- Chapter 200

အခန်း (၂၀၀) ဝေါ့(ဇ်)အက။ရှီရာနှင့်အတူ ပထမဆုံးအကြိမ် ကခြင်း 


ဆာဂီ အလွန်ယုတ်မာလိမ့်မည်ဟု အဲလစ် မထင်မှတ်ထားခဲ့ပေ။ဆာဂီသည် ချန်လွေ့ကဲ့သို့လူသစ်အား လူပုံအလယ်၌ အမှန်တကယ် အရှက်ခွဲနေချင်သည်။ အဲလစ်သည် ဆာဂီအား အလွန်မုန်းတီးသွားပြီး လက်သီးသေးသေးလေးကို ကျစ်ကျစ်ဆုပ်လိုက်သည်။


လီလိုလေး၏ စိုးရိမ်နေသောမျက်နှာကိုကြည့်ရင်း ချန်လွေ့သည် ခုနက လိုလီလေး သူ့ကို မတုံ့မဆိုင်းဘဲ စိတ်ရှည်ရှည်နဲ့ သင်ကြားပေးပြီး ကာကွယ်ပေးခဲ့ပုံကို သတိရသွားသည်။ချန်လွေ့၏မျက်လုံးများ တည်ကြည်ခိုင်မာသွားပြီး လိုလီလေး၏လက်ကို ဆွဲကိုင်လိုက်သည်။ချန်လွေ့ စကားပြောရန် ပြင်လိုက်စဉ် အသံဖျော့ဖျော့ တစ်သံကို ကြားလိုက်ရသည်။


“ အဲလစ်က ဒီရက်ပိုင်း သိပ်ပြီးနေမကောင်းဘူး။ရှင်တကယ်လို့ တော်ဝင်အက စစ်စစ်ကို မြင်ချင်တယ်ဆိုရင်တော့ ကျွန်မ ကပြမယ်။ ”


ထိုအေးစက်စက်အသံတွင် အင်အားတစ်မျိုးပါဝင်နေပြီး ဆာဂီ၏ လှောင်ပြောင်ရယ်သံအား လွှမ်းမိုးသွားသည်။၎င်းမှာ ရှီရာ၏အသံ ဖြစ်နေသည်။ အမှောင်လမြို့မှ လူအုပ်ကြီး အံ့အားသင့်သွားကြသည်။တစ်ခါမျှ အကဖိတ်ခေါ်ခြင်းကို လက်မခံခဲ့သော တော်ဝင်မင်းသမီးသည် ကိုယ်တိုင် ရှေ့ထွက်လာလိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ကြပေ။


အကယ်၍ ချန်လွေ့တစ်ယောက်တည်းသာ ဆိုလျှင် ရှီရာ လူလုံးထွက်ပြမည် မဟုတ်ပေ။သို့သော်လည်း သူ၏ညီမ အဲလစ် ပါဝင်နေသည့်အတွက် အစ်မတစ်ယောက် အနေဖြင့် ရှီရာ ရပ်ကြည့်နေ၍မရတော့ပေ။


အစ်ဇဘယ်လာသည် ဆာဂီဘေး၌ ရှိနေပြီး ဤနေရာသည် ကပွဲခန်းမဖြစ်သည်။ရှီရာ မကြောက်ပေ။ထို့နောက် ဆာဂီက ပြောလိုက်သည်။

“ ဒါပေမဲ့ ခုနက ဆာ-အရာရှိ ပြောတာက... ”


“ စုံပွဲအကဆိုတော့ ကျွန်မနဲ့ အရာရှိ ကမှာပေါ့။ ”

ရှီရာသည် အစ်ဇဘယ်လာ၏မျက်နှာပေါ်ရှိ “ပွဲကြီးပွဲကောင်း”ကို မျှော်လင့်နေသည့် အပြုံးကိုကြည့်ရင်း မျက်လုံးများ ပို၍အေးစက်သွားသည်။ဂါ့စ်၊ဖို့(ဒ်) နှင့် အခြားသူများလည်း စိုးရိမ်သွားကြသည်။ဤကိစ္စတွင် အမှောင်လမြို့၏ မျက်နှာဖြစ်သော မင်းသမီးလေး ပါဝင်နေခဲ့သည်။ယခုတွင် တော်ဝင်မင်းသမီးပါ ရှေ့ထွက်လာပြီ ဖြစ်သည်။အကယ်၍သူသာ ကျဆုံးသွားခဲ့လျှင် ထိုမြို့တော်မှလူများ၏ အနိုင်ပိုင်းခြင်းကို ခံရခြင်းနှင့် တူညီသွားမည်ဖြစ်သည်။

 

လူအများအရှေ့၌ ရှီရာနှင့် ကရလိမ့်မည်ဟု ချန်လွေ့ တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။သူသည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော ရေခဲတုံး မိန်းမ‌လှလေးကို တုန်လှုပ်စွာကြည့်ရင်း စိုးရိမ်လျက်ရှိနေသည်။ရုတ်တရက် ချန်လွေ့၏နားထဲ၌ ရှီရာ၏နူးညံ့သောအသံကို ကြားလိုက်ရသည်။

“ မင်းရဲ့ စိတ်ကို ခဏလျှော့ထား။ငါ့စွမ်းအားကို မခုခံနဲ့။ ”


