Overgeared - Chapter 149
အပိုင်း(၁၄၉) { စာစဉ် ၁၀ - အပိုင်း(၁၄)}
-အကို... ထွက်လာတော့.. မြန်မြန်..
“ဘာဖြစ်လို့လဲ” ယောင်ဝူးဟာ အပြင်ဘက်မှ အသိပေးစာကို ရရှိပြီးနောက် သူ့ဂိမ်းဖန်အိမ်ထဲမှ မြန်မြန်ထွက်လာလိုက်ရသည်။ “ဆယ်ဟီး ဘာဖြစ်လို့လဲ”
Satisfy တွင် ငွေရှာနိုင်ကတည်းမှ စ၍ ယခုအချိန်မှ ဆယ်ဟီးက ပထမဆုံးအကြိမ်အဖြစ် ဂိမ်းမှ ထွက်လာခိုင်းတာ ဖြစ်သည်။ မည်သို့သော အခြေအနေက သူမကို ယခုကဲ့သို့ ပုံစံဖြစ်အောင် လုပ်နိုင်သနည်း။
‘ဓားပြတိုက်ခံနေရလို့လား’
ယောင်ဝူးဟာ အလွန်ထိတ်လန့်တတ်သော ယုန်သူငယ်လေးဖြစ်သည်။
ကြောက်စရာကောင်းသည့် ဇာတ်ကားများကို ပုံမှန်လူများထက် လေးဆလောက် ပိုမိုကြောက်ရွံ့ပြီး သောက်ထားသည့် အချိန်မှလွဲ၍ ညဘက်အချိန်ဆိုပါက သူ တစ်ယောက်တည်း လမ်းမလျှောက်ရဲပေ။ လူတစ်ယောက်နှင့် မျက်လုံးချင်းဆုံလိုက်သည်နှင့် ကြောက်လန့်တတ်သည်။ အကယ်၍ သူ့အိမ်ကို သူခိုးဝင်လာပါက ကာကွယ်ရန်ထက် အိမ်မှ ထွက်ပြေးဖို့သာ သူ လုပ်ပါလိမ့်မည်။
သို့သော်။
‘ငါ ပြောင်းလဲသွားပြီကွ’
ဘဝတစ်လျှောက် ခံစားရခဲ့သည်များ၏အဆုံး ယခုလို အောင်မြင်မှုပိုင်ဆိုင်ချိန်တွင် သူ ယုံကြည်ချက်ရှိလာသည်။ အရင်ဆုံး သူ့မိသားစုအတွက် သတ္တိရှိရမည်။
မြန်မြန်လှုပ်ရှားလိုက်သည်....
ယောင်ဝူးက ပိတ်ထားသော တံခါးကို ဆွဲဖွင့်လိုက်ကာ အော်လိုက်၏။ “ဘယ်မျိုးမစစ်က လုပ်ရဲတာလဲ။ ငါ့ညီမလေးကိုယ်ပေါ် လက်တင်လိုက်တဲ့ ဘယ်ကောင်မဆို အသတ်ခံရမယ်ဆိုတာကို မသိဘူးလား”
သူ ဆယ်ဟီးကို ကာကွယ်ရမည်။ ထိုဖောက်ထွင်းသူခိုးက ဓားကိုင်ထားသည်ဆိုရင်တောင်မှ ကာကွယ်ရမည်။ ထို့နောက်တွင်တော့ ယောင်ဝူးက ကျောက်တုံးလို တောင့်တင်းသွားတော့သည်။
“ဟယ်လို”
“ဘာကြီး”
ယောင်ဝူး ကြောင်အသွားသည်။ ဖောက်ထွင်းသူခိုးဖြစ်ရမည့်အစား သူ ရင်းနှီးနေသည့် အလှကလေးက သူ့အိမ်ထဲသို့ ရောက်နေသည် မဟုတ်ပါလား။
“နင်က နင့်ညီမလေးကို တကယ်ဂရုစိုက်တာပဲနော်” မိန်းမလှလေးက အပြုံးကလေးဖြင့် ပြောလိုက်သည်။
သူမက မျက်နှာကြီးနီရဲနေပြီဖြစ်သည့် ဆယ်ဟီးကို ထိုင်ရင်းနှင့် ကြည့်လိုက်သည်။ ဆယ်ဟီးက ပျော်သွားပါသော်လည်း သူမက “အကို ဘာတွေတွေးနေတာလဲ။ လျှောက်တွေးမနေနဲ့။ ဘာပဲဖြစ်ဖြစ် ကျမက ဒီကိစ္စမှာ မပါဘူးနော်။ အကို နင်ဟာလေ... နင့်ကိုနင် ညီမကို အရမ်းဂရုစိုက်ပါတယ်လို့ လူတကာသိအောင် ကြေဌာနေတာလား”
ဆယ်ဟီးက အောင်နိုင်သူအမူအရာဖြင့် မိန်းမလှလေးကို ကြည့်လိုက်သည်။ ‘တွေ့တယ်မလား။ အကိုနဲ့ ညီမကြားကို နင် ဝင်လာလို့ မရဘူး’ သူမက ထိုကဲ့သို့ ပြောနေသယောင်ယောင်။ မိန်းမလှလေးကတော့ ဆယ်ဟီးက ချစ်စရာကောင်းသည်ဟူသော ထင်မြင်ရသည့် အပြုံးဖြင့် ပြုံးလိုက်၏။
“ဘာရယ်...”
