- Chapter 148

အပိုင်း(၁၄၈) { စာစဉ် ၁၀ - အပိုင်း(၁၃)}

ဖေဖော်ဝါရီလပင် ကုန်ပါတော့မည်။

ငယ်ရွယ်သော မိန်းမပျိုလေးများ အထက်တန်းကျောင်း၏ နွေဦးအားလပ်ရက်သည်လည်း ကုန်ပါတော့မည်။ ဆယ်ဟီး၏ အထက်တန်းကျောင်း ဒုတိယနှစ်ဝက်စာသင်နှစ်က ရက်အနည်းငယ်အတွင်း စတော့မည်ဖြစ်သဖြင့် ယနေ့တွင် သူမသည် စာကို ကြိုးစားလေ့လာနေခဲ့သည်။

ဝါသနာတွေ.... ခရီးသွားတာ... ချိန်းတွေ့တာ... သူမသည် ထိုအရာများကို စိတ်ဝင်စားခြင်းမရှိခဲ့ပါ။ မနက်ခင်းပိုင်း ပြေးခြင်းနှင့် ညနေခင်းပိုင်း ယောဂကျင့်ခြင်းကဲ့သို့ ရိုးရှင်းသော လှုပ်ရှားမှုများကိုသာ ကြိုက်နှစ်သက်ပါသည်။ ထိုအရာများသည်ပင် စာပိုမိုလေ့လာနိုင်ရန်အတွက် သူမကိုယ်သူမ လေ့ကျင့်ခြင်းဖြစ်သည်။

ဆယ်ဟီးက သူ့ဘာသာသူ သင်ယူနိုင်ဖို့သာ ကြိုးစားပါသည်။ အဘယ်ကြောင့် သူမက စာလေ့လာခြင်းကို စွဲလမ်းနေသကဲ့သို့ လုပ်နေရပါသနည်းဟု မေးစရာ ပေါ်လာပါသည်။

အကြောင်းအရင်းကတော့ သူမ၏ အကိုဖြစ်သူ ယောင်ဝူးကြောင့် ဖြစ်သည်။

သူမအကိုဖြစ်သူသည် စာဘက်တွင် မည်သည့်ပါရမီမှမပါသလို မည်သည့်နယ်ပယ်တွင်မှ ရပ်တည်နိုင်သူ မဟုတ်ခဲ့ပါ။ သူ၏ တစ်ခုတည်းသော အားသာချက်မှာ စိတ်ရှည်သည်းခံခြင်းဖြစ်သော်လည်း တက္ကသိုလ်သို့ သွားပြီးနောက်ပိုင်း ပျင်းရိလာသဖြင့် သူမအကိုဖြစ်သူ၏ အနာဂတ်ကို စတင်ပူပန်လာမိပါပြီ။

အကိုဖြစ်သူက စစ်မှုထမ်းပြီးပြန်လာပါက ပြောင်းလဲသွားနိုင်ပါသည်ဟု မျှော်လင့်ထားခဲ့ပါသော်လည်း သူဟာ ပိုမိုဆိုးရွားလာခဲ့သည်။ ကျောင်းပြန်တက်ရမည့်အစား Satisfy ဟုခေါ်သော ဂိမ်းကို ကစားပြီး အကြွေးတင်သွားခဲ့သည်။ မိဘများကလည်း စိုးရိမ်လာကြပြီ။ သူမအကို၏ အနာဂတ်မှာ နေ့ရက်တိုင်း မှုန်ဝါးသထက် မှုန်ဝါးလာသဖြင့် သူမ၏ မိဘများကလည်း သက်ပြင်းချရုံသာ တတ်နိုင်ခဲ့ပါသည်။

‘ငါ့အကိုကို ဂရုစိုက်မဲ့လူက ငါဘဲ ရှိတော့တာ’

အသုံးမကျသည့်အပြင် သနားစရာကောင်းသည့် သူမအကိုကို ကြည့်ကာ ကြီးပြင်းလာရလို့လားမသိ... ဆယ်ဟီးသည် ငယ်ငယ်ရွယ်ရွယ်နှင့် ရင့်ကျက်လာခဲ့သည်။ အလယ်တန်းကတည်းက သူမသည် သူမမိဘများနှင့် အကိုကို ကြည့်ရှုစောင့်ရှောက်ရန် စိတ်ပိုင်းဖြတ်ပြီးသွားပါပြီ။

‘အကို့ကိုယ်စား ငါကဘဲ စာပိုလေ့လာရမယ်။ ငါသာ အောင်မြင်လာရင် ငါ့မိဘတွေနဲ့ အကိုကို တာဝန်ယူနိုင်ပြီ’

