- Chapter 7

 အခန်း(၇) ဘာတွေလွဲသွားတာလဲ

 

စုမင်ယွမ်၏ စကားဆုံးသွားသည်နှင့် ရှောင်ရန်းသည် မိမိဆီသို့ မမြင်နိုင်သော လက်ကြီးတစ်ဖက် လာနေသည်ဟု ခံစားလိုက်ရသည်။


စုမင်ယွမ်၏ စကားများကြောင့် ယခင်က ရှောင်လောလော ခံစားခဲ့ရသော ဝိုင်းဝန်းခံရခြင်းနှင့် ဖိနှိပ်ခံရခြင်းတို့သည် ယခုတွင် ရှောင်ရန်းအပေါ်၌ သိသာထင်ရှားလာခဲ့သည်။


‌လွတ်လမ်းမရှိသော ပြင်းထန်သော ဖိနှိပ်မှုတစ်ခု။


ငွေနှင့်အာဏာဖြင့် ပြုလုပ်ထားသော လှောင်အိမ်တစ်ခုပင်။


ရှောင်ရန်း ပြုံးလိုက်သည်။


ရှောင်ရန်း ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး စုမင်ယွမ်အား ရယ်စရာကောင်းသည့် လူပြက်တစ်ယောက်ကဲ့သို့ ကြည့်နေလိုက်၏။


“ ဟားဟားဟား။စုမင်ယွမ်။မင်းက ငါ့ကို ဒူးထောက်ခိုင်းပြီးတော့ အမှားဝန်ခံချင်တာလား။မင်းရဲ့ခြေထောက်အောက်မှာ အသံကျယ်ကျယ်နဲ့ ငိုပြီးတော့ တောင်းပန်စေချင်တာလား။ ”


“ ဒီမှာ ငါပြောလိုက်မယ်။ ”


“ ငါက ကောင်းကင်၊မြေကြီး၊ ငါ့ရဲ့မိဘတွေကိုပဲ ဒူးထောက်ဖို့ပဲ မွေးဖွားလာတာ။မင်းလိုမျိုး အရှက်မရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို ငါဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။ ”


နိုင်ငံခြား၌ နှစ်အတော်ကြာနေခဲ့ပြီး သွေးသံရဲရဲနှင့် ကြမ်းတမ်းသော အဖြစ်အပျက်များစွာကို တွေ့ကြုံခဲ့ကသည့်အတွက် ရှောင်ရန်းသည် စုမင်ယွမ်၏ ခြိမ်းခြောက်မှုကို ယုတ်စွအဆုံး ရယ်စရာကောင်းသည်ဟု မှတ်ယူထားသည်။


သူသည် ဆိုမာလီယာပင်လယ်၌ မုန်တိုင်းတစ်ခု ဖြစ်စေခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ အရေးကြီးသော ဝန်ကြီးတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ခဲ့ဖူးသည်။


ရှောင်ရန်းသည် သေရေးရှင်ရေး ဘဝအခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရပြီး ကမ္ဘာ့အကြောက်ရဆုံးသော လုပ်ကြံသူ အဆင့်၌ “လုပ်ကြံသူဘုရင်” ဟူသော ပြိုင်ဘက်ကင်း ဂုဏ်ပုဒ်တစ်ခုကို ရရှိခဲ့သည်။


ဒါကြောင့် သူက စုမင်ယွမ်ရဲ့ ခြိမ်းခြောက်မှုကို ဘာလို့ကြောက်ရမှာလဲ။ 


စုမင်ယွမ်က သူ့ကို ငွေနဲ့အာဏာနှင့် ဖိနှိပ်မယ် ဆိုရင် ပိုပြီးတော့တောင် သူဂရုမစိုက်ဘူး။စုမင်ယွမ်က သူ့ကို တကယ်ပဲ ဒီလိုလုပ်ရဲရင်တော့ ဒီလှောင်ချိုင့်တွေကို လက်နှစ်ဖက်နဲ့ ကိုယ်တိုင် ဖျက်ဆီးပစ်မယ်။  


“ စုမင်ယွမ်။အနုပညာအသိုင်းအဝိုင်းမှာ မင်း လက်ဝါးကြီးအုပ်နိုင်မယ်လို့ ငါမထင်ဘူး။ပြီးတော့လည်း မင်းရဲ့စကားလောက်နဲ့ ငါ့ညီမရဲ့အိပ်မက် ပျက်စီးသွားမှာ မဟုတ်ဘူး။ ”