ချန်လွေ့ ကြက်သေသေသွားသည်။ရှီရာသည် သူ၏ခန္ဓာကိုယ်ကို နတ်ဆိုးဘုရင်အဆင့် စွမ်းအားဖြင့် ထိန်းချုပ်ပြီး အကကိုပြီးမြောက်စေရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုနည်းလမ်းဖြင့်ဆိုလျှင် လှုပ်ရှားမှုများသည် ခပ်တောင့်တောင့် ဖြစ်နေပေလိမ့်မည်။သို့သော်လည်း အရှက်ကွဲခံရခြင်းထက် ပို၍ကောင်းနေသေးသည်။ ပို၍အဆင်ပြေသော နည်းလမ်းတစ်ခု ရှိရဦးပေမည်။သို့သော်လည်း ၎င်းသည် ကောက်ကျစ်သောစကားများရှိသောသူကို ထိထိရောက်ရောက် တန်ပြန် မတိုက်ခိုက်နိုင်ပေ။


အမှန်တကယ်တွင်မူ ခုနက အဲလစ်အား ဆာဂီ လှောင်ပြောင်သရော်နေသောအချိန်၌ ချန်လွေ့၏စိတ်ထဲတွင် အခြားအကြံတစ်ခု ရှိနှင့်နေပြီးဖြစ်သည်။


ချန်လွေ့ ခဏစဉ်းစားပြီး ရုတ်တရက် ပြောလိုက်သည်။

“ အားလုံးပဲ။ကျုပ်ကို ဒီလိုမျိုး မယဉ်ကျေးတဲ့ပုံစံနဲ့ စကားပြောခွင့်ပြုပါ။လက်ရှိ ကပွဲခန်းမအက က ရှုပ်ထွေးပြီးတော့ ကန့်သတ်ချက်တွေများတယ်။ဥပမာပြောရင် ဗိုလ်ချုပ်ဆာဂီရဲ့ ခုနက လှုပ်ရှားမှုတွေက သဘာဝမကျဘူး။အဲ့ဒါက ဘေးမှာရှိတဲ့ မိန်းမလှကို စော်ကားရာကျတယ်။ ”


ထိုကဲ့သို့ ဟန်ဆောင်ချီးမွမ်းမှုသည် အစ်ဇဘယ်လာ၏ အပြုံးကို ပို၍ပင် စွဲမက်စရာကာင်းသွားစေသည်။သို့သော်လည်း သူသည် စိတ်ထဲ၌သတိရှိနေသည်။


ဒီအရာရှိက မရိုးရှင်းဘူး။အရင် ကောင်စီခန်းမမှာတုန်းက ကြားဝင်ပြောတာကလည်း မတော်တဆ မဟုတ်တဲ့ပုံပဲ။


ဒါပေမဲ့ သူ့ရဲ့အကစွမ်းရည်က တော်တော်လေး ဆိုးတယ်။ ဒီအတားအဆီးကို ဖြတ်ကျော်ဖို့အတွက် သူ ဘာနည်းလမ်းကို သုံးမှာလဲ။ 


“ တကယ့် ကပွဲခန်းမ အက က တည်ကြည့်ပြီး ကြော့ရှင်းရမယ်။ပြီးတော့လည်း ခမ်းနားထည်ဝါပြီးတော့ တက်ကြွမှု ပြည့်နေရမယ်။ ”

ချန်လွေ့က နှာမှုတ်နေသော ဆာဂီအား ဖျပ်ခနဲ ကြည့်လိုက်သည်။

“ တကယ့်လို့ ကျုပ်က ခင်ဗျား တစ်ခါမှ မမြင်ဖူးခဲ့ တော်ဝင်အကစစ်စစ်ကို ပြနိုင်မယ်ဆိုရင် ခင်ဗျားက ဧကရာဇ်မြို့တော်ရဲ့ ရဲတင်းတဲ့ပုံစံကိုပြသပြီးတော့ ဒီကနေ အဝတ်မပါဘဲနဲ့ လမ်းလျှောက်ထွက်သွားရမယ်လို့ ခုနတုန်းက ဗိုလ်ချုပ်ဆာဂီနဲ့ကျုပ် သဘောတူညီမှု တစ်ခုလုပ်ခဲ့တယ်နော်။ ”


ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် အနီးအနားပတ်ဝန်းကျင်၌ တီးတိုးစကားများ ထွက်ပေါ်လာတော့သည်။မိန်းမအများစုသည် ဆာဂီ၏ တောင့်တင်းသောခန္ဓာကိုယ်ကို အာရုံစိုက်နေကြပြီး ချက်ချင်းမြင်ရရန် မစောင့်နိုင်တော့ပေ။


“ ဗိုလ်ချုပ် ဆာဂီက ဒီလောင်းကြေးကို လက်မခံချင်ဘူးဆိုရင်တော့ ကျုပ်လည်း စိတ်မကောင်းပါဘူး။ကျုပ်ရဲ့အစွမ်းအစကို ဖုံးကွယ်ထားရတော့မှာပေါ့။ ”


“ မင်းက ဒီလှည့်ကွက်ကိုသုံးပြီး ထွက်ပြေးချင်တာလား။ ”