သူမအကိုနှင့် မတူသည်က ဆယ်ဟီးသည် ပါရမီပါ၏။ သူမသည် ကျောင်းသူကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ကျော်ကြားသည့် ငယ်ရွယ်သော မိန်းမပျိုလေးများ အထက်တန်းကျောင်းကို တက်နိုင်ခဲ့ကာ တစ်နိုင်ငံလုံးတွင် ထိပ်တန်းအဆင့်ထဲ ဝင်ခဲ့သည်။ သူမ၏ ရည်မှန်းချက်ကတော့ ရိုးရှင်းပါသည်။ အကောင်းဆုံးတက္ကသိုလ်မှ ဘွဲ့ယူပြီး လစာကောင်းကောင်းရသော အလုပ်ကောင်းကောင်းမှ ရသော ငွေဖြင့် သူမမိဘများနှင့် အကိုကို ထောက်ပံ့ပေးရန်သာ ဖြစ်သည်။

‘အကို ငါ့ကို ယုံကြည်ပေးပါ’

ဤအတွေးများဖြင့် သူမက စာလေ့လာခဲ့သည်။ သို့သော်လည်း မကြာသေးမှီက ပြဿနာတစ်ခု ဖြစ်သွားခဲ့သည်။ သူမအကိုကလည်း ပြောင်းလဲသွား၏။ သူဟာ ယခုဆိုပါက နယ်ပယ်တစ်ခုတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်နေပြီ။

ဟုတ်ပါသည်။ Satisfy နယ်ပယ်တွင် ဖြစ်ပါသည်။ သူ့ဘဝငယ်ရွယ်ချိန်ကို စားသုံးခဲ့သည့် ထိုဂိမ်းကြောင့် သူမအကိုက အောင်မြင်လာခဲ့ပြီး အကြွေးလည်း ဆပ်နိုင်ခဲ့သည်။ သူ့အကြွေးတင်သာမက မိဘဖြစ်သူ၏ အကြွေးကိုပါ ဆပ်နိုင်ခဲ့၏။ မိဘဖြစ်သူများကို နေရထိုင်ရ အဆင်ပြေစေရန် ဝမ်မီလီယံပေါင်းများစွာကို ပေးထားသေးသည်။

တစ်နေ့ သူမ၏ အကိုက သူမကို ပြောလာသည်။ “တစ်နှစ်အတွင်း ငါ ဝမ် ၁၀ ဘီလီယံရှိတဲ့ အဆောက်အဦးကို ဝယ်နိုင်ရမယ်။ ပြီးတော့ အက်အဆောက်အဦးကို ဌားစားလိုက်မယ်လေ။ ငါတို့တတွေ သေတဲ့အထိ ပိုက်ဆံကိစ္စပူစရာမလိုဘဲ နေလို့ရပြီ”

သူမအကိုဖြစ်သူဟာ ရုတ်တရက် အောင်မြင်လာပြီး ပြောင်းလဲသွားခဲ့သည့်အတွက် ဆယ်ဟီး ဝမ်းသာပါ၏။ ဂုဏ်ယူပါ၏။ တစ်ဖက်တွင်လည်း သူမဟာ ပူပန်နေခဲ့သည်။

‘သူ လမ်းမှားသွားမှာတော့ မဟုတ်ဘူးမလား’

သူမအကိုတွင် ဝယ်နိုင်သော ပိုက်ဆံရှိသည်။ ရှိပါသော်လည်း သူမအကိုက ပိုက်ဆံရရချင်း ဝမ် ၈၀၀ မီလီယံရှိသည့် နိုင်ငံခြားဖြစ်ကားကြီးကို ဝယ်ခဲ့သည်။ မကြာခဏဆိုသလို သူဌေးများက စီးပွားရေးအမြင်မရှိသောကြောင့် သူတို့၏ စည်းစိမ်ဥစ္စာများကို ဆုံးရှုံးသွားရတတ်ကြောင်း သူမ ဖတ်ခဲ့ရဖူးသည်။ ဆယ်ဟီးက သူမအကို အသုံးအဖြုန်းကြီးမည်ကို ပူပန်နေသည်။ ထို့အပြင် မိန်းမကိစ္စများကိုပါ ပူပန်နေရပြန်သည်။

‘ငါ့အကိုက ငတုံးကြီး....’

ဝမ် ၈၀၀ မီလီယံတန်သည့် နိုင်ငံခြားဖြစ်ကားကြီးကို မောင်းနိုင်သည့် ယောက်ျားတစ်ယောက်က မိန်းမများကို ဆွဲဆောင်နေမည် မဟုတ်ပါလား။ သူမအကိုဖြစ်သူက ယခုအချိန်ထိ ရည်းစားလည်း မထားဖူး။ လှည့်စားခံလိုက်ရပါက ဘယ်လိုလုပ်ရမည်နည်း။

သက်ပြင်းချလိုက်သည်......