“ ဒီလို ရယ်စရာကောင်းတဲ့ ခြိမ်းခြောက်မှုကို သုံးပြီးတော့ ငါနဲ့ငါ့ညီမကို အညံ့ခံအောင် လုပ်ချင်တယ်ပေါ့။ ”

 

“ ဆုတောင်းလေ။ ”


ထိုအချိန်၌ ရှောင်လောလော၏ မျက်လုံးထဲတွင် ရှောင်ရန်းသည် အရပ်မြင့်ပြီး ချောမောနေသည်။


စုမင်ယွမ်၏ မျက်လုံးထဲ၌ ရှောင်ရန်းသည် စိတ်ကြီးဝင်ပြီး ဘဝင်မြင့်နေပုံရသည်။


ကောင်းတယ်။


သိပ်ကောင်းတယ်။


အားအင်တက်ကြွနေတာပဲ။ 


ဒီလို ဖြစ်နေရမှာ။ 


ရှောင်ရန်း၏ပုံစံကို မြင်သည့်အခါ စုမင်ယွမ်သည် လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်သွားပြီး စိတ်ထဲ၌ လက်‌ခုပ်တီးလိုက်မိသည်။


ရှောင်လောလောက ဘာလွဲသွားလဲဆိုတာ မသိပေမဲ့ ရှောင်ရန်းက လုံးဝမပြောင်းလဲလို့ တော်သေးတာပေါ့။ 


“ ကောင်းပြီလေ။စိတ်ကြီးဝင်နေတဲ့ ငတုံးကောင်။မင်းနောက်ထက် အရှက်မဲ့တဲ့ စကားတွေ ထပ်မပြောခင် ငါ့ပိုင်ဆိုင်မှုကိုဖျက်ဆီးတာ၊ ငါ့လူတွေကို ထိ‌ခိုက်အောင်လုပ်တာနဲ့ ငါကုမ္ပဏီကို ချိုးဖောက်တာတွေအတွက် အရင်ဖြေရှင်း။မဟုတ်ရင်တော့ မင်း ဒီနေ့ ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ”


စုမင်ယွမ်က လက်မြှောက်ပြီး ခေါင်းပေါ်မှ လုံခြုံရေး ကင်မရာကို လက်ညှိုးထိုးပြလိုက်သည်။အောင်ပွဲခံသည့်အပြုံးဖြင့် စုမင်ယွမ် ပြောသည်။

“ ခုနက မင်းလုပ်ခဲ့တာ အကုန်လုံးကို မှတ်တမ်းတင်ထားတယ်။ဒါကို သက်သေအနေနဲ့သုံးပြီး ရဲဆီကို ပေးလိုက်မယ်‌ဆိုရင် မင်း ထောင်ထဲမှာ တစ်လ နှစ်လလောက် နေရမှာ။ ”


“ ငါ့ရဲ့ဆုံးရှုံးမှုတွေအတွက် မင်း ချက်ချင်း လျော်ရင်လျော်။မလျော်ရင်တော့ ထောင်ထဲသွားပြီးတော့ အပြစ်တွေကို ပြန်စဉ်းစားနေလိုက်။ ”


“ ဒါပေမဲ့ မင်း စိုးရိမ်စရာ မလိုပါဘူး။ ”

စုမင်ယွမ် ပြုံးနေဆဲဖြစ်ပြီး ရှောင်ရန်းကို ကြည့်လိုက်သည်။

“ မင်းအကျဉ်းကျပြီးတဲ့အခါ မင်းရဲ့ညီမ ရှောင်လောလောကို ငါဂရုစိုက်ပေးလိုက်မယ်။ငါသူ့ကို လေးလေးစားစားနဲ့ ဂရုတရိုက်၊ကြင်ကြင်နာနာ၊ ဝီရိယရှိရှိ စောင့်ရှောက်ပေးမယ်လို့ ကတိပေးတယ်။ ”

 

စုမင်ယွမ်၏အပြုံးသည် ရှောင်ရန်း၏ မျက်လုံးထဲ၌ အလွန်ပင် အရှက်မဲ့နေပြီး မုန်းတီးရန်အတွက် မုန်းတီးစရာကောင်းနေသော ဗီလိန်တစ်ယောက်၏ မျက်နှာကဲ့သို့ပင် ဖြစ်နေသည်။


“ ဒါမှမဟုတ်လည်း မင်းငါ့ကို ဆုံးရှုံးမှုတွေအတွက် ပြန်လျော်ပေးဖို့ ရွေးချယ်လို့ရတယ်။ ”


