလဲ။ ”


“ ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်က အမြဲတမ်း ကျယ်ပြန့်တယ်လေ။ ”

ချန်လွေ့ ပုခုံးတွန့်ပြီး အရှက်မရှိ ပြောလိုက်သည်။

“ ပြောရမယ်ဆိုရင် ကျုပ်က အရာအားလုံးကိုချစ်မြတ်နိုးတဲ့ လူတစ်ယောက်ပါပဲ။ 


“ အရာအားလုံးကို ချစ်မြတ်နိုးတယ်လား။ ”

အစ်ဇဘယ်လာက ချန်လွေ့အား အမှန်တကယ် စိတ်ဝင်စားသွားပြီး မျက်လုံးများ ဝင်းလက်နေသည်။

“ ကြည့်ရတာ ရှင့်ရဲ့ဆွဲဆောင်နိုင်မှုက မရိုးရှင်းတဲ့ပုံပဲ။ဒီတော့ အသီနာနဲ့ ရှင်နဲ့ကြား ပတ်သက်မှုက သာမန်တော့ မဟုတ်လောက်ဘူး။ ”


ထိုသို့ပြောပြီးသည်နှင့် တိုက်ပွဲ အဆုံးသတ်သွား၏။ဆာဂီ၏ဓားမှာ မြေကြီးထဲ၌ စိုက်နေပြီး လက်နောက်ဘက်၌လည်း နီရဲနေသည်။အသီနာသည် ဆာဂီနှင့်အတူ ကစားရန် စိတ်မရှည်သည်မှာ သေချာနေသည်။အစောင့်များ ဝမ်းသားအားရ ဖြစ်သွားသည်။လွန်ခဲ့သော စက္ကန့်ပိုင်းက ထိုတင်းကြပ်သည့် နည်းပြအား စိတ်ထဲ၌ သူတို့ဆဲဆိုခဲ့သည်များကိုပင် မေ့လျော့သွားကြသည်။

 

မြေပြင်ပေါ်မှဓားကိုကြည့်ရင်း ဆာဂီ မောဟိုက်နေသည်။ နောက်ဆုံး၌ သူပြောလိုက်သည်။

“ ငါရှုံးပါတယ်။ ”


“ နင် အသွင်မပြောင်းရသေးဘူး။ ”


ဆာဂီ အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။

“ ရှုံးတာက ရှုံးတာပဲ။မင်းရဲ့တိုးတက်နှုန်းက ငါ့ထက်သာတယ်။ငါ အသွင်ပြောင်းရင်တောင် မင်းကို ယှဉ်နိုင်မှာ မဟုတ်သေးဘူး။ ”


မဆိုးဘူး။ အနည်းဆုံးတော့ သူက မနေ့က အဝတ်ချွတ်သလိုမျိုး အရှုံးကို လက်ခံနိုင်တာပဲ။ ချန်လွေ့သည် ထိုမာနထောင်လွှားသောသူအား အမြင်ပြောင်းလိုက်သည်။ မမျှော်လင့်ထားဘဲနှင့် ဆာဂီက ဓားကို ကောက်ကိုင်ပြီးသည့်အခါ ရုတ်တရက် ဟန်လုပ်ရယ်လိုက်သည်။


ရှုံးပြီးတော့ ရယ်တယ်လား။သူက အရိုက်ခံရပြီးတော့ ဦးနှောက်ပျက်သွားတာလား။ 


“ သိပ်ကောင်းတယ်။ ”

ဆာဂီသည် ဓားကို ဘေးဖယ်ပြီး အသီနာအား စိုက်ကြည့်လိုက်သည်။

“ ဒီလိုမျိုးစွမ်းအားနဲ့မှ ငါ့မိန်းမဖြစ်ဖို့ ထိုက်တန်မယ်။ငါတို့ရဲ့ မျိုးဆက်ကလည်း ပိုကောင်းတဲ့ သွေးမျိုးဆက် ရှိလာမှာပဲ။ငါဆုံးဖြတ်လိုက်ပြီ။အခုချက်ချင်း ငါ့အဖေကို ခေါ်ပြီးတော့ ဗိုလ်ချုပ်ဂျော့(ခ်ျ) ကို ငါတို့လက်ထပ်ဖို့အတွက် တရားဝင်သွားပြောမယ်။ ”