တစ်ဖက်တွင်တော့ ယောင်ဝူးက ကျောက်တုံးဖြစ်နေပြီ။ သူ့မျက်လုံးများကို အကြိမ်ကြိမ်ပွတ်ကာ ကြည့်ကြည့်နေ၏။ ဆယ်ဟီးနှင့် ထောင့်ဖြတ်ထိုင်နေသည့် မိန်းမလှလေးကို အကြိမ်ကြိမ် အတည်ပြုနေသည်။
‘သူက ဘာလို့ ငါ့အိမ်ထဲ ရောက်နေတာလဲ’
ယူရာ။ တောင်ကိုရီးယား၏ ရတနာလေးက အဘယ်ကြောင့် သေးနုပ်သော ဤနေရာကို ရောက်နေပါသနည်း။ တကယ်ရော ဟုတ်ရဲ့လား။
‘ဘာလို့ ရောက်နေမှန်းမသိပေမဲ့ သူက အရမ်းလှတာဘဲ’
ယူရာက သူမ၏ ညှပ်ရိုးကို ပေါ်လွင်စေသည့် V ပုံစံ တီရှပ်ကို ဝတ်ထားပြီး အပေါ်တွင် အဝါဖျော့ဖျာ့ဂျာကင်အင်္ကျီကို ထပ်ဝတ်ထားသည်။ သူမ၏ ကောင်းမွန်သည့် ကိုယ်နေဟန်ထား၊ ယုံကြည်ချက်ရှိသည့် မျက်လုံး၊ နူးညံ့သိမ်မွေ့မှုနှင့် ကြည်လင်ပြတ်သားသော အသံက သူမဟာ အဆင့်အတန်းမြင့်သည့် အမျိုးသမီးမှန်း ဖော်ညွှန်းနေသည်။
နှစ်စက္ကန့်လောက် မှင်သက်သွားသည်။ ယူရာကြောင့် စိတ်ဗလာဖြစ်သွားပြီးနောက်မှသာ အသိပြန်ဝင်လာတော့သည်။ သူ ကြုံတွေ့ခဲ့ရသည်များအရ ယူရာအပေါ် ခံစားချက်မကောင်းပေ။ ခေါင်းခါလိုက်ပြီး ဆိုဖာပေါ် ထိုင်လိုက်သည်။ ဆယ်ဟီးနှင့် ဘေးချင်းယှဉ်ထိုင်ပြီး ယူရာနှင့်တော့ မျက်နှာချင်းဆိုင်ထိုင်လိုက်ခြင်း ဖြစ်ပါသည်။
“ဘာလို့ အိမ်ကို ရောက်လာတာလဲ။ ပြီးတော့ ကျုပ်အကြောင်း အရမ်းသိလွန်းနေတယ်နော်။ နောက်ယောင်ခံလိုက်နေတာလား”
ယူရာ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
‘သူ ပြောင်းလဲသွားပြီပဲ’ ကျောင်းသားဟောင်းတွေ့ဆုံပွဲသို့ သွားရာလမ်းပေါ်တွင် သူမတွေ့ခဲ့သည့် ရှင်းယောင်ဝူးသည် သူမဆီမှ ဖယ်ခွာနေသည်။ သူက အပြစ်ရှိသည့် ပုံစံလုပ်နေပြီး သူမ၏ မျက်လုံးကိုပင် မကြည့်ရဲခဲ့ချေ။ အခု သူကတော့ မတူတော့ပေ။ တွန့်ဆုတ်ခြင်းမရှိတော့သလို သူမ၏ မျက်လုံးကို ကြည့်ပြီး စကားပြောနေသည်။
“နင်က လုံးဝကို ပြောင်းလဲသွားပြီဘဲ။ တခြားလူအတိုင်းဘဲ”
“အကောင်းသဘောနဲ့ ပြောတာလို့ မှတ်လိုက်မယ်”
စကားပြောသည့်လေသံကပင် ကွာသွားပြီ။ ယူရာ ပြုံးလိုက်ကာ ပြန်ပြောလိုက်၏။ “နင့်ရဲ့ အခုပုံစံကို ငါ သဘောကျတယ်”
‘သူက သဘောကျတယ်တဲ့’
ယူရာက ကမ္ဘာပေါ်ရှိ အလှဆုံးမိန်းမလှလေးများထဲမှ တစ်ယောက်ဖြစ်ပြီး ဩဇာကြီးကာ တစ်ချိန်တည်းတွင် အောင်မြင်နေသည်။ ထိုသို့သော မိန်းမမျိုးက သူ့ကို သဘောကျသည်တဲ့။ ရှင်းယောင်ဝူး ပျော်သွားပါပြီ။
‘ငါ့မိသားစုနောက်ခံက... မဖြစ်ပါဘူး။ ငါတို့က မဖြစ်နိုင်ပါဘူးလေ။ ဒီထူးဆန်းတဲ့ မိန်းမကို ငါ့နှလုံးသားထဲ အဝင်ခံလို့ မရဘူး’
ယူရာက နောက်ယောင်ခံလိုက်ရတာကို သဘောကျသည့် ထူးထူးဆန်းဆန်း အကျင့်ရှိနေသည်။ ယောင်ဝူးက တတ်နိုင်သမျှ အေးစက်သည့် ပုံဖမ်းလိုက်ကာ ပြန်ပြောလိုက်သည်။ “ကျနော်ကတော့ ခင်ဗျားရဲ့ နှလုံးသားကို လက်မခံချင်ဘူး”
ယူရာက စိတ်ဆိုးသွားခြင်းမရှိပေ။ ယောင်ဝူး၏ တကိုယ်လုံးကို ကြည့်လိုက်သည်။