ဆာဂီ ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။

“ ကောင်းပြီလေ။မင်းတကယ် လုပ်နိုင်မယ်ဆိုရင် ငါ့အဝတ်တွေချွတ်ပြီးတော့ ဒီကနေ လမ်းလျှောက်ထွက်သွားပြမယ်။ ”


ချန်လွေ့သည် အဲလစ်အား တီးတိုးပြောလိုက်သည်။လိုလီလေး ခဏတုံ့ဆိုင်း သွားပြီးနောက် ချန်လွေ့၏ အားပေးမှုအကြည့်အောက်တွင် တူရိယာဝိုင်းဆီသို့ သွားလိုက်ရာ ချန်လွေ့၏ စတင်ရန်အချက်ပြမှုကို စောင့်ဆိုင်းနေလိုက်သည်။


ချန်လွေ့သည် ရှီရာဆီသို့ လမ်းလျှောက်သွားပြီး ဖိတ်ခေါ်သည့်အမူအရာ ပြုလုပ်လိုက်သည်။ရှီရာသည် ချန်လွေ့အား နက်နက်ရှိုင်းရှိုင်းကြည့်ပြီး လက်ကို အပေါ်တွင် အသာအယာ တင်လိုက်သည်။ထိုအချိန်၌ နှစ်ယောက်စလုံး၏ နှလုံးသားများ တစ်ပြိုင်နက်တည်း တုန်ခါသွားကြသည်။လက်ထိပ်များသာ ထိသွားကြသော်လည်း ထူးဆန်း‌သော လျှပ်စစ်စီးကြောင်းသည် တစ်ယောက်ချင်းစီ၏ နှလုံးသားထဲသို့ စီးဝင်သွားသည်။


ချန်လွေ့ ပင့်သက်ရှိုက်ပြီး တီးတိုးပြောလိုက်သည်။

“ တော်ဝင်မင်းသမီး။ကျုပ်ကို ယုံကြည်နိုင်မလား။ ”


 ရှီရာ၏အကြည့် ဝိုးတိုးဝါးတားဖြစ်သွားပြီး ထိူလူအား အတွင်းရေးမှူးရာထူး ခန့်အပ်စဉ် အချိန်ဆီ ပြန်ရောက်သွားသကဲ့သို့ ဖြစ်သွားကာ သူ၏နှလုံးသားလည်း ဝေဝါးသွားခဲ့သည်။

“ အင်း ”

 

ထိုစကားဆုံးသည်နှင့် လက်ကို ထိရုံသာ ထိထားသော ချန်လွေ့သည် ရုတ်တရက် ပြောင်းလဲသွားပြီး ရှီရာ၏ လက်ကို လုံးဝဆုပ်ကိုင်ထားလိုက်သည်။ရှီရာ၏ လက်များသည် ကျောက်စိမ်းကဲ့သို့ နွေးထွေးပြီး ထင်ထားသလောက် မအေးစက်ကြောင်း ချန်လွေ့ ခံစားရလိုက်သည်။


ဘေးဖက်မှ လူအုပ်ကြီးလည်း ကြက်သေသေသွားသည်။ငြိမ်ဝပ်ပိပြားရေး အရှိရှိအသစ်သည် အခြားမည်သည့် ပါရမီမျှ မရှိပေ။သို့သော်လည်း သူ၏သတ္တိ သို့မဟုတ် တဏှာသည် လုံးဝထိပ်တန်းပင် ဖြစ်သည်။သူသည် တော်ဝင်မင်းသမီး၏ လက်ကို ထိုကဲ့သို့ ဆုပ်ကိုင်ရဲလေသည်။


ရှီရာအတွက်လည်း မိမိ၏လက်ကို ယောက်ျားတစ်ယောက်က ဤကဲ့သို့ ဆုပ်ကိုင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ရှီရာသည် သဘာဝအလျောက်  တုန်လှုပ်သွားမိပြီးနောက် ချုပ်ထိန်းလိုက်သည်။သူ၏ စိတ်အနှောင့်အယှက် ဖြစ်ခြင်းထဲ၌ ထူးဆန်းသော ခံစားချက်အနည်းငယ် ရောနှောနေသည်။သူ၏ နှလုံးခုန်သံလည်း ထူးထူးခြားခြား မြန်ဆန်နေပုံရသည်။


ထို့နောက် ဆက်ဖြစ်သည်များမှာ လူအုပ်ကြီးအား ကြက်သေသေသွားစေခဲ့သည်။ ထိုလူသည် တော်ဝင်မင်းသမီးအား ဘယ်လက်ဖြင့် ကိုင်ထားသည့်အပြင်  နီးနီးကပ်ကပ်နေကာ ညာလက်ဖြင့် တော်ဝင်မင်းသမီး၏ ပုခုံးကို ပွေ့ဖက်ထားသည်။ ထိုသူသည် အလွန်ပင် ရဲတင်းလှသည်။


တဏှာကြောင့် သူက ဆက်ပြီး အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်။ အမှောင်လမြို့မှ လူများအားလုံး၏ စိတ်ထဲ၌ ထိုကဲ့သို့ တပြိုင်နက်တည်း တွေးမိလိုက်ကြသည်။ ဘေးဖက်ရှိ မူးနေသော အရာရှိဟောင်း အဲလန်ပင် ခြွင်းချက်မဟုတ်ပေ။ ထိုနေရာတစ်ခုလုံး ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။