ထိုစကားကို ပြောပြီးသည့်အခါ လူတိုင်း အံ့ဩသွားကြသည်။


ချန်လွေ့ တိတ်တဆိတ် ဆဲလိုက်၏။ ခွေးမသား။အရိုက်ခံရပြီးတော့ ဒီ‌ကောင့်ဦးနှောက် ပျက်သွားတာလား။သူက တကယ်ကြီး ငါ့မိန်းမကို ခိုးယူရဲတယ်။ 


ဆာဂီနှင့် အသီနာတို့သည် သန္ဓေပြောင်း မဟာနတ်ဆိုးများ ဖြစ်ကြပြီး အဆင့်အတန်းလည်း ညီမျှသည်။ထို့ကြောင့် သူတို့သည် အတော်လေး လိုက်ဖက်ညီလှသည်။


ပို၍အတွင်းကျကျ စဉ်းစားလျှင် ပထမဗိုလ်ချုပ် ဂျော့(ခ်ျ)ဝေးသည် အမှောင်လမြို့၏ အကြီးမားဆုံး ထောက်ခံသူဖြစ်ပြီး အိုစီဒန်ဘက်မှ ဆူးညှောင့်တစ်ခု ဖြစ်သည်။ဆာဂီ၏အဖေ ဒိုရွန်ရု(စ်)သည် ဒုတိယဗိုလ်ချုပ်ဖြစ်ပြီး ဘုရင်ခံအိုစီဒန်၏ အယုံကြည်ရဆုံးဖြစ်သည်။ထိုမိသားစုနှစ်ကြား၌ ထိမ်းမြားလက်ထပ်မှုဖြစ်ပွားခဲ့လျှင် အင်ပါယာ၏အခြေအနေ သိသိသာသာ ပြောင်းလဲသွားနိုင်သည်။ရှီရာအား ဗိုလ်ချုပ် နှစ်ယောက်စလုံး ထောက်ပံ့သွားနိုင်သည်။သို့သော်‌လည်း ထိုအခြေအနေသည် မဖြစ်နိုင်လုနီးပါးဖြစ်သည်။အဖြစ်နိုင်ဆုံးမှာ ဗိုလ်ချုပ်ဂျော့(ခ်ျ)က အိုဆိုင်ဒန်ထံ အညံ့ခံခြင်းဖြစ်သည်။ထို့နောက်တွင် အမှောင်လမြို့ရှိ အိမ်ရှေ့မင်းသား ဂါရမ်း၏ မျိုးဆက်လည်း အမှန်တကယ် သုတ်သင်ခံလိုက်ရမည်ဖြစ်သည်။


အသီနာ၏အဖေ ဗိုလ်ချုပ်ဂျော့(ခ်ျ)ဘက်မှကြည့်လျှင် ရှီရာအား ထောက်ပံ့ပေးခြင်းမှာ အောင်မြင်ရန် အမှန်တယ် ခက်ခံသော လမ်းကြောင်းတစ်ခု ဖြစ်သည်။ ထိုလက်ထပ်ပွဲသာ ဖြစ်မြောက်သွားခဲ့လျှင် ယုတ်စွအဆုံး မိသားစု မျိုးဆက်ကို ဆက်လက်တည်တံ့စေနိုင်ပေလိမ့်မည်။ 