စုမင်ယွမ်က ကြမ်းပြင်ပေါ်တွင် လဲနေသော သက်တော်စောင့်များကို လက်ညှိုးထိုးပြလိုက်သည်။

“ သူတို့၏ ဆေးဖိုးဝါးခက တစ်ယောက်စီကို ယွမ် ၅သိန်းကျမယ်။ ”


ထို့နောက် ရှောင်ရန်းဖျက်ဆီးပစ်ခဲ့သော တံခါးကို လက်ညှိုးထိုးပြသည်။‌

“ ဒီတံခါးကို အဆင့်မြင့်တံခါးနဲ့ လုပ်ထားပြီးတော့ နိုင်ငံခြား နာမည်ကြီးဒီဇိုင်နာက လုပ်ထားတာ။ဒါကြောင့် ဒါက ယွမ်၁၀သိန်း ကျမယ်။ ”


“ အိုး။ဟုတ်သားပဲ။မင်းရဲ့ညီမက ငါတို့နဲ့ စာချုပ်ချုပ်ထားတယ်။စာချုပ်ကို ဖျက်ရင် ယွမ် ၅သိန်း ပေးရမယ်။အဲဒါကြောင့် စုစုပေါင်း ယွမ် ၂၀သိန်း ကျမယ်။ ”

 

“ ရှောင်ရန်း။မင်းမှာ ဒီလောက်ပိုက်‌ဆံတွေ အများကြီး ရှိမယ်ဆိုရင် ငါအခုမင်းကို လွှတ်ပေးလိုက်မယ်။မဟုတ်ရင်တော့...... ”


စုမင်ယွမ်က ရှောင်ရန်းဆီ လမ်းလျှောက်လာပြီး အဆိပ်ရှိမြွေတစ်ကောင်ကဲ့သို့ပင် အေးစက်စက် ပြုံးလိုက်သည်။

“ မဟုတ်ရင်တော့ မင်း ထောင်ထဲမှာ အေးအေးဆေးဆေးနေပြီးတော့ ရှောင်လောလောကို ငါဘယ်လို ဂရုစိုက်ပေးမလဲဆိုတာ ကြည့်‌နေလိုက်တော့။ ”


“ စုမင်ယွမ်။မင်း တော်တော်လွန်လာပြီ။ ”


ရှောင်ရန်း ဒေါသထွက်သွားသည်။


ယွမ် ၂၅သိန်း။


စုမင်ယွမ်သည် အခြေအနေများ ခက်ခဲအောင် သေချာပြုလုပ်ခဲ့ပြီး ယွမ် ၂၅သိန်းကဲ့သို့သော ပမာဏကို အသုံးပြုကာ ရှောင်ရန်းကိုပင် စော်ကားခဲ့သည်။


ရှောင်ရန်း၏လက်သီးထဲတွင် ချီစွမ်းအင်များ လှုပ်ရှားနေပြီး လက်သီးဆုပ်လိုက်ကာ သွေးကြောပြာများ ပေါက်ထွက်မတတ် ဖြစ်နေသည်။သူသည် စုမင်ယွမ်အား ပြေးထိုးချင်နေသည်။


စုမင်ယွမ်သည် ရှောင်ရန်း၏ ဒေါသထွက်နေသော အသွင်အပြင်ကို ကြည့်ပြီး သရော်ပြုံး ပြုံးလိုက်သည်။


“ ရှောင်ရန်း။လူတိုင်းက လုံခြုံရေး ကင်မရာကို ကြည့်နေကြတယ်။ငါ့ကို ထိုးချင်တာလား။မယုံမရှိနဲ့။မင်းငါ့ကိုထိုးရင် မင်းနဲ့ မင်းညီမရဲ့ ဘဝတစ်ဝက် ဆုံးရှုံးသွားရလိမ့်မယ်။ ”


၎င်းသည် အခွင့်အာဏာ အရေးပါပုံ၏ ဥပမာတစ်ရပ် ဖြစ်သည်။


စုမိသားစု၏ သခင်လေး တစ်ယောက် ဖြစ်သည့်အလျောက် သိသာထင်ရှားသော သက်သေဖြင့် တစ်စုံတစ်ယောက်၏ လက်ကျန်ဘဝကို ဖျက်ဆီးပစ်ရန်မှာ စုမင်ယွမ်အတွက် အလွယ်လေးပင် ဖြစ်သည်။


