- Chapter 1

ဗီလိန်ပေမဲ့ မင်းသမီးတွေက ငါ့ဘက်မှာ


အခန်း(၁) ငါ့သရုပ်ဆောင်စွမ်းရည်က ကျွမ်းကျင်အဆင့်ပဲ


“ စုမင်ယွမ်။ဒါက မင်းရဲ့ ကြံစည်ထားတဲ့ ရလာဒ်ပဲ။ဘာလဲသိလား။အခုမင်းကို ငါ့လူတွေ ဝိုင်းထားပြီးပြီ။ ”


“ သစ္စာဖောက်ခံရတာက ဆိုးတယ်မလား။မင်းက ငါ့ကို လျို့ဝှက်ကြံစည်ခဲ့တာလေ။ရွံစရာကောင်။ ”


စုမင်ယွမ်၏ရင်ဘတ်ထဲ၌ ဓားတစ်လက်စိုက်ဝင်နေပြီး ထိုဓားကို ထိုးစိုက်ခဲ့သူမှာ သူအယုံကြည်ရဆုံး လက်ထောက် ဖြစ်သည်။


စုမင်ယွမ်ကို သာမန်မျှသာစိုက်ကြည့်နေသော အရှေ့မှလူမှာ ဤလောကရှိ ဇာတ်လိုက်မင်းသားဖြစ်သော ရှောင်ရန်း ဖြစ်သည်။သူ့ကို ဇာတ်လိုက်မင်းသမီး အမြောက်အမြား ဝိုင်းရံထားကြသည်။


မိန်းကလေးအများစုက မျက်လုံးထဲ၌ ပျော်ရွှင်မှု ပြသနေကြပြီး အချို့မှာတော့ ရှောင်ရန်းကဲ့သို့ပင် အေးစက်စက်နှင့် ထေ့ငေါ့ပြုံးနေကြသည်။


စုမင်ယွမ်၏ အစ်မဖြစ်သူ စုရွှယ်လန်သည် သူ့ကို ဆက်မကြည့်နေနိုင်တော့ဘဲ ဘေးထွက်သွားပြီး မျက်နှာလွှဲထားလိုက်သည်။သို့သော်လည်း ဘာမျှမပြောပေ။


“ စုမင်ယွမ်။ရွှယ်လန်ကြောင့် မင်းကိုငါ အကြိမ်ကြိမ် ခွင့်လွှတ်ပေးခဲ့တယ်။ဒါပေမဲ့ မင်းက ဘဝင်မြင့်လွန်းတယ်။အခုမှ နောင်တရလို့ကတော့ နောက်ကျသွားပြီ။ ”


“ ဒါက မင်းငါ့ကို ဆန်ကျင်လို့ဖြစ်တာပဲ။ ”


..ဇွတ်..


‌ဓားကို ဆွဲထုတ်လိုက်ရာ စုမင်ယွမ်၏ရင်ဘတ်ထဲမှ သွေးများ မထိန်းချုပ်နိုင်ဘဲ ပန်းထွက်လာသည်။စုမင်ယွမ် မြေပြင်ပေါ်သို့ လဲကျသွားသည်။သူ၏မျက်နှာသည် နာကျင်မှုနှင့် ခါးသီးမှုတို့ကြောင့် ရှုံ့တွနေပြီး ရှောင်ရန်းအား စိုက်ကြည့်နေသည်။


သို့သော်လည်း သူ၏စိတ်ထဲတွင် နောက်ဆုံး၌ သက်ပြင်းချနိုင်ခဲ့သည်။


‘ ငါ ရှောင်ရန်းကို ဆက်ပြီးတိုက်ခိုက်တယ်။နောက်တော့ သူက ငါ့ကို အရှက်ခွဲတယ်။ရိုက်နှက်တယ်။နောက်ဆုံးတော့ ငါဒီလိုမျိုး အဆုံးသတ်သွားတယ်။ ’


‘ ငါ့ကို အရည်အချင်းပြည့်မှီတဲ့ ဗီလိန်တစ်ယောက်အနေနဲ့ သတ်မှတ်လို့ရပြီလား။ ’