“အကို့ကို ငါ့ဘေးမှာ ထားမှဘဲ စိတ်ပူမနေရမှာ”

သူမသည် အကိုဖြစ်သူကို ၂၄ နာရီလုံး စောင့်ကြည့်နေချင်ပါတော့သည်။ ဆယ်ဟီးတွင် သူမအကိုအပေါ် ထူးခြားသည့် စွဲလမ်းစိတ်များရှိနေသည်။ ဖြစ်နိုင်သည်ကတော့ နှစ်အတော်ကြာ သူမအကိုကို စောင့်ရှောက်ပေးရမည်ဟု နေခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

“ဘာလို့ ဒီလောက်တောင် ဆူညံနေတာလဲ”

ထိုင်ခုံပေါ်တွင် အတွေးများနေခြင်းဖြစ်သဖြင့် ထိုင်ခုံနားမှ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ကြည့်လိုက်သည်။ အပြင်ဘက်တွင် ဆူညံနေသောကြောင့် ဖြစ်သည်။

‘ဆယ်လီတစ်ယောက်ယောက်များလား’

ယောက်ျား၊ မိန်းမနှင့် ကလေးများ လမ်းပေါ်တွင် အုပ်လိုက်ကြီးရောက်နေကြသည်။ သေချာမြင်ရရန်အတွက် ပြတင်းပေါက်သို့ ထသွားကာ သေချာကြည့်လိုက်သည်။ ထို့နောက် သူမ မျက်မှောင်ကြုတ်လိုက်၏။

‘သူက ဘာလို့ ဒီကို ရောက်နေတာလဲ’

သူမ၏ ခံစားချက်ဆိုးရွားနေပါပြီ။

***

000-0 Street, XX Neighbourhood, Geumcheon-gu.

အိမ်နီးချင်းများမှာ သာမန်လူများဖြစ်ကြပါသော်လည်း နောက်ပိုင်းတွင်တော့ ဆူညံလာကြပါသည်။ ထိုသို့ဖြစ်သွားရသည်မှာ ဟင်းသီးဟင်းရွက်ဆိုင်ဖွင့်ထားသည့် ရှင်းမိသားစုအိမ်ရှေ့တွင် ဈေးကြီးသော နိုင်ငံခြားဖြစ်ကားကြီး ပေါ်လာသောကြောင့်ဖြစ်၏။ ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများက စိတ်ဝင်စားပြီး စပ်စုနေကြသည်။

“အက်တာက B ကုမ္ပဏီက ထုတ်ထားတဲ့ 13th မော်ဒယ်မဟုတ်လား။ ဝမ်မီလီယံ ၈၀၀ လောက်တန်တယ်”

“တကယ်ကြီးလား။ ငါ့လက်တွေတောင် တုန်နေပြီ။ အက်ရှင်းမိသားစု ဂေါ်ဖီထုပ်တွေ အများကြီးရောင်းထွက်သွားလို့လား။ ဘယ်လိုလုပ် ဒီကားကို ဝယ်နိုင်တာလဲ”

“အက်ကားက ရှင်းမိသားစုက အကြီးကောင်မောင်းတာလို့ ပြောသံ ကြားတယ်”

“ဟုတ်ရဲ့လား။ ခါတိုင်းဆို အက်ကောင်လေးက အမြဲတိုင်း ပေါက်လွတ်ပွဲစားတွေလို ဝတ်ပြီး ချွေးသံတရွှဲရွှဲနဲ့... အက်ကားကို ဝယ်ဖို့ ဘယ်ကနေ ပိုက်ဆံရတာလဲ”

“ထီပေါက်သွားတာ ဖြစ်နိုင်လား”

“ဟုတ်လောက်မယ်... သူ့အကြွေးတွေကို ဆပ်နိုင်ပြီး ဒီလိုကားမျိုးကိုတောင် ဝယ်နိုင်တာဆိုတော့ ထီပေါက်လို့ဘဲ ဖြစ်ရမှာပေါ့”

“ငါ့ကျတော့ လုပ်မှဘဲ စားရမဲ့ ကံကြမ္မာပါလား... လောကကြီးက မတရားလိုက်တာ”

“အေးပါ... ငါဆို အပတ်တိုင်း ထီငါးစောင်ထိုးတယ်လေ။ တစ်ခါမှလဲ မပေါက်ဘူး... ကြည့်ရတာ ဆယ်စောင်လောက် ဝယ်ထိုးသင့်တယ် ထင်တယ်”