“ကိုယ်အလေးချိန်တွေတောင် တက်လာပြီ။ အရင်ကနဲ့ ယှဉ်ရင် တကယ်ကို ကောင်းလာတယ်။ နင့်အရိုးတည်ဆောက်ပုံကလည်း မဆိုးဘူး။ ကြည့်ကောင်းတယ်”
ဟုတ်လည်း ဟုတ်သည်။ အရင်တုန်းက အကြွေးနှင့် လုံးနေရသဖြင့် ထမင်းနပ်မှန်အောင်ပင် မစားနိုင်ခဲ့။ တနေကုန် ဂိမ်းကစားရပြီး လွတ်ခဲ့သည့် ထမင်းနပ်ပေါင်းလည်း မနည်းခဲ့။ အားကစားလည်း မလုပ်နိုင်ခဲ့ပေ။ ဒါကြောင့် သူ ကြည့်မကောင်းသည်မှာ မဆန်းတော့ချေ။ သို့သော် ယခုတော့ သူဟာ ချမ်းသာလာပြီ ဖြစ်သည့်အတွက် အရသာရှိသည့် အစားအသောက်အမျိုးမျိုးကို စားနိုင်နေပြီ ဖြစ်ပါသည်။
အစားအသောက်ကောင်းကို နှစ်သက်သူဖြစ်သည့်သူဟာ စားချင်သလို စားနိုင်နေပြီး ဤကဲ့သို့ စည်းစိမ်ကို ကြာကြာခံစားလိုပါက သူ အသက်ရှည်ရန် လိုကြောင်း အတွေးဝင်လာခဲ့သည်။ မနက်ခင်းတွင် တခါတရံ ဆယ်ဟီးနှင့် ပြေးလေ့ရှိပြီး ထိုကဲ့သို့ ကျန်းမာရေးလိုက်စားလာသည့်အတွက် ပုံမှန်အလေးချိန်သို့ ပြန်ရောက်သွားသည်။
အရင်ရုပ်ရည်နှင့် ယှဉ်ပါက ပို၍ ကြည့်ကောင်းနေပြီ။ အတော်ကို ကြီးမားသော တိုးတက်မှုကြီး ဖြစ်လေသည်။
“ရှင့်ကို ကျမ အားကိုချင်တယ်”
“ဘာကြီး” ယောင်ဝူးက ယူရာ၏ စကားကြောင့် ရှက်သွားသည်။ “ဘာပြောလိုက်တာလဲ။ ကျုပ်ကို ရှင်းရှင်းလင်းလင်း ပြန်ပြောပြပေးပါအုံး။ အဓိကက ဘာလို့ ဒီအိမ်ကို လာတာလဲ။ ဝေ့ဝိုက်မနေပါနဲ့။ တည့်ပြောပါ”
‘ပြောတာ ကောင်းတယ် အကို’
လူနှစ်ယောက် စကားပြောနေသည်ကို ကြည့်နေသည့် ဆယ်ဟီးက ဝမ်းသာနေသည်။ မယုံနိုင်စရာကောင်းသည်မှာ ယူရာက သူမအကိုကို တစ်ဖက်သတ်လိုက်နေပုံရပြီး သူမအကိုကတော့ ယူရာကို ဆန့်ကျင်နေသည်။ အဘယ်ကြောင့် တကမ္ဘာလုံးက လေးစားရသည့် မိန်းမမျိုးက သူမအကိုကိုမှ ပိုင်ဆိုင်ချင်နေသည်ကို မသိသော်လည်း သူမအကိုက သူ့ကို ဘာကြောင့် ငြင်းဆန်နေသည်ကို ပိုနားမလည်နိုင်ပေ။
ဆယ်ဟီး မယုံနိုင်ဖြစ်နေပါသော်လည်း သူမအကို၏ သဘောထားကို နှစ်သက်နေသည်။ “လက်ဖက်ရည် သွားပြင်ပေးမယ်နော်”
သူမအကိုက မိန်းမတစ်ယောက်ဆီမှ ထွက်ပြေးချင်နေပုံ ရသည်။ ရယ်စရာကောင်းသော်လည်း ထိန်းထားကာ ပြုံးလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ သွားလိုက်ပါသည်။
ယူရာက နောက်ဆုံးတော့ တည့်ပြောပြီ။ “ငါ နင့်ကို တောင်ကိုရီးယားက ဦးစီးကျင်းပတဲ့ ပြိုင်ပွဲမှာ ဝင်ပါဖို့ လာဖိတ်တာ”
“ငါ့ကိုလား”
သူ ဘာတွေ ပြောနေတာလဲ။ ယောင်ဝူး၏ တုန့်ပြန်ပုံကြောင့် ယူရာက အခြေအနေကို ရှင်းပြလိုက်သည်။
“ဒီကမ်းလှမ်းချက်က တရားတော့ မဝင်ဘူးပေါ့။ သူတို့က မေ ၁ ရက်နေ့မှာ ကျင်းပမဲ့ ပြိုင်ပွဲမှာ ပါဖို့ လူကို ငါ့ကို ရွေးခိုင်းထားတယ်။ နောက်လေးရက်ဆို ပြိုင်ပွဲက စပြီ”
ယူရာက Satisfy ရှိ ထိပ်တန်းအဆင့်ရှိကစားသမားငါးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ကမ္ဘာ့ကြယ်ပွင့်လည်း ဖြစ်သည့်အတွက် သူမက အစိုးရနှင့် အဆက်အသွယ်ရှိသည်မှာ ထူးဆန်းလှသည်တော့ မဟုတ်ချေ။
