- Chapter 4

 ဗီလိန်ပင်‌မဲ့ မင်းသမီးတွေက ငါ့ဘက်မှာ


အခန်း(၄) ဒီဇာတ်လိုက်မင်းသမီးက တစ်ခုခု လွဲနေပြီ

 

လွတ်လမ်း မရှိတော့သည့်အတွက် ရှောင်လောလောသည် တစ်ဖက်လှည့်ပြီး စုမင်ယွမ်အား တောင်းပန်လိုက်သည်။


“ ဥက္ကဋ္ဌ စု။ ကျွန်မက....ကျောင်းတက်နေတုန်းပါ။ ”


“ ဒီမှာ ဘာဖြစ်လဲဆိုတာကို ဘယ်သူ့ကိုမှ ငါပြောပြမှ မဟုတ်ဘူး။ ”


“ ကျွန်မကို လွှတ်ပေးပါ။ကျွန်မ ရှင့်ရဲ့ပိုက်ဆံ တစ်ပြားမှ မလိုချင်တော့ဘူး.... ”


“ မင်းကို လွှတ်ပေးစေချင်တာလား။လောလော။မင်းကတော်တော်လေး တုံးအတာပဲ။ ”

စုမင်ယွမ်က ရှောင်လောလောအား သရော်ပြုံးပြုံးပြလိုက်သည်။


“ ငါ့ရုံးခန်းထဲကို ဝင်ပြီးရင် မင်းကို လွယ်လွယ်နဲ့လွှတ်ပေးမယ် ထင်နေလား။ ”


စုမင်ယွမ်သည် လက်ထဲမှ အစီရင်ခံစာကို လှန်လျောကြည့်ရင်း ပြုံးလိုက်၏။

“ ဒါတွေက ဘာလဲဆိုတာ မင်းသိလား။ ”


“ ဒီဖိုင်တွေထဲမှာ မင်းရဲ့ကိုယ်ပိုင်ဘဝတွေ၊နောက်ခံတွေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေအကြောင်း အကုန်ရှိတယ်။ ”


စုမင်ယွမ်သည် စားပွဲကို တံတောင်ဖြင့် ထောက်ထားရင်း လင်းယုန်ကဲ့သို့ စူးရှသော မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။


စုမင်ယွမ် သေသေချာချာ ထိုင်လိုက်၏။ရှောင်လောလောသည် သူ၏အရှေ့၌ ရပ်နေသည်။သို့သော်လည်း ရှောင်လောလော ခေါင်းငုံ့ထားနေသည်။စုမင်ယွမ်သည် ရှောင်လောလောအား ဟိတ်ဟန်ဖြင့် ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။


“ ငါ့ကို အာခံရင် ဘာဖြစ်မလဲဆိုတာ သိလား။ ”


ရှောင်လောလော ဘာမှမတုံ့ပြန်ဘဲ နှုတ်ခမ်းစေ့ကာ မသက်မသာနှင့် လက်သီးဆုပ်ထား၏။


သူ၏အရှေ့မှလူမှာ မရိုင်းသော်လည်း ထိုသူ၏စကားလုံးများသည် သူ၏ခါးကို မမြင်နိုင်သော လက်ကြီးတစ်ဖက်က တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားသကဲ့သို့ ခံစားရစေသည်။


ရှောင်လောလော ပြန်မဖြေသည်ကိုမြင်ပြီး စုမင်ယွမ် ဆက်ပြောသည်။


“ ငါ့ကုမ္ပဏီက ဒုတိယတန်းစား ဖျော်ဖြေရေး ကုမ္ပဏီဖြစ်ပင်မဲ့လည်း အနုပညာအသိုင်းအဝိုင်းမှာ ငါ့အဆက်အသွယ်တွေ အများကြီး ရှိတယ်။စုမိသားစုရဲ့ သခင်လေးဆိုတဲ့ ငါ့ရဲ့ဂုဏ်ပုဒ်ကိုတော့ ပြောစရာမလိုတော့ဘူး ထင်တယ်။ ”


“ ပြီးတော့ မင်းက ဘာနောက်ခံမှမရှိတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်။မင်မြို့တော်ရဲ့ ရုပ်ရှင်အကယ်ဒမီမှာ ပညာသင်နေတဲ့ ကျောင်းသူတစ်ယောက်ပါပဲ။ ”


“ လောလော။မင်းရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲရလာဒ်က တော်တော်လေးကောင်းတယ်။မင်းက ထိပ်တန်းတက္ကသိုလ်တစ်ခုကို တက်လို့ရတာပဲ။ဒါပေမဲ့ မင်း မင်မြို့တော် ရုပ်ရှင်အကယ်ဒမီကို ရွေးချယ်ခဲ့တယ်။အကြောင်းရင်းက မင်း ကြယ်ပွင့်ဖြစ်ချင်လို့ပဲ။ဟုတ်တယ်မလား။ ”