အားလပ်ရက်တိုင်းတွင် ထိုသို့သော စကားသံများ ကြားရတတ်သည်။ ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများက ရှင်းမိသားစုအိမ်ရှေ့တွင် ဖြတ်သွားတိုင်း ပြောနေကြခြင်း ဖြစ်၏။ နွေဦးရာသီကလည်း လမ်းလျှောက်ကောင်းသည်မို့ သူတို့က ရှင်းယောင်ဝူးကောင်းကို အမျိုးမျိုးမှတ်ချက်ပေးနေကြသည်။ ထို့နောက်တွင် ရပ်ကွက်ထဲသို့ ကားတစ်စီးဝင်လာသည်။ ထိုရပ်ကွက်တွင် နေကြသူများ၏ မျက်လုံးများ ပြူးကျယ်သွားလေပြီ။

“ဘာကြီးလဲ...”

8.5 မီတာရှည်သည့် ဇိမ်ခံကားကြီး ဖြစ်သည်။ ထိုကားဖြူကြီးက ရှင်းမိသားစုအိမ်ရှေ့တွင် ရပ်သွားသဖြင့် သာမန်လူများက ထွက်ကြည့်နေကြ၏။ ထိုကားကို မြင်လိုက်ရချိန်တွင် B ကုမ္ပဏီ၏ 13 series ကားကို လူများ မေ့သွားကြပြီ။

ကလစ်..

ထွားကြိုင်းသော အမျိုးသားသုံးယောက်က ထိုကားပေါ်မှ ဆင်းလာသည်။ သူတို့ထဲမှ နှစ်ယောက်က ပတ်ပတ်လည်ကို ကြည့်နေကြပြီး တစ်ယောက်က နောက်ဘက်ခြမ်းသို့ ပြေးသွားကာ တံခါးဖွင့်ပေးလိုက်၏။ အမျိုးသမီးတစ်ယောက်က ဆင်းလာသည်။ ထိုအမျိုးသမီး၏ အလှကြောင့် လမ်းတစ်ခုလုံး ပန်းများပွင့်လန်းလာသလို ခံစားလိုက်ရသည်။ ကမ္ဘာပေါ်တွင် သူမတစ်ယောက်တည်းသည်သာ တောက်ပနေသလို။ သူမဘေးရှိ အရာများက အလိုလိုမှုန်ဝါးသွားသည်။

“လှရက်လိုက်တာ”

“ဘယ်သူလေးလဲ”

အစစ်အမှန်နဲ့ မတူအောင် လှနေသော သူမ၏ အလှတရားကြောင့် ကြည့်နေကြသော လူများက ဖမ်းစားခံလိုက်ရသဖြင့် သူမသည် မည်သူမှန်း နောက်မှသိလာကြရသည်။ သူမက ယူရာပင်။ ‘တောင်ကိုရီးယား၏ ရတနာ’ ဖြစ်သော နတ်သမီးလေးတစ်ပါး။

လူအများ သွေးရူးသွေးတန်း ဖြစ်သွားကြပြီ။

“လူအစစ်ကြီးဟ။ တကယ်ကြီး။ ယူရာ... ယူရာ..”

“ယူရာမမ... လက်မှတ်လေးထိုးပေးပါအုံး”

“ဓာတ်ပုံ.... ဓာတ်ပုံလေး အတူတူရိုက်ပေးလို့ ရမလား”

“ယူရာ... ကျနော့်ကို လက်ထပ်ပါ”

“အား.... အပြင်မှာ တကယ်ကြီး ယူရာကို တွေ့ခွင့်ရမဲ့နေ့ရောက်လာမယ်လို့ ငါ တကယ်မထင်ထားဘူး.... အခုချက်ချင်းသေသွားရင်တောင် နောင်တမရပါဘူးကွာ...”

“လိုင်းပေါ်က ဓာတ်ပုံတွေထက် အပြင်မှာ ပိုတောင်လှသေးတယ်။ နတ်ဘုရားမလေး...”

အဓိကရုဏ်းအဆင့်သို့ ရောက်နေပြီ။ ဆူညံသံများကြောင့် လူအများက နေရာသို့ အမြန်လာနေကြ၏။ သို့သော် ယူရာနှင့်အတူပါလာသည့် သက်တော်စောင့်သုံးယောက်က ခေသူမဟုတ်ကြ။ နေရာကို ရှင်းလင်းပေးနေပြီး သူတို့သုံးယောက်တည်းနှင့် လူအုပ်ကြီးကို ထိန်းထားကြသည်။ သူတို့ကျေးဇူးကြောင့် ယူရာသည် မည်သည့်အနှောင့်အယှက်နှင့်မှ မကြုံလိုက်ရဘဲ ရှင်းမိသားစု၏ အိမ်တံခါးဘဲလ်ကို တီးနိုင်သွားသည်။

“ဘာလို့လဲ... ဘာလို့ ယူရာက ရှင်းမိသားစုဆီ ရောက်လာတာလဲ..”