“အကြမ်းဖျင်းကိုတော့ နားလည်ပါပြီ။ ဒါပေမဲ့ ဘာလို့ ကျုပ်ကိုလဲ။ ကျုပ်ကို ပိုတွက်ထား မနေဘူးလား”
“နင့်မှာ မော်ကွန်းအဆင့်ဇာတ်ကောင်ရှိတယ် မဟုတ်လား”
ဒုတိယမြောက်ပေါ်ခဲ့သည့် မော်ကွန်းအဆင့်ဇာတ်ကောင်ကိုတော့ Agnus က ပိုင်ပြီး တတိယမြောက်ကိုတော့ Katz က ပိုင်သည်။ ပထမပေါ်ခဲ့သည့် မော်ကွန်းအဆင့်ဇာတ်ကောင်ကို မည်သူပိုင်သလဲ အခုထိ မပေါ်သေးပေ။ ပထမဆုံးပေါ်ခဲ့သည့် မော်ကွန်းအဆင့်ဇာတ်ကောင် ‘ပုံတူကူးသူ’ ကို ယူဖီမီနာက ပိုင်ဆိုင်သည်ကို ယောင်ဝူးက သိပေမဲ့ ယူရာက မသိပေ။ အတိတ်တုန်းက သူမ၏ အားအကောင်းဆုံးမှော်မှ လွတ်ခဲ့သည့်အတွက် သူမက သူ့ထံတွင် မော်ကွန်းအဆင့်ဇာတ်ကောင်ရှိသည်ဟု နားလည်မှုလွဲသွားခြင်း ဖြစ်သည်။
“နင် သိမှာပါ။ တောင်ကိုရီးယားက အရင်တုန်းက ဂိမ်းမှာ အတော်ကို အားကောင်းခဲ့တာလေ။ ဂိမ်းပြိုင်ပွဲအများစုက တောင်ကိုရီးယားက ပရိုဖက်ရှင်နယ်ကစားသမားတွေနဲ့ အသင်းတွေကဘဲ ချန်ပီယံဆုရခဲ့တာ။ ဒါပေမဲ့ အက်တာက အတိတ်မှာ ကျန်ခဲ့ပြီ။ ကိုရီးယားတွေက မလုပ်နိုင်တော့ဘူး။ အထူးသဖြင့် Satisfy မှာပေါ့”
“အရင်က ဖတ်ဖူးတယ်”
“ဟုတ်တယ်။ ဒီပြဿနာက အာရှသားတွေ အကုန်လုံး ရင်ဆိုင်နေရတာ”
နားလည်မှုလွဲနေသော ဆယ်ဟီးက မီးဖိုချောင်ထဲမှ ထွက်လာသည်။ သူမက စကားဝိုင်းကို အနှောင့်အယှက်ဖြစ်အောင် မလုပ်ဘဲ ဘေးတွင် ဝင်ထိုင်လိုက်သည်။ လက်ဖက်ရည်ဖြင့် ဧည့်ခံသည့်အတွက် ဆယ်ဟီးကို ကျေးဇူးတင်လိုက်ပြီးနောက် ယူရာက စကားဆက်ပြောလိုက်သည်။
“တောင်ကိုရီးယားအစိုးရက ဒီပြိုင်ပွဲကနေတဆင့် အတိတ်က ဂုဏ်ကျက်သရေကို ပြန်ရချင်နေတယ်။ အခုဆို ဂိမ်းမှာ အပြိုင်အဆိုင်တွေ ပြင်းထန်လာပြီ။ တောင်ကိုရီးယားအစိုးရက ငါတို့ရဲ့ ဂိမ်းစွမ်းရည်ကို အင်အားကြီးလာအောင် လုပ်ချင်နေတယ်... ပြောရမယ်ဆို သူတို့က Satisfy ကနေ တဆင့် နိုင်ငံရဲ့ စွမ်းအားကို ပြချင်နေတာပေါ့”
“သူတို့က ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရချင်နေတာ မလား”
“ဟုတ်တယ်။ ဒါပေမဲ့ အရမ်းခက်မှာ”
“ဘာလို့ခက်မှာလဲ။ ခင်ဗျားက ပေါင်းစည်းထားတဲ့ အဆင့်သတ်မှတ်ချက်မှာ အဆင့်ငါးလေ။ လူတယောက်က ပြိုင်ပွဲသုံးခုထိ ဝင်ပါလို့ ရတယ် မဟုတ်လား။ ရွှေတံဆိပ်သုံးခုဆို အဆင်ပြေနေပြီဘဲ”
အခုမှ ပထမဆုံးအကြိမ် ပြိုင်ပွဲကျင်းပခြင်း ဖြစ်သည့်အတွက် နိုင်ငံရှစ်နိုင်ငံသာ ပါဝင်ကြသည်။ ရွှေတံဆိပ်ဆုသုံးခုက ထိပ်တန်းအဆင့်တွင် ဝင်နိုင်ရန် လုံလောက်ပါပြီ။ ယောင်ဝူးက ရိုးရိုးရှင်းရှင်း တွေးနေခြင်းဖြစ်သည်။ အဖြစ်မှန်ကတော့ ထိုသို့မဟုတ်ပေ။
“PvP မှာ ငါ့ထက် သန်မာတဲ့လူက ခုနှစ်ယောက်တောင် ရှိတယ်။ ဘော့စ်ရိတ်ဒ်နဲ့ ဝင်္ကပါကလည်း ငါ ကျွမ်းကျင်တဲ့ နေရာတွေ မဟုတ်ဘူး။ ထုတ်လုပ်ရေးပြိုင်ပွဲတွေက ထုတ်လုပ်ရေးအမျိုးအစားဇာတ်ကောင်တွေမှ ဝင်ပြိုင်လို့ ရတာလေ”
"..."