 

ကောလဟလများသည် အမှန်ပင် ဖြစ်ပုံရသည်။ဤယုံကြည်မှုလွန်ကဲနေသော ချန်လွေ့သည် တော်ဝင်မင်းသမီး၏ အလှတရားကို စွဲလမ်းနေခဲ့သည်။ ထိုအကြောင်းကြောင့် သူသည် ရှီလန်တောင်ကဲ့သို့ ဆိုးဝါးလှသောနေရာသို့ သွားခဲ့ပြီး ခက်ခက်ခဲခဲနှင့် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ကာ ကံကောင်းစွာဖြင့် ငြိမ်ဝပ်ပိပြားရေးအရာရှိ ဖြစ်လာခဲ့သည်။


အခုတော့ သူက တကယ်ပဲ.....


မိမိ၏လက်အား ပထမဆုံး ကိုင်ခဲ့စဉ်က ရှီရာ သည်းခံနိုင်သေးသည်။သို့သော်လည်း ချန်လွေ့၏ လွန်ကဲလာသော နောက်ပိုင်းလုပ်ရပ်များကြောင့် ရှီရာ၏ မျက်လုံးများမှ အေးစက်စက် အရောင်တောက်လာသည်။


လူတွေအများကြီးရှေ့မှာ သူက တကယ်ပဲ ဒီလိုလုပ်တယ်ပေါ့....


ရှီရာ ဒေါသပေါက်ကွဲတော့မည့်အချိန်၌ ချန်လွေ့၏ အသံတိုးတိုးလေးကို ကြားလိုက်ရသည်။


“ခြေထောက်ကို ဖြောင့်ဖြောင့်ထားပြီးတော့ တစ်ခုနဲ့တစ်ခု ကပ်ထား။ရင်ဘတ်ကို ကော့ပြီးတော့ ခါးကို ဖြောင့်ထား။ဝမ်းဗိုက်ကို ချပ်ပြီးတော့ တင်ပါးကို ကော့ထား။တင်ပါးကို ပုံမှန်အတိုင်း ဖြေလျှော့ထား။ညာလက်နဲ့ ကျူပ်ရဲ့ ဘယ်ဘက်လက်ကို ကိုင်ထား။ဘယ်လက်ကို ကျုပ်ရဲ့ ပုခုံးပေါ် အသာလေးတင်။ပြီးရင် လက်ချောင်းကြားထဲမှာ ညင်ညင်သာသာလေး ကိုင်ထား.... ”


ရှီရာသည် လူပုဘ၀ကတည်းက အကကို အလွန်နှစ်ခြိုက်ခဲ့သည်။၎င်းကို နားထောင်ရင်း ၎င်းသည် ကဟန်များဖြစ်ကြောင်း ရှီရာသိလိုက်သည်။ခုနက ချန်လွေ့ပြောခဲ့သည်ကို ရှီရာ သတိရသွားပြီး ရှက်စိတ်ကို ဖုံးဖိကာ ချန်လွေ့ရှင်းပြသည့် အခြေခံကကွက်များကို နားထောင်နေလိုက်သည်။


ချန်လွေ့သည် ဆယ်စက္ကန့်သာ အသက်ရှင်ရတော့မည်ဟု တစ်စုံတစ်ယောက်က လောင်းကြေးထပ်နေသည်။သို့သော်လည်း ဆက်ဖြစ်သည့်အရာများမှာ လူတိုင်းကို အံ့အားသင့်သွားစေပြန်သည်။ရှီရာသည် လက်ကို ချန်လွေ့၏ပုခုံးပေါ်တင်ပြီး ခန္ဓာကိုယ်ကိုပင် အနားဖိကပ်လိုက်သည်။သူတို့နှစ်ယောက်၏ လက်ရှိ အနေအထားသည် အလွန်ပင်......နီးကပ်လွန်းလှသည်။

 

ဘယ်သူမှ အနားကပ်လို့မရတဲ့ ရေခဲတုံးမိန်းမလှ တော်ဝင်မင်းသမီးက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားတာလဲ။ဒီ‌သောက်လူသားက သူ့ကို ဆေးခတ်လိုက်တာလား။ 


အမြင်မှားနေတာ။ဒါက အမြင်မှားနေတာပဲ ဖြစ်မယ်။ 


အဲလစ်၏မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။ နောက်ဆုံး၌ အဲလစ်သည် ချန်လွေ့၏ အကြည့်ကိုမြင်သွားပြီး တူရိယာဝိုင်းအား စတင်တီးမှုတ်ရန် အမိန့်ပေးတော့သည်။


“ ညနတ်ဆိုးအက ”


ထိုအကတေးသံသည် အလွန်ရှည်လျားပြီး စည်းချက်များမှာ ပို၍‌နှေးကွေးသည်။ ၎င်း၏လှုပ်ရှားမှုများအတွက် ပို၍အားထုတ်ရန်လိုအပ်သည်။၎င်းသည် အလွန် ခက်ခဲသော အကတေးသံတစ်ပုဒ် ဖြစ်သည်။ကခွင်ပေါ်ရှိ “ နီးကပ် ”သော လူနှစ်ယောက် စတင်လှုပ်ရှားလာသည်။ ၎င်းသည် အမှန်တကယ်ပင် အကတစ်မျိုးဖြစ်သည်။တစ်ခါမျှ မတွေ့ဖူးသော စုံတွဲအက တစ်မျိုးဖြစ်သည်။