ရှောင်ရန်းသည် နိုင်ငံခြားတွင် အောင်မြင်ခဲ့သော်လည်း သိပ်မကြာခင်ကမှ တရုတ်ပြည်သို့ ပြန်လာကာ ခြေကုပ်ရယူမှု မရှိသေးပေ။ထို့ကြောင့် သူသည် ယခုအချိန်တွင် ဒေါသကို မျိုသိပ်ပြီး စုမင်ယွမ်၏ အရှက်ခွဲခြင်းကို သည်းခံနေရလေသည်။


သို့သော် သူ၏နှလုံးသားထဲ၌ ဒေါသများ ပြည့်နှက်နေပြီး စုမင်ယွမ်အပေါ် သူ၏အမုန်းတရားသည် အလွန်ပင် လှုံ့ဆော်နေ၏။


တစ်နည်းအားဖြင့်ပြောရလျှင် ရှောင်လောလော၏ ပုံမှန်မဟုတ်သော အခြေအနေများကြောင့်သာ မဟုတ်လျှင် စုမင်ယွမ်၏ သရုပ်ဆောင်မှုသည် ပို၍ထူးချွန်သွားမည် ဖြစ်သည်။


စုမင်ယွမ်၏ လှောင်ပြောင်သော အကြည့်အောက်တွင် ရှောင်ရန်းက အံကြိတ်ကာ ပြောသည်။

“ ကောင်းပြီလေ။ငါ .... ယွမ် ၂၅သိန်းပေးမယ်။ ”


၎င်းသည် ပထမဆုံးအကြိမ် စုမင်ယွမ်အရှေ့၌ ရှောင်ရန်း အရှက်ရခြင်းဖြစ်ပြီး အနာဂတ်၌ စုမိသားစုကို သိမ်းပိုက်ရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ထို့နောက် စုမင်ယွမ်ကို အဆက်မပြတ် ပါးရိုက်ကာ နောက်ဆုံး၌ သတ်ပစ်မည် ဖြစ်သည်။


ဤအပိုင်းတွင် ဇာတ်ကွက် ရှေ့ဆက်ပြီးနောက် အရာအားလုံးသည် မူလဝတ္ထု၏ အပြင်အဆင်နှင့် ထပ်တူညီသွားရပေမည်။


သို့သော် ထိုအချိန်၌ ရှောင်ရန်း၏နောက်တွင် ကာကွယ်ထားသော ရှောင်လောလောက ရုတ်တရက် ထွက်လာပြီး ပြောသည်။


“ ဥက္ကဋ္ဌ စု။ တကယ်လို့..... ကျွန်မက ရှင့်ရဲ့ အတွင်းရေးမှူး ဆက်လုပ်မယ်ဆိုရင် ကျွန်မ အစ်ကိုရဲ့ ရိုင်းပြမှုကို ဒီတစ်ခါလောက် ခွင့်လွှတ်ပေးနိုင်မှာလား။ ”


ထိုစကား ထွက်လာသည်နှင့် စုမင်ယွမ်နှင့် ရှောင်ရန်း၏ နှစ်ယောက်စလုံး ထိတ်လန့်သွားကြတော့သည်။


“ လောလော။နင် ဘာတွေပြောနေတာလဲ။ ”

ရှောင်ရန်းက ရှောင်လောလော၏လက်ကို အမြန်ဆွဲပြီး ဖျောင်းဖျသည်။

“ နင်က ဘာလို့ ငါ့အတွက် ဒီမကောင်းဆိုးရွားဆီမှာ အညံ့ခံရတာလဲ။ယွမ် ၂၅သိန်းပါပဲ....။ငါ နိုင်ငံခြားမှာ နှစ်ပေါင်းအတော်ကြာအောင် အလုပ်လုပ်ခဲ့တယ်။ငါ ဒီလောက်ပိုက်ဆံ ရအောင် လုပ်နိုင်ပါတယ်။နင် ဒီလိုလုပ်စရာ လုံးဝမလိုဘူး။ ”


ရှောင်ရန်းထက်စာလျှင် စုမင်ယွမ်သည် စိတ်ထဲ၌ ပို၍ပင် တုန်လှုပ်နေပြီး ကြောက်လန့်လာ၏။


တစ်ခုခု လွဲနေပြီ။တစ်ခုခု လွဲနေပြီ။


ဒီရှောင်လောလောက တကယ့်ကို ပြဿနာကြီးတစ်ခုပဲ။အရာအားလုံးက ဝတ္ထုဇာတ်ကြောင်းအတိုင်း သွားနေပြီ။ဒါပေမဲ့ သူပေါ်လာပြီးတော့ ငါ့ရဲ့သရုပ်ဆောင်မှုတွေကို ဖျက်ဆီးခဲ့တယ်။ 