“အိမ်မွေးသားရဲမာရသွန်က ဝိုင်ဗန်တွေနဲ့ ပွဲသိမ်းပြီ။ ဆိုးတာက ဝိုင်ဗန်ပိုင်တဲ့ တောင်ကိုရီးယားကစားသမား မရှိသေးဘူး။ အက်မှာ ငါတို့ လွှတ်လိုက်ရပြီ။ ကျန်တာက the siege, target processing, sword drawing နဲ့ ရတနာမုဆိုးဘဲ။ သူတို့ထဲမှာ ငါ ရွှေတံဆိပ်ဆု သေချာတာက target processing ဘဲ ရှိမယ်။ siege က ငါ့အထူးပြုထဲ ပါပေမဲ့ ဆုရဖို့ ခက်တယ်။ ကိုရီးယားအသင်းက အတော်ကို စွမ်းအားနည်းနေတယ်လေ”
ယောင်ဝူးက တိတ်တိတ်ကလေး နားထောင်နေပြီးနောက် မေးခွန်းမေးလိုက်ပါပြီ။ “ဒါဆို ခင်ဗျားက ဘယ်နေရာမှာ အသုံးဝင်သေးလဲ”
"..."
သူမ၏ ရင်ကို ဓားဖြင့် ထိုးလိုက်သလို ခံစားလိုက်ရသည်။ ယူရာ၏ မျက်ခုံးများက မကျေနပ်မှုကြောင့် တွန့်သွားသည်။ ယောင်ဝူးက ဂရုမစိုက်ဘဲ ဆက်ပြောနေ၏။
“ဟုတ်တယ်မဟုတ်လား။ မဟုတ်သေးဘူး။ ဘာလို့ ခင်ဗျားထက် သန်မာတဲ့လူက ခုနှစ်ယောက်တောင်ဘဲ။ ခင်ဗျားက ပေါင်းစည်းထားတဲ့ အဆင့်သတ်မှတ်ချက်မှာ အဆင့်ငါးလေ။ ခင်ဗျားထက် သန်မာတဲ့ လူက လေးယောက်ဘဲ ရှိရမှာ မဟုတ်ဘူးလား။ ပြီးတော့ ရှစ်ယောက်မြောက်အစေခံဆိုတော့ အထူးစွမ်းရည်တွေ ရထားအုံးမှာ။ ကျုပ်က ခင်ဗျားကို Satisfy ရဲ့ မဏ္ဍိုင်သုံးယောက်ထဲက တစ်ယောက်လို့ မှန်းထားခဲ့တာ”
ပုံမှန်မျက်နှာအမူအရာကို ပြန်လည်ရောက်ရှိသွားပြီး ယူရာက စကားပြန်ပြောလိုက်ပါသည်။
“ငါ့မှာ ရှစ်ယောက်မြောက်အစေခံဆိုတဲ့ ဂုဏ်ဒြပ်ရှိတာတော့ ဟုတ်တယ်။ နတ်ဘုရားရာတန်ဆီကနေ နတ်ဘုရားစွမ်းအားချီးမြှင့်ခံရပြီး အောက်လမ်းမန္တန်တချို့လည်း ရထားတယ်။ တိုက်ခိုက်ရေးမှာလည်း တက်လာတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက အကျယ်ကြီးလေ။ အဆင့်သတ်မှတ်ချက်က ခွန်အားကို တိုင်းနိုင်တာ မဟုတ်ဘူး။ သက်သေပြရမယ်ဆိုရင် နင်ပေါ့။ နင်လဲ အဆင့်ရှိတဲ့ ကစားသမားမှ မဟုတ်တာ။ နင့်လို အဆင့်သတ်မှတ်ချက်မှာ စာရင်းမသွင်းထားတဲ့ ကစားသမားတွေ ဘယ်လောက်တောင် ရှိမလဲ။ ငါ့ထက် သန်မာတဲ့လူက ဆယ်ယောက်လောက် အနည်းဆုံးရှိတယ်”
“ဟင်း.... ခင်ဗျားသိထားတဲ့ ခင်ဗျားထက် သန်မာပါတယ်ဆိုတဲ့ လူတွေက ဘယ်သူတွေလဲ”