‘ နောက်ဆုံးတော့ ငါစုတာ ဗီလိန်အမှတ် တစ်သိန်းပြည့်သွားပြီ။ကမ္ဘာဆီကို ပြန်လို့ရပြီ။ ’


“ မြို့ပြအထွတ်အထိပ်ဧကရာဇ် ”၌ ဗီလိန်အဖြစ် လောကကူးပြောင်းလာပြီးနောက် စုမင်ယွမ်သည် ဗီလိန်စနစ်ကို ရရှိခဲ့သည်။မူလဝတ္ထု၏ ဇာတ်ညွှန်းအတိုင်း တစ်ကွက်ချင်း ဗီလိန်အနေဖြင့် အောင်အောင်မြင်မြင် သရုပ်ဆောင်နိုင်ခဲ့လျှင် သူသည် ဗီလိန်အမှတ် အမြောက်အမြား ရရှိမည်ဖြစ်ကြောင်း သိရှိသွားခဲ့သည်။


သူပိုပြီး သရုပ်ဆောင်ကောင်းလေလေ၊ ပိုပြီးမတော်တရား လုပ်လေလေ၊ ပိုပြီး အရိုက်ခံရလေလေ၊ ဗီလိန်အမှတ် ပို၍ရရှိလေလေပင် ဖြစ်သည်။


ဗီလိန်အမှတ် တစ်သိန်းပြည့်မှသာ ကမ္ဘာသို့ သူပြန်နိုင်မည် ဖြစ်သည်။


ဤသို့ဖြင့် စုမင်ယွမ်သည် ကြိုးကြိုးစားစားနှင့် ဗီလိန်နေရာ၌ သရုပ်ဆောင်ခဲ့သည်။မူရင်းဝတ္ထု၏ ဇာတ်ကွက်အတိုင်း သူသည် ဤလောကရှိ ဇာတ်လိုက်မင်းသား ရှောင်ရန်းအား ပြဿနာ ဆက်တိုက်ရှာသည်။ထို့နောက် သူသည် အကြိမ်ကြိမ် မျက်နှာထိုးခံရဟန်ဆောင်ပြီး ရှောင်ရန်းအား ဒေါသထွက်စေကာ သူ့ကို အရှက်ခွဲအောင်လုပ်သည်။


နောက်ဆုံး၌ သူသည် အိမ်ပြန်ရန် လုံလောက်သည်အထိ ဗီလိန်အမှတ် စုဆောင်းနိုင်ခဲ့သည်။


“ စနစ်။ငါ့ကို အိမ်ပြန်ပို့တော့။ ”


[ တွီ။ဗီလိန်အမှတ် တစ်သိန်း သုံးစွဲပြီးပါပြီ။လောက ‌ကူးပြောင်းရန် စတင်ပါတော့မည်..... ]


သူ၏အသက် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာပြီး ခန္ဓာကိုယ်သည်လည်း အသိစိတ်ရှိဟန် မတူတော့ပေ။


အရှေ့တွင် အမှောင်ထုကြီး ရှိနေသည်ဟု စုမင်ယွမ် ခံစားနေရပြီး သူ၏ဝိညာဉ်သည် ဖရိုဖရဲနှင့် အဆုံးမဲ့‌သော အာကာသထဲ၌ မျောလွင့်နေဟန်တူသည်။


နောက်ဆုံး၌ သူသည် မွေးရပ်မြေဖြစ်သော ကမ္ဘာဆီသို့ ပြန်‌နိုင်တော့မည် ဖြစ်သည်.....