သူတို့နှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှုများသည် အစပိုင်း၌ အထစ်အငေါ့ဖြစ်နေပြီး မကြာမီတွင် အဆင်ချောသွားသည်။ရှီရာသည် အခြေခံကောင်းသည်။ချန်လွေ့၏ လက်နှင့်ခန္ဓာကိုယ်တို့၏ လမ်းကြောင်းပေးမှုအောက်တွင် ရှီရာသည် အကအသစ်၏ အချုပ်ကို အလျင်အမြန် ဆုပ်ကိုင်သွားနိုင်သည်။သူ၏လှုပ်ရှားမှုများမှာ အဓိကအားဖြင့် ခြေလှမ်း၌ဖြစ်ပြီး အလှည့်အပြောင်းများကို ချန်လွေ့က အဓိကဦးဆောင်သည်။

 

ထိုအကထဲ၌ ရှီရာ၏စိတ် ပို၍ပို၍ အပန်းပြေသွားသည်။ ရှိရာသည် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော ထိုခံစားချက်ကို အပြည့်အဝစုပ်ယူပြီး လှုပ်ရှားမှုများသည် ပို၍သဘာဝကျကာ လှပလာသည်။


ချန်လွေ့သည် တက္ကသိုလ်ရှိ အကလေ့ကျင့်ရေး အခန်းများကို ပုံမှန်သွားရောက်ခဲ့သည်။ရည်ရွယ်ချက်မှာ အကကိုမြတ်နိုးသော “ကောင်မလေး” တစ်ယောက်နှင့် နီးစပ်ရရန်ဖြစ်သည်။ထိုကောင်မလေးသည် ဖျားနာမှုကြောင့် ဆုံးပါးသွားခဲ့သော်လည်း ၎င်းသည် ထိုလောက၌ ချန်လွေ့ရှိခဲ့ဖူးသည့် တစ်ဦးတည်းသော ချစ်သူဖြစ်သည်။ ဤမြင်ကွင်းသည် အတိတ်သို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်သွားသည်။သို့သော်လည်း သူ၏လက်ထဲရှိ ကနေသူမှာ ပို၍လှပသော အခြားမိန်းကလေး တစ်ယောက် ဖြစ်နေသည်။ထိုမိန်းကလေးနှင့် မဖော်ပြတတ်သော ခံစားချက်များကို စဉ်းစားရင်း ချန်လွေ့၏နှလုံးခုန်သံ ပို၍မြန်ဆန်လာတော့သည်။


သူတို့နှစ်ယောက်သည် ညင်သာပြီး ကျွမ်းကျင်သော ခေါင်းတိမ်းခြင်း၊ယိမ်းထိုးခြင်း၊ လှည့်ပတ်ခြင်း၊လှည့်လည်ခြင်း အကွက်များဖြင့် လှပသော ကိုယ်ဟန်များကို ပြသခဲ့သည်။ပွဲတက်သူအများစုမှာ ပညာရှင်များမှ ငယ်စဉ်ကတည်းက ကျင့်ဝတ်ထုံးတမ်းများနှင့် အကလေ့ကျင့်ရေးများကို သင်ကြားခံခဲ့ရသော အထက်တန်းလွှာ နောက်ခံများမှ ဖြစ်ကြသည်။သူတို့ကို ထိုစုံတွဲတို့၏ အက က ဖြည်းဖြည်းချင်း ဆွဲဆောင်လာခဲ့သည်။အဲလစ်လည်း မျက်တောင်များခတ်နေပြီး စိတ်လှုပ်ရှားကာ မနာလို ဖြစ်နေသည်။ဆာဂီ၏ မျက်နှာသည်သာ ပို၍အရုပ်ဆိုး လာသည်။ တေးသံ အဆုံးသတ်သွားသည်။အားလုံးနီးပါး မတ်တပ်ရပ်ပြီး နွေးထွေးစွာ လက်ခုတ်တီးလိုက်ကြသည်။ပို၍လိုချင်သော ခံစားချက်တစ်ခု ရှိနေသည်။

 

အမှန်တကယ်၌ ချန်လွေ့သည်လည်း ခုနက အံ့ဩဖွယ်ရာ ခံစားချက်မျိုးကို ပြန်ရရှိချင်နေသည်။သို့သော်လည်း ရှီရာသည် ချန်လွေ့၏လက်ကိုလွှတ်ပြီး ခပ်ဝေးဝေးသွားလိုက်သည်။ရှီရာသည် လူများအား မိုင်ပေါင်းထောင်ချီအကွာ၌ ထားထားသော အေးစက်စက်ပုံစံသို့ ပြန်ရောက်ရှိသွားသည့်အတွက် ထိုအကြံကို ချန်လွေ့ လက်လျှော့လိုက်ရသည်။


“ ဆာ-ချန်လွေ့။ခုနက ဖျော်ဖြေမှုက တကယ့်ကို အံ့ဩလောက်စရာပါပဲ။ ”