“ မင်းက ဘာမှကျော်ကြားမှုမရှိသေးတဲ့ လူသစ်တစ်ယောက်ပဲ။ငါတစ်ခွန်းပြောပြီးတော့ မင်းကို ပိတ်ပင်လိုက်တာနဲ့ အနုပညာလောကထဲမှာရှိတဲ့ ဘယ်သူကမှ မင်းကို မျက်နှာသာပေးမှာ မဟုတ်တော့ဘူး။ ”


“ အနုပညာနဲ့ပတ်သတ်တဲ့ ဘယ်အလုပ်ကမှ မင်းကို လိုချင်တော့မှာ မဟုတ်ဘူး။ ”


“ မင်းနဲ့ သက်တူရွယ်တူတွေ၊ မင်းရဲ့ ပါမောက္ခတွေကလည်း မင်းကိုရှောင်ပြီးတော့ မုန်းနေကြလိမ့်မယ်။ဘာလို့လဲဆိုတော့ မင်းငါ့ကို အာခံလို့ပဲ။ ”


“ မင်းရဲ့ သင်ယူမှုတွေ၊ကြိုးစားအားထုတ်မှုတွေအားလုံး သဲထဲရေသွန်ဖြစ်သွားမယ်။မင်းရဲ့ အိပ်မက်တွေလည်း အဆုံးသတ်သွားမယ်။မင်းရဲ့ အနာဂတ်လည်း ပြတ်တောက်သွားမယ်။ ”


စုမင်ယွမ် လက်ညှိုး ထောင်ပြလိုက်သည်။

“ လောလော။ဒါက မင်းငါ့ကို အာခံရင် ဖြစ်လာမယ့် အကျိုးဆက်တွေထဲက တစ်ခုပဲ။ ”


“ ရှင်....ရှင် အရှက်မရှိဘူး။ ”


ရှောင်လောလော ဒေါသထွက်သွားပြီး တုန်လှုပ်နေ၏။


ရှောင်လောလောသည် အမှန်တကယ်ပင် တုံးအ လှသည်။ဤလောက၌ စုမင်ယွမ်ကဲ့သို့ အရှက်မဲ့ပြီး ကောက်ကျစ်သောသူ ရှိလိမ့်မည်မဟုတ်ဟု သူလုံးဝ မထင်ထားခဲ့ပေ။


ရှောင်လောလော၏ အပြစ်တင်မှုကို စုမင်ယွမ် ဂရုမစိုက်ဘဲ ဆက်ပြောသည်။

“ လောလော။မင်းရဲ့ ဘဝအတွေ့အကြုံတွေကို ငါဖတ်ကြည့်ပြီးပြီ။မင်းက ကြင်နာတတ်ပြီးတော့ ဂရုစိုက်တတ်တယ်။မင်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရပင်မဲ့ စိတ်မထိခိုက်ဘူး။ ”


“ မင်းက ကြိုးကြိုးစားစားလုပ်ရတဲ့ အလုပ်တွေနဲ့ အချိန်ပိုင်းအလုပ်တွေကနေ ရတဲ့ငွေတွေကို မိဘမဲ့ဂေဟာအတွက် ပစ္စည်းတွေဝယ်ဖို့အတွက် သုံးလေ့ရှိတယ်။ ”


“ မင်းရဲ့ အသွင်အပြင်ကလည်း ထူးကဲပြောင်မြောင်တယ်။မင်းက စိတ်နှလုံးဖြူစင်တယ်။တောက်ပတဲ့ အိပ်မက်တွေရှိတယ်။ ”


“ ဒါပေမဲ့ မင်းက ပိုက်ဆံမရှိဘူး။ ”


“ ငါ့ကုမ္ပဏီနဲ့ မင်းလက်မှတ်ထိုးလိုက်တဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်ရန် ဘယ်လောက်လျော်ကြေး ပေးရမလဲဆိုတာ မြင်ပြီးပြီလားတော့ မသိဘူး။ ”


စုမင်ယွမ်သည် လက်၅ချောင်း ထောင်ပြလိုက်ရင်း နှုတ်ခမ်းတွန့်လိုက်၏။


“ ၅သိန်း။ ”


“ လောလော။ဒါက မင်းငါ့ကို အာခံရင်ဖြစ်လာမယ့် ဒုတိယ အကျိုးဆက်ပဲ။ ”