ယူရာက တုံ့ဆိုင်းခြင်းမရှိဘဲ အစဉ်လိုက်ပြောလိုက်သည်။ "1st ranked Kraugel. 2nd ranked Zibal. 3rd ranked Chris. 7th ranked Agnus. 8th ranked Hurent. 11th ranked Bondre. 15th ranked Hao. သူတို့ဘဲ”
“Agnus မော်ကွန်းအဆင့်ဇာတ်ကောင်ပိုင်တာဆိုတော့ ဟုတ်ပါပြီ။ 8th, 11th နဲ့ 15th တွေက ဘာလို့လဲ”
“ဘာလို့လဲဆို သူတို့အဆင့်တွေက ငါ့ထက် နိမ့်တာ မှန်ပေမဲ့ တိုက်ပွဲမှာတော့ အက်လူတွေက မွန်းစတားတွေဘဲ။ Kraugel နဲ့ ယှဉ်လိုက်ရင်တော့ သိပ်အထင်ကြီးစရာ မကောင်းတော့ပါဘူး”
“Kraugel က အက်လောက်ကို စွမ်းအားကြီးတာလား”
“သူ အမဲလိုက်တာကို ငါ အကြိမ်အများကြီး မြင်ဖူးတယ်။ သူ့ကို ပုံမှန်အသိအမြင်တွေနဲ့ တွက်ချက်လို့ မရတော့ဘူး။ သူက လှုပ်ရှားမှုအနည်းဆုံးနဲ့ အမြင့်မားဆုံးရလဒ်တွေကို ယူဆောင်နိုင်တဲ့ လူတစ်ယောက်ဘဲ။ သူ့တိုက်ပွဲအမြင်ကလည်း ကျယ်ပြန့်တယ်။ ထိခိုက်ပမာဏ၊ စကေးကြာချိန်၊ လှုပ်ရှားတဲ့ ပုံစံတွေကို ဖတ်နိုင်ပြီး တန်ပြန်တိုက်ခိုက်တာတွေပါ လုပ်နိုင်တယ်။ လူတွေက ငါ့ကို ပါရမီရှင်လို့ ခေါ်ကြပေမဲ့ သူက ငါ့ထက် အများကြီးပါရမီပိုရှိတယ်”
“ဝိုး.... ကြားရတာတော့ သူက တကယ်ကို စွမ်းအားကြီးတာဘဲ”
ထိုကဲ့သို့ ပြောလိုက်သော်လည်း ယောင်ဝူးကတော့ တွေးနေသေးသည်။ သူ တော်ရင်ကော ဘာလုပ်လို့ရမှာလဲ။
‘အိုင်တမ်တွေရဲ့ စွမ်းအားရှေ့မှာဆို ဘာမှမဟုတ်တော့ဘူး မဟုတ်လား’
RPG ဂိမ်းတွေ၏ အမှန်တရားမှာ အိုင်တမ်တွေ ဖြစ်သည်။ ယောင်ဝူးက Kraugel ကို လှောင်နေချိန် ယူရာက သူ့ကို မေးလာသည်။
“နင့်ရဲ့ မော်ကွန်းအဆင့်ဇာတ်ကောင်စွမ်းအားကို ငါ လိုတယ်။ ပြိုင်ပွဲမှာ ဝင်ပါပြီး နင့်စွမ်းအားနဲ့ ကူညီပေးပါ။ အစိုးရကလည်း နင်သာ ဆုရခဲ့ရင် အကျိုးအမြတ်အများကြီး ပေးမယ်လို့ ကတိပေးထားတယ်။ နင့်အတွက် အကျိုးမယုတ်ပါဘူး”
ယောင်ဝူးက အကျိုးအမြတ်ဟူသော စကားကြောင့် နားယောင်သွားပြီး စိတ်ပါသွားသေးသည်။
‘ငါ ပါချင်တာပေါ့... ဒါပေမဲ့.. ဟာ... စိတ်ရှုပ်လိုက်တာ။ ပါလိုက်ရင် ငါ့ဇာတ်ကောင်အဆင့်က ဒဏ္ဍာရီအဆင့်ဆိုတာကို သိသွားကြမလားမသိဘူး..’