“မပြောနဲ့....”

လူများ၏ အတွေးက အမှောင်ဘက်သို့ ရောက်လာကြသည်။ ရှင်းမိသားစု၏ အလုပ်မရှိအကိုင်မရှိ အလေလိုက်နေသည့် သား.... သည်အကောင်က ယူရာနှင့် အထူးဆက်ဆံရေးများ ရှိနေသလား။ ယူရာက စပွန်ဆာပေးထားလို့သာ ရှင်းမိသားစု၏ အသုံးမကျသော သားက တန်ဖိုးကြီးကားကို ဝယ်စီးနိုင်နေသလား။ အမျိုးမျိုးသော ထင်မြင်ချက်များ ထွက်လာကြသည်။ သို့သော် ထိုအတွေးများက ရေရှည်မခံပါ။

“ယူရာက အက်ရုပ်ဆိုးကောင်ကို ကြိုက်မှာ မဟုတ်ပါဘူး”

“အေးလေ။ ရှင်းမိသားစုရဲ့သားနဲ့ ယူရာက လူမရှိတဲ့ ကျွန်းမှာ သောင်တင်နေရင်တောင် ယူရာက အက်ရှင်းမိသားစုသားကို ကြည့်မှာ မဟုတ်ဘူး”

“ဒါဆို ယူရာက ရှင်းမိသားစုအိမ်ကို ဘာလို့လာတာလဲ”

ရှင်းမိသားစု၏ အိမ်တံခါးပွင့်လာသည်။

“ရှင် ကျမအိမ်ကို ဘာလို့လာတာလဲ”

ဒေါသအငွေ့အသက်ပါနေသည့် အသံကို ကြားလိုက်ရသည်။ လူတွေကလည်း အသံပိုင်ရှင်ကို ကြည့်လိုက်ကြ၏။ ရှင်းမိသားစု၏ သမီးကလေးဖြစ်သည်။ လူများက သူမကို လေးစားသွားကြ၏။

“သူဘဲ ယူရာကို ဒီလိုဆက်ဆံနိုင်တာ”

“ဟုတ်တယ်... တီဗီမှာ ပါနေကြ ဖျော်ဖြေရေးသမားတွေတောင် ယူရာနဲ့ ယှဉ်လိုက်ရင် ရုပ်ဆိုးသွားကြတာကို...”

“ပန်းချီကားထဲက နတ်သမီးလေးတွေ”

“ယူရာက သူ့ကို တွေ့ဖို့ လာတာများလား။ ဒီလိုချောတဲ့ လူတွေကို အတူတူတွဲတွေ့ရတာ ဆန်းတယ်နော်”

“ဟုတ်တယ်”

ဘယ်သူကမှ တည်တည်ငြိမ်ငြိမ် မတွေးနိုင်ကြပါ။ သူတို့အတွေး၏ တစ်ချို့တစ်ဝက်က သူတို့ပါးစပ်မှ ပြောထွက်လာကြသည်။

‘ဆူညံနေတာဘဲ’

သူတို့က ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေကြသည်။ ဆယ်ဟီးကလည်း စိတ်ရှုပ်လာသဖြင့် ယူရာကို အိမ်ထဲ ဆွဲသွင်းလိုက်သည်။

“အထဲလာ”

“ကျေးဇူးပါနော်”

“အခုပြောလို့ရပြီ။ ဒီကို လာတဲ့ ရှင့်ရည်ရွယ်ချက်က ဘာလဲ” တံခါးကို ပိတ်လိုက်ပြီး ဆယ်ဟီးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ယူရာက အပင်ငယ်လေးတွေ စိုက်ပျိုးထားသော ဥယျာဉ်လေးကို ကြည့်ပြီး အပြုံးကလေးဖြင့် ပြန်ပြောလိုက်သည်။

“ယောင်ဝူးကို တွေ့ဖို့ လာတာ”

"..."