ထိုစကားကိုကြားသည့်အခါ အဲလန်၏မျက်နှာ ရုတ်တရက် ဝမ်းနည်းသွားသည်။ အသီနာအား ဆာဂီစိတ်ဝင်စားနေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။ယှဉ်ပြိုင်သူမှာ အားနည်းသောလူသား ချန်လွေ့သာဆိုလျှင် သူ့တွင် မျှော်လင့်ချက် ရှိနေသေးသည်။ဆာဂီ ဖြစ်သွားသည့်အခါ......သူ၏ခါရွန်မိသားစု စွမ်းအားနှင့်ဖြစ်စေ၊ ကိုယ်ပိုင်အစွမ်းနှင့်ဖြစ်စေ ရု(စ်)မိသားစုမှ ဆာဂီနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။


အသီနာ ပြန်မဖြေပေ။သို့သော်လည်း တစ်စုံတစ်ခု လုပ်လိုက်သည်။အသီနာသည် ချန်လွေ့ဆီသို့ လမ်းလျှောက်သွားပြီး လူအားလုံးရှေ့၌ ချန်လွေ့၏ မျက်နှာကို နမ်းလိုက်သည်။


တည်ငြိမ်သွားကြသည့် အစောင့်များ ချက်ချင်းပင် ဂယက်ရိုက်သွားပြီး အများစုမှာ လက်ခုပ်ဩဘာ ပေးလိုက်ကြသည်။အပြင်လူ ဆာဂီသည် ငြိမ်ဝပ်ပိပြားရေး အရာရှိထက် “ လူကြိုက်မများ ”သည်မှာ သေချာနေသည်။


အသီနာ၏ လှပေသာမျက်နှာသည် ရှက်သွေးများ ဖြာနေသော်လည်း မျက်လုံးထဲ၌ တုံ့ဆိုင်းမှု ရှိမနေပေ။သူသည် အစ်ဇဘယ်လာအား ဖျပ်ခနဲကြည့်ပြီး နောက်ဆုံး၌ ဆာဂီကို ကြည့်လိုက်သည်။

“ သဘောပေါက်ပြီလား။ ”


“ မဖြစ်နိုင်ဘူး။ ”

ဆာဂီသည် ကိုယ့်မျက်လုံးကိုပင် မယုံကြည်နိုင်ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဒီလူသား လာပြန်ပြီ။အသီနာက “အမြင့်ဆင့်နတ်ဆိုး”လေ။သူက ဒီလိုစွမ်းအားမဲ့တဲ့ အမှိုက်မျိုးကို ဘယ်လိုမျိုး သဘောကျနိုင်မှာလဲ။ 


ယခုတွင် ချန်လွေ့နှင့် အသီနာတို့၏ ပတ်သက်မှုကို တစ်မြို့လုံး သိရှိသွားမည်မှာ အသေအချာပင် ဖြစ်သည်။အသီနာ၏အနမ်းသည် မိမိဘေး၌ “တရင်းတနှီး” စကားလာပြောသည့် အစ်ဇဘယ်လာအား သက်သေပြနေခြင်းဖြစ်သည်ဟု ချန်လွေ့ ပို၍ခံစားနေမိသည်။


မိန်းမတွေများ။ 


အဲလန် အလွန်ဒေါသထွက်နေသော်လည်း ဆာဂီ၏ပုံစံကိုမြင်သည့်အခါ သူ၏စိတ်ထဲ၌ ကျေနပ်မှု ပိုဖြစ်သွားသည်။


ချန်လွေ့အပေါ် အစ်ဇဘယ်လာ၏အကြည့်သည် ပို၍စိတ်ဝင်စားသွားပုံ ပေါ်သည်။ ဉာဏ်များတယ်။နေရာစုံထူးချွန်တယ်။ပြီးတော့ သူက အင်ပါယာ ပထမဗိုလ်ချုပ် သမီးရဲ့နှလုံးသားကိုလည်း ရထားတယ်။ကြည့်ရတာ သူ့ကို မြို့တော်က လျစ်လျူရှု မထားသင့်တော့ဘူးနဲ့တူတယ်။







Recommendation

Discussion