အစ်ဇဘယ်လာ ရှေ့ထွက်လာပြီး လေးစားအားကျစွာဖြင့် ပင့်သက်ရှိုက်လိုက်သည်။

“ ဒီအကနာမည်ကို ပြောပြနိုင်မလား။ ”


ချန်လွေ့သည် အစ်ဇဘယ်လာနှင့် ယခုမှ ထိုကဲ့သို့ ရင်းရင်းနှီးနှီး ဆက်ဆံဖူးခြင်း ဖြစ်သည်။ချန်လွေ့သည် အစ်ဇဘယ်လာ၏ ခန္ဓာကိုယ်မှထုတ်လွှတ်နေသာ ပန်းရနံ့မှ အပူအနည်းငယ်ကို ခံစားလိုက်မိပြီး ယိမ်းထိုးသွားခဲ့သည်။

 

ထိုရင့်ကျက်သော မိန်းမလှ၏ ခြေလက်များသည် မသင့်မတင့် မလှုပ်ရှားကြပေ။ သို့သော်လည်း ထိုနက်ရှိုင်းသော မြစိမ်းရောင်မျက်လုံးများ၏ မျက်တောင် အသာအယာ ခတ်ခြင်းကပင် လူအများအား ထိုမိန်းမလှလေး၏ မြင့်မြတ်ခြင်းနှင့်ကျက်သရေကို ဆွဲဖြဲချင်စိတ် ဖြစ်ပေါ်စေသည်။


ချန်လွေ့သည် အတွင်းညှို့ဓာတ်ကို ၉မှတ်ထပ်ပေါင်းထည့်ရမည့်ပုံစံ ပေါက်သွားသည်။ ဤကဲ့သို့ ရင့်မှည့်သော မက်မွန်သီးနှင့်ယှဉ်လျှင် ခီရာသည် မရင့်မှည့်သေးသော ပန်းသီးစိမ်းတစ်လုံးသာ ဖြစ်သည်။


သို့သော်လည်း ထိုမက်မွန်သီးသည် စားမကောင်းပေ။အကယ်၍ ချန်လွေ့သာ အရူးအမူးစွဲလမ်းသွားခဲ့လျှင် ထိပ်တန်း မဟာနတ်ဆိုးစွမ်းအားကို အသာထား။ “မိစ္ဆာထောင်ခြောက်”ဟူသော နာမည်သည်ပင် အလကားသက်သက် မဟုတ်ပေ။


“ ကျုပ်က လူသားတစ်ယောက်ဆိုတာကို လေဒီ သိမှာပါ။ ”

ချန်လွေ့က ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်သည်။

“ ဒါက လူသားလောက က အကတစ်မျိုးပါ။ဝေါ့(ဇ်)အကလို့ ခေါ်တယ်။ ”


ဝေါ့(ဇ်)အကကို မူလက ရဲတင်းသော အကတစ်မျိုးဟု ယူဆ၍ရသည်။ အမှန်တကယ်တွင် တော်ဝင်အကတစ်မျိုး ဖြစ်လာရန်အတွက် ရှည်လျားပြီး ခက်ခဲလှသည်။သို့သော်လည်း ဤနေရာသည် နတ်ဆိုးဘုံဖြစ်သည့် အတွက် အကန့်အသတ် သိပ်မရှိပေ။ထို့ကြောင့် အလွယ်တကူပင် လူတိုင်း၏လက်ခံမှုကို ရရှိသွားသည်။


“ ဝေါ့(ဇ်)တဲ့လား။သိပ်ကောင်းတဲ့ နာမည်ပဲ။ဆာ-ချန်လွေ့က ဒီအကကို ကျွမ်းကျင်မှတော့ လူသားလောကမှာ မ‌င်းမျိုးစိုးနွယ်ဝင်တစ်ယောက်ပဲ ဖြစ်မယ်။ရှင် ခုနတုန်းက ကျင့်ဝတ်ထုံးတမ်းတွေကို တကယ်ကြီး မသိချင်ယောင်ဆောင်ခဲ့တာပဲ။ ”

အစ်ဇဘယ်လာက ခပ်ညုညု ထပ်ဖြည့်ပြောလိုက်သည်။

“ ပြီးတော့လည်း ဒီအကအသစ်ကို ကျွန်မ တကယ် သင်ချင်တယ်။ကျွန်မကို သင်ပေးနိုင်မလား မသိဘူး။ ”


“ ဒါက ဂုဏ်ယူစရာပါပဲ။ဒါပင်မဲ့ ဗိုလ်ချုပ် ဆာဂီရဲ့ ကျစ်လစ်တောင့်တင်းတဲ့ခန္ဓာကိုယ် ကျုပ်အရင် ရှုစားချင်နေတယ်။ ”

ချန်လွေ့ အသာလေးပြုံးပြီး အစ်ဇဘယ်လာအား ထပ်မကြည့်တော့ဘဲ ဖြူဖျော့နေသော ဆာဂီအား ကြည့်နေလိုက်သည်။

“ ဗိုလ်ချုပ်‌ဆာဂီ။ခင်ဗျားဆန္ဒအတိုင်း ကျုပ် အကအသစ်ကို ပြသပြီးပြီ။လေဒီ-အစ်ဇဘယ်လာတောင် ကျုပ်ဆီ‌ကနေ သင်ချင်နေတယ်။ကျုပ်ထင်တာကတော့.... အခုက ဗိုလ်ချုပ်ရဲ့ ရဲတင်းမှုကို ပြသရမယ့်အချိန်ပဲ။ ”