ဆယ်ဟီး ခံစားချက် မကောင်းတော့ပေ။ သူမ၏ ရန်လိုစိတ်ကို ဖုံးမထားတော့။

“ရှင့်လို ကြီးမြတ်တဲ့ လူမျိုးက ကျမအကိုကို လာတွေ့ဖို့ လုပ်နေတာလား။ နေပါအုံး။ ရှင် သူ့ကို သိတောင် သိလို့လား။ ရှင်တို့ရဲ့ ဆက်ဆံရေးက ဘာလဲ”

ယူရာက ဉာဏ်ကြီးရှင်ဖြစ်သည်။ သို့သော် ဆက်ဆံရေးနှင့် ပတ်သက်ပါက ဘာမှမသိ။ ဆယ်ဟီး၏ မေးခွန်းနောက်မှ အဓိပ္ပာယ်ကို သူမ မသိချေ။ “ Satisfy ကစားရင်းနဲ့ ယောင်ဝူးကို တွေ့တာလေ။ သူနဲ့ ချစ်သူလိုတောင် ကစားဖူးတယ်ဆိုတော့ ရင်းနှီးတယ်လို့ ထင်တာဘဲ”

“ချစ်သူတွေ... ကစားတယ်...”

“ခဏလေးပါ... ဒါပေမဲ့ ပျော်ဖို့ ကောင်းပါတယ်”

(ဘာသာပြန်သူ။ ။ သူ ပြောချင်တာက တွေ့ဆုံပွဲမှာ ယောင်ဝူးရဲ့ ချစ်သူလို ဟန်ဆောင်ပေးတာကို ပြောတာ နေမှာပါ)

ယူရာ၏ စကားသံကို ဆယ်ဟီး မကြားတော့။ ‘ချစ်သူ’ ဟူသော စကားက သူမ၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်နေသည်။

‘အကိုက ပိုက်ဆံရဖို့ ဂိမ်းကို ကြိုးစားဆော့နေတယ်လို့ ပြောနေတာ။ တကယ်တော့ သူက ဂိမ်းထဲမှာ ပရောပရည်လုပ်နေတာဘဲ။ ငါ့မှာတော့ သူ့အတွက် စာကြိုးစားလိုက်ရတာ။ ဒီအသက်အရွယ်အထိ ယောက်ျားတစ်ယောက်ရဲ့ လက်ကိုတောင် မကိုင်ဖူးသေးဘူး’

ဆယ်ဟီး၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူမက စိတ်တိုလွန်းလို့ မျက်ရည်ပင် ထွက်ကျလာနေပြီ။

***

“အစကတော့ ကျရှုံးနဲ့ ငါ့ချပ်ဝတ်ကို စွမ်းအားတိုးပေးဖို့ စီစဉ်ထားတာ ဒါပေမဲ့...”

ဂရစ်ခ်က သူ လုပ်ရမည့်အရာကို သိသည်။ သူ့တွင် ယခုရှိနေသည့် အိုင်တမ်များကိုသာ အားကိုးနေရန် မရည်ရွယ်ထားပေ။ နိုးထနေသော သစ်တောစောင့်ရှောက်သူနှင့် တိုက်ပွဲမှ ဒဏ္ဍာရီလာချပ်ဝတ်(အစုံလိုက်)ကို ဝတ်ထားလျှင်ပင် သူ့ခံစစ်က မလုံလောက်ကြောင်း သင်ယူလိုက်ရသည်။ ဂရစ်ခ်က သူ့ဇာတ်ကောင်အမျိုးအစား၏ သက်ရောက်မှုဖြစ်သော အိုင်တမ်ကို စွမ်းအားတိုးပေးရာတွင် အောင်မြင်နိုင်သော ဖြစ်နိုင်ခြေကို တိုးပေးသည်ဟူသော သက်ရောက်မှုဖြင့် ကျရှုံးနှင့် သူ့ချပ်ဝတ်ကို အရင်ကထက် ပိုမိုသန်မာလာစေရန် စီစဉ်နေခဲ့သည်။

‘ဒီပစ္စည်းလေးတွေကို တတ်နိုင်သမျှတော့ ကြာကြာကလေး သုံးချင်သေးတယ်... ပိုက်ဆံအများကြီးကုန်မယ်ဆိုရင်တောင် စွန့်စားသင့်ရင် စွန့်စားရမှာဘဲ။ လေလံအိမ်မှာ ရှိသမျှ စွမ်းအားတိုးကျောက်တုံးတွေကို အကုန်ဝယ်ပစ်လိုက်မယ်’

သို့သော် ထိုမတိုင်ခင်တော့ ဗန်တာ၏ ချပ်ဝတ်ကို လုပ်ပေးရန် လိုနေပါပြီ။

“ဒီထက်ပိုပြီး အချိန်ဆွဲလို့ မကောင်းတော့ဘူး”