ယောင်ဝူးက ယူရာကို မေးလိုက်သည်။ “ဝင်ပြိုင်ရင် ID ကို ဖုံးထားပြီး ပြိုင်လို့ရလား”
“မရဘူး။ ပြိုင်ပွဲဝင်ဖို့က Id နဲ့ စာရင်းသွင်းရမှာ”
ထင်ထားသည့်အတိုင်းပင်။ ယောင်ဝူးက မေးခွန်းပြောင်းလိုက်သည်။ “ဒါဆို အိမ်မွေးသားရဲမာရသွန်ကကော။ သက်ရှိမဟုတ်ရင်လဲ ဝင်ပြိုင်လို့ ရလား”
“သက်ရှိမဟုတ်တာတွေလား”
“သက်ရှိ မဟုတ်တာတွေ”
အိမ်မွေးသားရဲတွေကတော့ အိမ်မွေးသားရဲတွေပါဘဲ။ တိရစ္ဆာန်တွေ။ အသက်ရှင်တာတွေလေ။ ဒါပေမဲ့ သက်ရှိမဟုတ်တဲ့ဟာက။
“သက်ရှိမဟုတ်တဲ့ဟာတွေက အိမ်မွေးသားရဲမဖြစ်နိုင်ဘူး”
“သက်ရှိမဟုတ်တဲ့ဟာတွေလို့ ပြောတာက အသိစိတ်ရှိတာတွေလေ။ သူတို့လဲ အမိန့်တွေကို နာခံနိုင်ကြတာပဲကို”
အသိစိတ်ပါတဲ့ သက်မဲ့တွေ။
“မှော်ပညာရှင်တွေ လုပ်တဲ့ ဂိုလမ်လိုမျိုးလား”
“လက်ခံလို့တော့ ရတယ် မဟုတ်လား”
“သဘောတရားအရဆိုရင်တော့ ရတယ်...”
“ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲမှာ အဓိကပါမှာက ဝိုင်ဗန်တွေဘဲ။ သူတို့က ပြိုင်ပွဲအားလုံးနီးပါးမှာ ပါလို့ ရတယ်။ ငါ့အိမ်မွေးသားရဲမှာသာ သက်လုံမပါရင် တခြားသားရဲတွေကို အနိုင်ယူနိုင်ပြီး မာရသွန်ကို နိုင်ပြီလေ။ ရွှေတံဆိပ်ဆုတောင် ရမှာ။ အရင်ကတော့ မလုပ်ဖူးသေးဘူး”
“ဒါ...”
“ငါ့အိမ်မွေးသားရဲကို နင့်သားရဲလို့ ပြောလိုက်ပေါ့။ မပူနဲ့။ ငါ ထိန်းချုပ်ပေးမယ်။ ဒါပေမဲ့ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရသွားရင်တော့ ငါ့ကို အက်ပြိုင်ပွဲအတွက် အကျိုးအမြတ်အကုန်ပေးပေါ့။ အဆင်ပြေတယ်မလား”
“ရိုးရိုးသားသားပြောရရင် အကျိုးအမြတ်ကို ငါ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ အသိဉာဏ်ပါတဲ့ အဆင့်မြင့်ဂိုလမ်တွေမှ အိမ်မွေးသားရဲလို့ ခေါ်လို့ရမှာနော်”
“ငါ့ကို မယုံဘူးလား။ ဒါဆို အိမ်ပြန်ပြီး Satisfy ထဲ ဝင်လိုက်လေ။ ငါ နင့်ကို ပြပေးမယ်”
“အင်း။ ငါ ဂိမ်းထဲ ဝင်လိုက်ပြီး နင့်ကို သီးသန့်စာပို့လိုက်မယ်”
ယူရာ ထလိုက်သည်။ သူမက ဆယ်ဟီးကို လက်ဖက်ရည်က အရသာရှိကြောင်း ချီးကျူးလိုက်ပြီး အိမ်ရှေ့တံခါးကို သွားလိုက်၏။ ယောင်ဝူးက တံခါးကို ဖွင့်ပေးလိုက်သည်။ ယူရာက သူ့ကို ကြည့်လိုက်ကာ သတင်းတစ်ခုကို ပြောလာသည်။
“နင် သိသင့်တဲ့ဟာ တစ်ခုတော့ ရှိတယ်။ အခုဆို ဘိုင်ရန်ရွာက တိုက်ခိုက်ခံနေရလောက်ပြီ”
“ဘာလို့လဲ”
"Neberius ရာတန်ဘုရားကျောင်းရဲ့ လေးယောက်မြောက်အစေခံပေါ့။ သူက သူလျှိုတွေ လွှတ်ပြီး သတင်းတွေ စုံစမ်းပြီးပြီလေ။ ငါးယောက်မြောက်အစေခံ Balak က တိုက်ခိုက်နေလောက်ပြီ။ စက်ဒခအစည်းအရုံးက အခုဆို သုတ်သင်ခံလိုက်ရတာမဟုတ်ရင် ပျက်ဆီးနေတော့မယ်”
"..."
ယူရာက လက်ချောင်းထောင်လိုက်ကာ ယောင်ဝူး၏ နှလုံးကို ထိုးလိုက်၏။ “ရာတန်ဘုရားကျောင်းနဲ့ စက်ဒခအစည်းအရုံး တိုက်ပွဲဖြစ်ရင် ငါ နင့်ကို သတ်မှာမဟုတ်ဘူးလို့ ပြောထားတာ ကြေသွားပြီနော်”
‘မဖြစ်နိုင်တာ’
ယောင်ဝူး အချိန်ကို စစ်ဆေးလိုက်သည်။ သူ Satisfy မှ ထွက်လာတာ မိနစ်လေးဆယ်သာ ရှိသေးသည်။ Satisfy မှာဆို နှစ်နာရီသာ ရှိအုံးမည်။
“ခင်ဗျား ရည်ရွယ်ချက်ရှိရှိနဲ့ ဒီအချိန်ကို ရွေးလာတာလား”
“ဟုတ်တယ်လေ။ နင်ကလည်း စစ်ပွဲတွေကို ဂရုမစိုက်ဘူးလို့ ပြောထားတာကို။ အကြောင်းပြချက်ကောင်းကောင်းရတယ် မဟုတ်ဘူးလား”
“ငါလဲ မသေချာတော့ဘူး...”