ချန်လွေ့က မိမိ၏အလှအပထံ၌ မယိမ်းယိုင်သွားဘဲ မိမိ၏ပရောပရည်လုပ်ခြင်းအား “သက်သေ”အဖြစ် အသုံးချကာ ဆာဂီအား ဖိစီးရန်အသုံးပြုခဲ့သည်ကို တွေ့လိုက်ရာ အစ်ဇဘယ်လာ၏မျက်လုံးများ ပို၍ပင် အရောင်လက်သွားတော့သည်။


မိန်းမအများအပြား၏ မျက်လုံးများအားလုံးအထူးသဖြင့် လိုအပ်ချက်များ မပြည့်စုံသည့် တော်ဝင်မျိုးနွယ်အချို့သည် ဆာဂီအပေါ်၌ အာရုံစိုက်နေကြသည်။ဆာလောင်နေသော အကြည့်အောက်တွင် ဆာဂီပင် ကြက်သီးထသွားခဲ့သည်။


အကြည့်က လူသတ်နိုင်သည်ဆိုလျှင် ချန်လွေ့သည် ပျားလပို့တောင်ကြီး ဖြစ်နေပြီ ဖြစ်သည်။သို့သော်လည်း ဆာဂီတွင် တော်ဝင်မျိးနွယ်တို့၏ နတ်မိစ္ဆာမျက်လုံး သို့မဟုတ် မိစ္ဆာမျက်လုံး မရှိပေ။ထို့ကြောင့် သူသည် ထိုအရာရှိကို အပိုင်းပိုင်းဆွဲဖြဲချင်သည့် မျက်လုံးများဖြင့်သာ စိုက်ကြည့်နိုင်လေသည်။


“ရု(စ်)မိသားစုတွေ မရိုးသားဘူးဆိုတဲ့...... ကောလာဟလက အမှန်များ ဖြစ်နေတာလား။ ”

ချန်လွေ့သည် ဆာဂီ၏ သက်ဖြတ်ချင်နေသော မျက်လုံးများကို မမြင်ချင် ယောင်ဆောင်လိုက်သည်။သူသည် တမင်တကာပင် ထိတ်လန့်ချင်ယောက်ဆောင်ပြီး ကျယ်ကျယ်လောင်လောင် ထပ်ပြောသည်

“ မဟုတ်ဘူး။ဒါက အမှန်မဖြစ်နိုင်ဘူး။ကျုပ် ဆာ-ဆာ‌ဂီရဲ့ စရိုက်ကို ယုံကြည်တယ်။ ”

ထိုစကားများသည် ရုစ်မိသားစုက အိမ်ရှေ့မင်းသား ဂရမ်းအား သစ္စာဖောက်ပြီး အိုစီဒန်ဘက်သို့ အညံ့ခံလိုက်သော မသမာသည့်အပြုအမူကို အမှန်တကယ် စော်ကားလိုက်ခြင်းပင်ဖြစ်သည်။ “ ယုံကြည်တယ် ” ဟူသော နောက်ဆုံး စကားလုံးသည် ဆာဂီအား လမ်းဆုံးသို့ တွန်းပို့လိုက်တော့သည်။


ဆာဂီ အံကြိတ်ပြီး သွားများ ကွဲကြေလုမတတ် ဖြစ်သွားသည်။နောက်ဆုံး၌ သူ အရှူံးပေးလိုက်သည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ အသက်စက်စက် ဝတ်ရုံလည်း ဖြည်းဖြည်းချင်း စုတ်ပြဲသွားသည်။လူအားလုံး၏ အကြည့်အောက်၌ အလျင်အမြန်ပင် ပြောင်ရှင်းသွားခဲ့သည်။


ရှီရာသည် အဲလစ်ဘေးနားသို့ရောက်လာပြီး မျက်လုံးကိုကာထားလိုက်သည်။


အစ်မက တော်တော်လေး စွက်ဖက်တာပဲ။ငါက အဲ့ဒီလိုမျိုး စိတ်အနှောင့်အယှက် ဖြစ်စရာကို မကြည့်ချင်ပါဘူး။ဒါပေမဲ့ တကယ်လို့ အဝတ်ချွတ်လိုက်တဲ့သူက.....


ရဲဝံ့သော လိုလီလေးသည် ရုတ်တရက် ရှက်သွေးဖြာသွားခဲ့သည်။


ဆာဂီသည် အဝတ်များကို အလွန်လျင်မြန်စွာ ဆွဲဖြဲခဲ့သည်။စွမ်းအားမလုံလောက် သူများသည် ဆာဂီ၏ပုံရိပ် ဖျပ်ခနဲဖြစ်သွားပြီး တံခါးဆီသို့ တယ်လီပို့ခုန်သွားသည် ကိုသာ မြင်လိုက်ကြရသည်။အစွမ်းထက်ခြင်းတွင်လည်း အကျိးကျေးဇူးရှိပုံရသည်။ လူပုံအလည်၌ ကိုယ်တုံးလုံးသွားခြင်းကိုပင် အမြန်လုပ်၍ရနေသည်။