၅သိန်း။ 


ရှောင်လောလော၏ လှပသောမျက်နှာ ချက်ချင်း ဖြူဖျော့သွားပြီး မျက်လုံးထဲ၌ မျှော်လင့်ချက် ပျောက်ဆုံးသည့် အရိပ်အယောင်များ ဖျပ်ခနဲ ဖြစ်သွားသည်။


မိန်းမလှလေး၏ အားကိုးရာမဲ့နေသောပုံစံကိုကြည့်ရင်း စုမင်ယွမ်၏ မျက်လုံးထဲ၌ ဖုံးကွယ်၍မရသော ပျော်ရွှင်မှု အရိပ်အယောင် သမ်းသွားသည်။ထို့နောက် သူ၏နှုတ်ခမ်းသည် ခပ်ညစ်ညစ် အပြုံးအဖြစ် ပြောင်းလဲသွား၏။


ဒီလိုမျိုး သရုပ်ဆောင်ပုံနဲ့ဆိုရင် ငါက ဗီလိန်တစ်ယောက် မဟုတ်ဘူးဆိုတာကို ဘယ်သူမှယုံမှာ မဟုတ်တော့ဘူး။


ဒီလိုမျိုး ရွံစရာဗီလိန်အဖြစ် သရုပ်ဆောင်ဖို့အတွက် ငါအများကြီး ကြိုးစားအားထုတ်ခဲ့ရတယ်။ 


“ လောလော။နောက်ထပ် ရှိသေးတယ်။မင်မြို့က အန္တရာယ်ကင်းတဲ့နေရာ ဖြစ်ပင်မဲ့ မြို့ရဲ့ မီးနီခရိုင် ဇာတ်လမ်းတွေကိုတော့ မင်းကြားဖူးလောက်မှာပေါ့။သူတို့တွေက တူးမြောင်းထဲက ကြွက်တွေပဲ။သူတို့တွေက မှောင်ရိပ်ထဲမှာ ပုန်းနေပြီးတော့ ဖြတ်သွားဖြတ်လာ အပြစ်မဲ့သူတွေကို တိတ်တိတ်လေး တိုက်ခိုက်ကြတယ်။ ”


“ သူတို့တွေက မကောင်းတာ အကုန်လုပ်တယ်။မုဒိန်းကျင့်တယ်။လုယက်တယ်။သူတို့တွေအားလုံးက သူခိုးကြမ်းပိုးတွေချည်းပဲ။လောလော။မင်းငါ့ကို အာခံမိလို့ တစ်နေ့ကျ လမ်းမှာ အဲ့ဒီလူတွေနဲ့ မတွေ့ဘူးလို့ ငါအာမ မခံနိုင်ဘူး။ ”


အသေးအဖွဲကိစ္စ ပြောနေသကဲ့သို့ပင် စုမင်ယွမ် ပြုံးနေလိုက်၏။


နောက်ဆုံး၌ ရည်ရွယ်ချက် အစစ်အမှန်ကို ထုတ်ပြပြီး ရွေးချယ်စရာတစ်ခု ပေးလိုက်သည်။

“ ဒီတော့ ရှောင်လောလော။မင်း ‌စဉ်းစားပြီးပြီလား။ငါ့အိပ်ယာပေါ်ကို လိမ်လိမ်မာမာနဲ့ တက်လာဖို့ ရွေးချယ်မှာလား။ဒါမှမဟုတ် ငါ့ကို အာခံပြီးတော့ အန္တရာယ်တွေကို ရွေးမလား။ ”


စုမင်ယွမ်၏မျက်နှာပေါ်‌၌ အပြုံး မရှိတော့ပေ။သူ၏ အေးစက်သောအကြည့်သည် ရှောင်လောလော၏ ခေါင်းပေါ်သို့ ဖိထားသော တောင်တန်းကြီးကဲ့သို့ဖြစ်နေပြီး ထိုထက်လှသော စကားလုံးများက စူးရှသော လေညှင်းကဲ့သို့ ဖြစ်နေသည်။၎င်းသည် ရှောင်လောလော၏စိတ်ကို ဓားထက်ထက် သကဲ့သို့ပင် ဖောက်ထွင်းသွား၏။


စုမင်ယွမ်သည် မေးမြန်းနေပုံပေါက်သော်လည်း ရှောင်လောလော ငြင်းနိုင်မည့် ဖြစ်နိုင်သော ဆင်ခြေအားလုံးကို ပိတ်ဆို့ထားခဲ့ပြီ ဖြစ်သည်။


အိပ်မက်၊အနာဂတ်၊ငွေ၊ဘဝ၊အန္တရာယ်ကင်းမှု.....