မစ်ရှင်ကြောင့်၊ လက်ထပ်ပွဲကြောင့်နှင့် သစ်တောစောင့်ရှောက်သူကြောင့် ချပ်ဝတ်ကို အချိန်ဆွဲထားသည်မှာ နှစ်လနီးပါးပင် ရှိတော့မည်။ သည်ထက်ပိုပြီး အချိန်ထပ်ဆွဲပါက ဂရစ်ခ်သည် နှလုံးသားမရှိသူ ဖြစ်ပါတော့မည်။ သူက လှိုင်းချပ်ဝတ်ကို မည်သို့ပြုလုပ်ရမည်ကို ကြည့်လိုက်၏။

“ကောင်းတယ် ကောင်းတယ်”

လှိုင်းချပ်ဝတ်က အိုင်တမ်ကောင်း ဖြစ်သည်။ အထူးသဖြင့် သူ့ပထမစွမ်းရည်က အတော်ကလေးကောင်းသည် ခုခံသော သက်ရောက်မှုကို ပေးစွမ်းနိုင်သည်။

‘မြင့်မြတ်အလင်းချပ်ဝတ်နဲ့ ယှဉ်လိုက်ရင်တော့ နိမ့်နေတုန်းဘဲ...’

မြင့်မြတ်အလင်းချပ်ဝတ်၏ အခြေခံကာကွယ်ပေးမှုက လှိုင်းချပ်ဝတ်ထက် ပိုကောင်းပါသည်။ မြင့်မြတ်အလင်းချပ်ဝတ်က ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကို 40% နှင့် မှော်ထိခိုက်မှုကို 50% လျှော့ပေးသည်။ တခြားစွမ်းရည်များနှင့် အစုံလိုက်သက်ရောက်မှုပါပါက လှိုင်းချပ်ဝတ်ထက် အဆအနည်းငယ်(နှစ်ဆ သုံးဆ စသည်ဖြင့်...) သာလွန်သည်။ သို့သော်လည်း မြင့်မြတ်အလင်းချပ်ဝတ်က ဖရန့်သာ ဝတ်ဆင်နိုင်သည်ဟု ကန့်သတ်ထားသဖြင့် ရောင်းထွက်မည့် နေရာတွင်တော့ လှိုင်းချပ်ဝတ်က သာပါသည်။

‘ငါသာ အိုင်တမ်ရောင်းချင်ရင် လှိုင်းချပ်ဝတ်က အကောင်းဆုံးဘဲ..’

အစည်းအရုံးအဖွဲ့ဝင်များအားလုံးအတွက် အိုင်တမ်များပြုလုပ်ပြီးပါက လှိုင်းချပ်ဝတ်များကို ပမာဏအများအပြားထုတ်လုပ်ကာ အဆင့်ရှိကစားသမားများကို ရောင်းမည်။ လှိုင်းချပ်ဝတ် ထုတ်လုပ်နည်းကို အခမဲ့ရလိုက်သဖြင့် ဂရစ်ခ် စိတ်လှုပ်ရှားနေပါသည်။

ထန် ထန်

တူထုသံများ ညင်သာစွာ ထွက်ပေါ်နေသည်။ ဂရစ်ခ်က ထုတ်လုပ်ရန် စိတ်အားထက်သန်နေပြီး အာရုံစူးစိုက်မှုအပြည့်ဖြင့် အလုပ်လုပ်နေ၏။

သုံးနာရီနီးပါး ကြာသွားပြီးနောက်...

ဗန်တာက အခြေအနေ လာကြည့်သည်။ ဂရစ်ခ်က သူ ရောက်လာသည်ကို သိနေသော်လည်း တူထုနေဆဲပင်။

“ဘာလာလုပ်တာလဲ။ ဆရာသမား။ ဘေးကနေ အဆင့်ကောင်းကောင်းရဖို့ ထိုင်ဆုတောင်းမလို့လား”

ဗန်တာ ခေါင်းကုတ်လိုက်သည်။ “ကျုပ်အိုင်တမ်လေး အပြီးသတ်တာကို ကြည့်ချင်လို့ပါ... ဟီးဟီး။ ကြည့်လို့ ရတယ် မလား”

ဗန်တာ စောင့်ဆိုင်းနေရသည်မှာ နှစ်လပင် ရှိပါတော့မည်။ ထို့ကြောင့် သူ အရမ်းစိတ်လှုပ်ရှားနေသည်။ ဗန်တာ၏ မျှော်လင့်ချက်ကို ဂရစ်ခ် နားလည်ပါသည်။

“ဒါဆိုလဲ တိတ်တိတ်ဆိတ်ဆိတ် ထိုင်ကြည့်။ ဒဏ္ဍာရီအဆင့်ကျပါစေလို့ ဆုတောင်းပေတော့”

“ကျေးဇူး။ ကျုပ် ဆုတောင်းတော့မယ်”

ဗန်တာ ဒူးထောက်လိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို ပူးလိုက်ကာ တကယ်ပင် ဆုတောင်းနေသည်။ ဂရစ်ခ်သည် သူ မြင့်မြတ်သန့်စင်ဒိုင်းလုပ်ခဲ့ချိန်က ကက်ဆစ် ဆုတောင်းခဲ့သည့်ပုံကိုပင် သတိပြန်ရသွားသည်။

‘ဗာတီကန်က တည်ငြိမ်နေလောက်ပါပြီ..’