သူ လွန်ဆွဲနေသည်။ သူက စက်ဒခအစည်းအရုံး၏ စစ်ပွဲတွင် ဝင်ပါရန် အကြောင်းမရှိချေ။ သူက ပန်းပဲဆရာသာဖြစ်ပြီး စစ်သားမဟုတ်။
“ဒါဆို ငါ သွားတော့မယ်”
“စောင့်အုံး”
“ဘာလဲ”
ယောင်ဝူးက ထွက်သွားတော့မည့် ယူရာကို တားလိုက်သည်။
“လေးယောက်မြောက်အစေခံ... သူက နတ်ဘုရားရာတန်ရဲ့ ကောင်းချီးကို ပေးနိုင်တဲ့ စွမ်းရည်ရှိလား”
ယူရာ ခေါင်းခါလိုက်သည်။ “ပထမအစေခံကဘဲ ကောင်းချီးကို ပေးလို့ရတာ။ ဘာလို့လဲ။ နင့်မှာ မစ်ရှင်ရှိနေလို့လား”
“ဘာလို့လဲ။ ငါ့ကို ကူညီပေးမလို့လား”
“ခက်တယ်။ ငါက ရှစ်ယောက်မြောက်အစေခံဆိုပေမဲ့ ပထမအစေခံနဲ့ မတွေ့ဖူးသေးဘူး။ နင်ကလည်း ရာတန်ဘုရားကျောင်းနဲ့ ရန်လိုတဲ့ ဆက်ဆံရေးရှိနေတာ မဟုတ်လား”
“ထားလိုက်ပါတော့”
ယူရာ ထွက်သွားသည်။ ယောင်ဝူးလည်း ဂိမ်းဖန်အိမ်သို့ ချက်ချင်းပြန်လာကာ Satisfy သို့ ဝင်လိုက်၏။
{ချီးပဲ။ သတ်လို့ကို မကုန်နိုင်ဘူး}
{Faker ရဲ့ ဂရုကပါ။ ငါတို့ Neberius ကို တိုက်နေရတယ်။ သူ့ကို ငါတို့ကိုဘဲ အာရုံစိုက်ထားအောင် လုပ်ထားတယ်}
{အခုပြောနေတာ Toban ပါ။ Balak က သန်မာလွန်းတယ်။ ငါ ထိန်းမထားနိုင်တော့ဘူး။ Regas နဲ့ Pon တို့ ဘယ်ရောက်နေလဲ။ သူတို့ကို လိုနေပြီ}
{စီနီယာနောက်လိုက်တွေက Pon and Regas တို့ကို ထိန်းထားတယ်။ ငါလဲ မှော်နဲ့ ကူပေးနေပေမဲ့ သူတို့ကို ထွက်သွားအောင် လုပ်ရမှာ မလွယ်ဘူး}
အစည်းအရုံးစကားပြောခန်းကတော့ ပွက်လောရိုက်နေပြီ။ အခြေအနေက အရေးကြီးနေသဖြင့် လူအနည်းငယ်ကသာ ဂရစ်ခ် ဂိမ်းထဲ ဝင်လာသည်ကို သတိထားမိ၏။
{ဟာ... စိတ်ညစ်လိုက်တာကွာ။ ဂျီရှုကရဲ့ ကာကွယ်သူဖြစ်ရတာက အရမ်းခက်တယ်။ ဂရစ်ခ်သာ ငါ့ချပ်ဝတ်ကို လုပ်ပေးရင်... ချီးပဲ}
ဗန်တာဖြစ်သည်။ ဂရစ်ခ် ပြုံးလိုက်၏။
“ချပ်ဝတ်ရှိရင်တောင် ဒီအခြေအနေအတိုင်း ဖြစ်မှာဘဲ”
ဗန်တာရဲ့ လက်နက်တွေက ကောင်းပါသည်။ ဗန်တာတင်မဟုတ်။ သို့သော် Satisfy ၏ အဆင့်ရှိကစားသမားများက သူတို့အဆင့်နှင့် မလိုက်ဖက်စွာ အရည်အသွေးချို့တဲ့နေသော အိုင်တမ်များ ရှိကြ၏။ ဂရစ်ခ်ကသာ ထိုချို့တဲ့မှုကို ကျော်လွှားနိုင်သည့် လူအနည်းငယ်မှ တစ်ယောက်ဖြစ်သည်။
“ငါ ချပ်ဝတ်လာပို့ပေးမယ်”
ဂရစ်ခ် သိုလှောင်ခန်းဖွင့်လိုက်သည်။ ဒဏ္ဍာရီလာပန်းပဲဆရာ၏ တူနှင့် မပြည့်စုံသေးသည့် လှိုင်းချပ်ဝတ်ကို ထုတ်လိုက်၏။ အစည်းအရုံးက ယူရာ ခန့်မှန်းသည်ထက် ပိုခုခံနိုင်နေသော်လည်း သူက အခြေအနေ၏ လေးနက်မှုကြောင့် တူကို အလျင်အမြန် ထုနေလေသည်။