ဒါ.....ငါဒါကို ဘယ်လိုဆက်လုပ်ရမှာလဲ။ 


ဘယ်လိုပဲဖြစ်ဖြစ်ပါ။ငါရဲ့ ဗီလိန်ဇာတ်ကောင်အတိုင်း ဆက်ပြီး သရုပ်ဆောင်ရုံပဲ ရှိတော့တယ်။


ထို့ကြောင့် ‌စုမင်ယွမ်သည် အလွန်အံ့အားသင့်သွားဟန်ဆောင်ပြီး ရှောင်ရန်းအား ခနဲ့သည့်သဘောဖြင့် ပြုံးပြလိုက်သည်။


“ ဟားဟားဟား။လောလောက လိမ္မာတဲ့ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ နေမယ်ဆိုရင် မင်းအစ်ကိုရဲ့ ဒီနေ့မဆင်မခြင် လုပ်ရပ်တွေကို မေ့ပေးလိုက်မယ်လေ။ ”


တစ်ဖက်တွင် ရှောင်ရန်းသည် ရှောင်လောလောအား စိုးရိမ်တကြီးနှင့် ဖျောင်းဖျေနေဆဲပင် ဖြစ်သည်။သို့သော်လည်း စုမင်ယွမ်၏ စကားကို ကြားလိုက်ရာ ရှောင်လောလောသည် လုံးဝ စိတ်ပိုင်းဖြတ်ပြီး သဘောတူလိုက်သည်။


“ ဒါဆို.....ဒါဆိုရင် ဥက္ကဋ္ဌစုကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ”


၎င်းကိုကြားသည့်အခါ ရှောင်ရန်း၏မျက်နှာ ချက်ချင်းပြောင်းလဲသွားပြီး ချီးစားလိုက်ရသကဲ့သို့ ဖြစ်သွားသည်။


ရုတ်တရက် သူသည် ဦးထုပ်စိမ်း ဆောင်းလိုက်ရသကဲ့သို့ ခံစားသွားရသည်။(သစ္စာဖောက်ခံရတာကို ‌ဆိုလိုတာပါ။ )


“ လောလော။နင် ဘာတွေ စဉ်းစားနေတာပဲ။အစ်ကို နင့်ကို ဒီမကောင်းဆိုးဝါးရဲ့ လက်အောက်မှာ လုံးဝအလုပ်လုပ်ခွင့် မပေးနိုင်ဘူး။ ”


ရှောင်လောလော အသာလေး ပြုံးလိုက်သည်။

“ ဥက္ကဋ္ဌစု။ကျွန်မရဲ့ အစ်ကိုကို ခဏလောက် ဖျောင်းဖျဖို့ အချိန်ပေးနိုင်မလား။ ”


စုမင်ယွမ် လက်ဝှေ့ရမ်းလိုက်သည်။

“ အင်း ”


ရှောင်လောလောက ရှောင်ရန်းကို ရုံးခန်းထဲမှ ဆွဲခေါ်သွားပြီး ကုမ္ပဏီ၏ ဒေါင့်တစ်နေရာ၌ တိုးတိုးလေး ပြောတော့သည်။


ရှောင်လောလော ထွက်သွားသည်နှင့် အောင်နိုင်မှုများ ပြည့်နှက်နေသော စုမင်ယွမ်၏မျက်နှာသည် ချီးစားလိုက်ရသကဲ့သို့ပင် ရုတ်တရက် ပြောင်းလဲသွားသည်။


“ ဒါက အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်သွားရမှာ။ဒါပေမဲ့ ရှောင်လောလောက ဘယ်ကမှန်းမသိ ပေါ်လာပြီးတော့ ငါ့ရဲ့အတွင်းရေးမှူး ဆက်လုပ်ချင်တယ်လို့ ပြောခဲ့တယ်။ ”


“ ဒါ....ဒါက မူရင်းဝတ္ထုရဲ့ ဇာတ်လမ်းထဲက စာသားမဟုတ်ဘူး။ ”


“ သန့်စင်ပြီး ကြင်နာတဲ့ ရှောင်လောလော၊ အလျှော့မပေးတတ်တဲ့ ရှောင်လောလောက ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ။ ”


“ နောက်ဆုံး ဘာတွေလွဲသွားတာလဲ။သူက ဘာတွေ ဖြစ်နေတာလဲ။ ”



 


Recommendation

Discussion