ပုပ်ရဟန်းမင်းအသစ်ရွေးလိုက်ပြီဟူသော သတင်းကိုတော့ မကြားရသေး။

‘အစ်စဘယ်ရဲ့ လှံကို စည်းပြန်ပိတ်ပေးဖို့ မေ့သွားပြီ။ သူ သေသွားရင် ဘယ်လိုလုပ်မလဲ။ ငါ့အမှားကြောင့် သေသွားမှာ... အင်း တရက်ရက်တော့ ငါ့ဆီလာပြီး စည်းပြန်ပိတ်ပေးဖို့ တောင်းဆိုမယ်လို့ ထင်တာဘဲ’

တူထုခြင်းအပေါ်ကို ဂရစ်ခ် အာရုံအပြည့်ပြန်စိုက်လိုက်ပါသည်။

ထန် ထန်

ပေပေါ်တွင် သံနက်နှင့် မစ်ထရစ်စတီးပြားများက သံချပ်ကာပုံစံသို့ တဖြည်းဖြည်း စုဝေးလာကြသည်။ ပုံစံပေါ်လာလေလေ ဗန်တာက ပိုဆုတောင်းလေ ဖြစ်သည်။

‘ကျေးဇူးပြုပြီး.... လုပ်ပါ... ဒဏ္ဍာရီအဆင့်ကျလာပေးပါ.... ရှိသမျှ နတ်ဘုရားတွေ ဘုရားတွေ အကုန်ကို တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး။ ကျေးဇူးပြုပြီး။ ကျေးဇူးပြုပြီးတော့ ဒဏ္ဍာရီအဆင့်လေး ဖြစ်လိုက်စမ်းပါ’

သူ့ဆုတောင်းမှုက အထွတ်အထိပ်သို့ ရောက်နေချိန်...

“ဒါ... ငါ့ညီမ ခေါ်နေတာဘဲ”

ဘာတုန်း။ ဘာလို့ ဂရစ်ခ်က တူထုတာကို ရပ်လိုက်တာတုန်း။

“ဟမ် ဘာပြောလိုက်တာ”

မထင်မှတ်ထားသည့်အတွက် ဗန်တာ ကြောင်သွားသည်။ ဂရစ်ခ်က သူ့တူနှင့် ပေကို သိုလှောင်ခန်းထဲသို့ ပြန်ထည့်လိုက်၏။

“တောင်းပန်ပါတယ်နော်။ ညီမလေးက ခေါ်နေတော့ သွားမှ ဖြစ်မယ်”

ဂရစ်ခ်၏ လေသံမှာ အရေးကြီးနေ၏။

“...?”

ဗန်တာသည် သူနားကြားမှားသွားသလောဟု ထင်သွားသည်။ ဂရစ်ခ်က သူ့ကို ကစားရတာ ကြိုက်နေပုံပင်။ ဟာသပင် မလုပ်သင့်သည့် ကိစ္စဖြစ်သည်။

[အစည်းအရုံးအဖွဲ့ဝင် ‘ဂရစ်ခ်’ သည် ဂိမ်းနှင့် ချိတ်ဆက်ထားမှုကို ပိတ်လိုက်ပါသည်။]

"..."

ဂရစ်ခ်က သူ့အရှေ့မှ ပျောက်သွားပြီ။ မီးတောက်လောင်နေသည့် မီးပြင်းဖိုရှေ့တွင် အချိန်အကြာကြီး ငိုင်ငိုင်ကြီး ထိုင်နေပြီးနောက် သူ အော်ဟစ်လိုက်ပါတော့သည်။

“မင်း ခွေးသူတောင်းစား... ငါ့ကို ကစားနေတာ မဟုတ်လား”

“ဆူညံနေတာဘဲ... အပြင်ထွက်သွား”

“အာ့...”

ဗန်တာကို ခမ်က ကန်ထုတ်လိုက်သည်။ ကန်ထုတ်ခံလိုက်ရသည့် ဗန်တာမှာ အမဲလိုက်ကွင်းသို့ ပြေးသွားတော့သည်။ ဂရစ်ခ်အကြောင်း တွေးနေပြီး သူ့ပုဆိန်ဖြင့် မွန်းစတားများကို သတ်ဖြတ်နေပါတော့သည်။


Recommendation

Discussion