နောက်ဘက်မှ စိတ်ထင့်စရာအသံတစ်သံ ထွက်လာပြန်သည်။

“ ဗိုလ်ချုပ်။ခင်ဗျားဘာလို့ ဘောင်းဘီပါ ချွတ်လိုက်ရတာလဲ။ ကျုပ်တို့သဘောတူ ထားတာက အင်္ကျီပဲလေ။ ”


ဒေါသထွက်ပြီး ရှက်နေသော ဆာဂီသည် ပို၍ပင် ပေါက်ကွဲသွားတော့သည်။ သူ၏လည်ပင်း၌ အန်ချင်စရာ ချိုမြိန်သောအနံ့တစ်ခုရှိနေသည်။နောက်ဆုံး၌ သူမထိန်းနိုင်တော့ဘဲ သွေးအန်ကာ ပျောက်ကွယ်သွားတော့သည်။

 

“ သူက တကယ့်ကို ရဲတင်းတယ်။တကယ့်ကို မြို့တော်ကလာတဲ့ ဧည့်သည် တစ်ယောက်ပါပဲ။ ”

ချန်လွေ့သည် စိတ်လှုပ်ရှားစွာ ပြောပြီးနောက် အစ်ဇဘယ်လာအား မေးသည်။

“ တစ်ဆိတ်လောက်။လေဒီ-အစ်ဇဘယ်လာ။ကျုပ်တို့ပြောတာ ဘယ်ရောက်သွားပြီလဲ။ ”


အစ်ဇဘယ်လာ၏ မြစိမ်းရောင်မျက်လုံးများ ရိပ်ခနဲ ဖြစ်သွားသည်။သူသည် ထိုကဲ့သို့ မေ့တတ်သော အပြုအမူမျိုးကို မကျေနပ်ခြင်းမျိုး မဖြစ်ပေ။သူ၏မျက်နှာပါ်၌ ရည်မွန်သောအပြုံး ရှိနေသေးသည်။

“ ခုနကတုန်းက ဆာ-ချန်လွေ့က ကျွန်မကို ဝေါ့ဇ်အက သင်ပေးမယ်လို့ ပြောခဲ့တယ်။ ”


ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

“ ဒါပေါ့။ဒါပင်မဲ့လည်း ဒီနေ့ရဲ့ကပွဲက အဆုံးသတ်တော့မယ်။နောက်တစ်ခေါက် အချိန်ရရင်တော့ လေဒီရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်။ ”



“ နည်းနည်းတော့ နောင်တရစရာ ကောင်းပင်မဲ့လည်း အဆင်....ပြေပါတယ်။ ”

အစ်ဇဘယ်လာ၏အပြုံးသည် ပို၍ပင်နှစ်လိုဖွယ် ကောင်းလာသည်။

“ ကောင်းပါပြီ။ဒါဆိုရင် နောက်တစ်ခါ လာလည်မှာကို စောင့်မျှော်နေပါ့မယ်။ အချိန်ရရင် ဆာ-ချန်လွေ့ဆီကို လာလည်မှာပါ။ ”


ကပွဲပြီးဆုံးသွားသည့်အခါ အဲလစ်သည် ချန်လွေ့အား ပျော်ရွှင်စွာဖြင့် ဆွဲခေါ်သွားပြီး မေးခွန်းအများအပြား မေးခဲ့သည်။မိမိအတွက်လက်စားချေရန်အတွက် ဆာဂီအား ချန်လွေ့အရှက်ခွဲခဲ့ကြောင်းကို လိုလီလေး၏စိတ်ထဲ၌ သိနေသည်။လီုလီလေး အလွန်စိတ်လှုပ်ရှားနေပြီး မျက်နှာနီရဲနေလေသည်။


“ အဲလစ် ”


ရှီရာ၏အသံ ထွက်လာသည်။လိုလီလေးသည် ချန်လွေ့အား အင်တင်တင်ဖြင့် ငေးကြည့်လိုက်သည်။

“ ငါ့ကို ကတိပေး။နင်အားတဲ့အခါ ငါ့ကို အဲ့ဒီဝေါ့(ဇ်)အက သင်ပေးရမယ်။ ”


ချန်လွေ့သည် ရှီရာအား ဖျတ်ခနဲကြည့်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ရှီရာနှင့် မျက်လုံးချင်း ဆုံသွားသည်။ရှီရာ၏အေးစက်စက် အကြည့်၌ တစ်စုံတစ်ရာ မသေမချာဖြစ်နေကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။တစ်ချိန်တည်းမှာပင် သူတို့ကနေစဉ်က ရှိနေခဲ့သော “ နားလည်သဘောပေါက်ခြင်း ”တစ်ခုက သူတို့၏ နှလုံးသားထဲ၌ ဖြစ်တည်လာသည်။


ရှီရာသည် အလျင်အမြန်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး အဲလစ်နှင့်အတူ လမ်းလျှောက်ထွက်သွားလိုက်သည်။


ရှီရာ နောက်ပြန်လှည့်မကြည့်သော်လည်း ချန်လွေ့ကြည့်နေကြောင်းကို ထူးထူးဆန်းဆန်း သိနေသည်။ချန်လွေ့လည်း ရှီရာသိနေကြောင်းကို သိနေသည်။



  







Recommendation

Discussion