ထို မမြင်ရသော လက်ကြီးက ရှောင်လောလောကို လုံးဝတင်းတင်းဆုပ်ကိုင်ထားပြီး စိတ်ဆင်းရဲအောင် လုပ်နေသည်။အသက်ရှူမဝအောင် လုပ်နေသည်။ငြင်းပိုင်ခွင့်များကို ဖြတ်တောက်ထားသည်။အရှုံးပေးရန်မှလွဲ၍ ရှောင်လောလော၌ ရွေးစရာ မရှိတော့ပေ။


ဒါပေမဲ့.... သူ အရှုံးပေးမှာလား။ 


ဘယ်ဖြစ်နိုင်မလဲ။ 


စုမင်ယွမ်သည် ရှောင်လောလော ပေါက်ကွဲမည့် အချိန်ကို စောင့်ဆိုင်းနေသည်။


ရှောင်လောလောသည် ဝတ္ထုထဲမှ ဇာတ်လိုက်မင်းသမီးတစ်ယောက်ဖြစ်ပြီး ရှောင်ရန်း၏ဟာရမ်ထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။သူသည် သန့်ရှင်းပြီး ကြင်နာတတ်ကာ အားနည်းပြီး ကြောက်လန့်တတ်ပုံပေါ်သည်။သူ၏ ပင်ကိုစရိုက်သည် အပြင်ပန်း၌ နူးညံ့သော်လည်း အတွင်းထဲ၌ ခိုင်မာ၏။သူသည် စုမင်ယွမ်ကဲ့သို့ ဗီလိန်ထံ၌ လုံးဝ အရှုံးပေးမည် မဟုတ်ပေ။


ယခုတွင် စုမင်ယွမ် စိတ်ကောင်းဝင်နေသည်။


ပထမဆုံးအကြိမ်အဖြစ် သူ၏သရုပ်ဆောင်မှုသည် လုံးဝပြီးပြည့်စုံသည်ဟု ခံစားခဲ့ရသည်။


ဒီလို ထိန်းချုပ်မှုတွေ၊ ဒီလို အပြုအမူတွေနဲ့ဆို ရှောင်လောလောက သေချာပေါက် ငါ့ကို စက်ဆုပ်မှာပဲ။ 


အချိန်ကျလာရင် ရှောင်ရန်းက ဒေါသတကြီးနဲ့ ရှောင်လောလောရှေ့မှာ ငါ့ကို ပြက်ရယ်ပြုမှာပဲ။ 


ဒီတစ်ခေါက် ငါ သေချာပေါက် A+ ရမှာပဲ။ 


လုပ်စမ်းပါ။ရှောင်လောလော။မင်းရဲ့ဒေါသကို ပြလိုက်စမ်းပါ။မင်းရဲ့ ဒေါသတကြီး ကြိမ်းမောင်းတာတွေကို ပြလိုက်စမ်းပါ။ 


စုမင်ယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ရှောင်လောလောအား ကြည့်လိုက်သည်။ရှောင်လောလောသည် ခေါင်းငုံ့ထားပြီး လက်သီးကိုကျစ်ကျစ် ဆုပ်ထားသည်ကို သူ သတိထားမိလိုက်သည်။


ရှောင်လောလောသည် ဒေါသများနှင့် တုန်ခါနေပြီး အသက်ရှူလိုက်တိုင်း ရင်ဘတ် တဆက်ဆက်တုန်သွားသည်ကို စုမင်ယွမ် မြင်နေရသည်။


နောက်ထပ်အခိုက်အတန့်၌ ရှောင်လောလောသည် မိမိအား လုံးဝမကြောက်ဘဲ ကြည့်နေသည်ကို စုမင်ယွမ် မြင်လိုက်ရ၏။


ရှောင်လောလော၏ နောက်ကျော ဖြောင့်မတ်နေပြီး ကြည်လင်သောမျက်လုံးများမှာလည်း ဒေါသဖြင့် လောင်ကျွမ်းနေကာ မျက်နှာလှလှမှာလည်း ဒေါသဖြင့် နီမြန်းနေလေသည်။


မျှော်လင့်ချက်မဲ့သော မိန်းမလှသည် နှစ်သက်စဖွယ် ကောင်းသော်လည်း ဒေါသထွက်နေသော မိန်းမလှ၌ ပိုထူးခြားသော အရည်အသွေး ရှိသည်။


စုမင်ယွမ် ဟန်လုပ်ပြုံးပြီး ရှောင်လောလော ပေါက်ကွဲမည်ကို စောင့်နေလိုက်သည်။


ရှောင်လောလော ချဉ်းကပ်လာသည်ကို သူကြည့်နေသည်။ရှောင်လောလောသည် သူ၏အရှေ့၌ ရပ်နေရင်း ခါးကိုင်းလိုက်သည်။


“ ဥက္ကဋ္ဌ စု။ကျွန်....ကျွန်မရဲ့ အနာဂတ်နဲ့ အိပ်မက်တွေကို မဆုံးရှုံးချင်ဘူး။စာ.....စာချုပ်ဖျက်ဖို့လည်း မတတ်နိုင်ဘူး။ပြီးတော့ သေရမှာလည်း ကြောက်တယ်။..ကျွန်မ.... ”


ရှောင်လောလော ခေါင်းငုံ့လိုက်သည်။

“ ......ကျွန်မ မှားတယ်ဆိုတာ သိပါပြီ။ ”


သူ အရှုံးပေးလိုက်တယ်။ဟုတ်လား။


သူ အရှုံးပေးလိုက်တယ်။ 


ဘယ်လိုဖြစ်ရတာလဲ။ 


စုမင်ယွမ် ထိတ်လန့်သွား၏။


ယခင်ဘဝ၌ သူမအောင်မြင်ခင်တွင် ရှောင်လောလောက သူ့ကို ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့သည်။ရှောင်လောလောက သူ၏ မျက်နှာကို လက်ညှိုးထိုးပြီး သူ့ကဲ့သို့ ရွံစရာကောင်းပြီး အရှက်မရှိသော မျိုးမစစ်ကောင်ကို လုံးဝအရှုံးပေးလိမ့်မည်မဟုတ်ဟု ကျိန်ဆိုခဲ့သည်။


သို့သော်လည်း ယခုတွင် သူအရှုံးပေးခဲ့သည်။


ဒါက အရင်က ရှောင်လောလောရော ဟုတ်ရဲ့လား။ဒါက သူ့ဇာတ်ကောင်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ 


မဟုတ်ဘူး။ 


မဖြစ်နိုင်ဘူး။သူငါ့ကို လိမ်နေတာပဲဖြစ်မယ်။သူက အားနည်းချင်ယောင်ဆောင်ပြီးတော့ တစ်ချိန်ချိန်မှာ တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး ရှာနေတာပဲ ဖြစ်ရမယ်။ 


ဟုတ်တယ်။ဒီလိုပဲ ဖြစ်မယ်။ 


စုမင်ယွမ် ရုတ်တရက် မတ်တပ်ရပ်ပြီး ရှောင်လောလောအား ကျောခိုင်းကာ မျက်လုံးထဲမှ အံ့အားသင့်ထိတ်လန့်မှုကို ဖုံးကွယ်လိုက်သည်။ထို့နောက် ဗီဒိုထဲရှိ ဝိုင်ကို သွားယူသည်။


ရှောင်လောလော ဟန်ဆောင်နေခြင်း ဟုတ်ဟုတ် မဟုတ်ဟုတ်၊ သူ ဆက်ပြီး သရုပ်ဆောင်ရဦးမည်ဖြစ်သည်။။သူ၏စရိုက် ပြိုလဲသွား၍မဖြစ်ပေ။သူ၏သရုပ်ဆောင်မှု ပျက်စီးသွား၍ မဖြစ်ပေ။


သူသည် စုမင်ယွမ်ဖြစ်သည်။ရှောင်လောလောကို အတူတူအိပ်ရန် အကျပ်ကိုင်သည့် စက်ဆုပ်စရာ ဗီလိန်တစ်ယောက် ဖြစ်၏။


ဤကိစ္စ မပြီးဆုံးသေးပေ။


ဝိုင်အဆို့ပွင့်သွားပြီးသည့်နောက် ကောင်းမွန်လှသောဝိုင်နီများကို ခံစားချက်ပူပူကဲ့သို့ပင် ဖန်ခွက်ထဲသို့ တဖြည်းဖြည်း လောင်းထည့်လိုက်သည်။


“ ရှောင်လောလော။ငါက အရသာရှိတဲ့ဝိုင်တွေကို ကြိုက်တယ်။မိန်းမလှတွေကိုလည်း ကြိုက်တယ်။ ”


စုမင်ယွမ်သည် လက်ထဲ၌ ဝိုင်တစ်ခွက်ကိုင်ရင်း ရှောင်လောလောဆီသို့ ‌သွားကာ ပြောသည်။

“ မင်းက အရှုံးပေးဖို့ ရွေးချယ်လိုက်တယ်ဆိုတော့ ငါတို့မစခင် ဝိုင်တစ်ခွက် အရင်သောက်လိုက်။ ”



Recommendation

Discussion