မြေပြင်ပေါ်၌ လှဲလျောင်းနေသည်မှာ စုမင်ယွမ်၏ အေးစက်နေသော အလောင်းဖြစ်သည်။ရှောင်ရန်းသည် လှပသော ဇာတ်လိုက်မင်းသမီးများကို ပွေ့ဖက်ရင်း စိတ်ပျော်ရွှင်နေသည်။


‘စုမင်ယွမ်၏ သေဆုံးမှု’နှင့် စနစ်၏အကူအညီနှင့်အတူ လောက အကာအရံကို ‌အတင်းဖောက်ထွက်သွားသော စုမင်ယွမ်၏ ဝိညာဉ်သည် သူ၏လောကဇစ်မြစ်ကို ထိခိုက်သွားကြောင်းကို ရှောင်ရန်းလုံးဝ မသိပေ။


သူ့ကို အပ်နှင်းထားသော လျို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါတစ်ခုလည်း တိတ်တဆိတ် ပျောက်ကွယ်သွား၏။


တစ်ချိန်တည်းမှာပင် လောက အကာအရံကို ဖောက်ထွက်ပြီး လောက ကူးပြောင်းရန် ကြိုးစားနေသော စုမင်ယွမ်သည် စနစ် သတိပေးချက်တစ်ခုကို ကြားလိုက်ရသည်။


[ တွီ။တီး။တီး။အရေးပေါ်။အရေးပေါ်။အချိန်နဲ့အာကာသထဲက ရုတ်တရက် နှောင့်ယှက်မှုတစ်ခုနဲ့ ကြုံတွေ့နေရတယ်။အချိန်နဲ့အာကာသထဲက ရုတ်တရက် နှောင့်ယှက်မှုတစ်ခုနဲ့ ကြုံတွေ့နေရတယ်။ ]


[ လောက ကူးပြောင်းခြင်း အဆုံးသတ်လိုက်ရပါပြီ။ ]


[ လောက ကူးပြောင်းခြင်း အဆုံးသတ်လိုက်ရပါပြီ။ ]


‘ ဝုန်း ’


ယခုမှပင် ဖရိုဖရဲ စတင်သကဲ့သို့ဖြစ်သွားပြီး လောကကြီး အစပြန်ဖြစ်သွားသည်။


စုမင်ယွမ် မျက်လုံးဖွင့်လိုက်ပြီး စံအိမ်ထဲရှိ နွေဦးအိပ်ယာထက်၌ ရုတ်တရက် နိုးထာလာသည်။


“ စနစ်။ဘာဖြစ်သွားတာလဲ။ ”


[ လက်ခံသူ။ပြောရမှာတော့ စိတ်မကောင်းဘူး။‌လောက ကူးပြောင်းနေရင်း အချိန်နဲ့အာကာသထဲက ရုတ်တရက် နှောင့်ယှက်မှုတစ်ခုကြောင့် အချိန်နဲ့အာကာသ အနှောင့်အယှက်ထဲမှာပါတဲ့ ငါတို့ အားလုံးက “ မြို့ပြအထွတ်အထိပ်ဧကရာဇ် ” လောကဆီကို ပြန်ရောက်လာတယ်။ပြီးတော့ မင်း ဒီလောကကို ရောက်လာတဲ့ ပထမဆုံးနေ့ဆီကို ပြန်ရောက်သွားတယ်။ ]


[ ပြောရရင်တော့ မင်း ကမ္ဘာ‌ဆီကို ပြန်ချင်တယ်ဆိုရင် ဗီလိန်အမှတ်တွေ စုဆောင်းဖို့အတွက် ဗီလိန်နေရာကနေ ထပ်ပြီး သရုပ်ဆောင်ရဦးမယ်။ ]


“ထပ်ပြီးတော့....အစကနေ လုပ်ရဦးမှာလား။ ”

စုမင်ယွမ်၏ နှလုံးသားသည် အသူရာချောက်နက်ထဲသို့ ရုတ်တရက် ကျရောက်သွားသည်။


[ သတင်းကောင်းတစ်ခုကတော့ ကမ္ဘာကိုပြန်နေတဲ့ လုပ်ငန်းစဉ်က တစ်ဝက်မှာ ရပ်သွားတဲ့အတွက် မင်းစုဆောင်းရမယ့် ဗီလိန်အမှတ် တစ်သိန်းကို ငါးသောင်းအထိ လျှော့ချလိုက်တယ်။ဒီတစ်ခေါက်တော့ ကမ္ဘာကိုပြန်ဖို့အတွက် ဗီလိန်အမှတ် ငါးသောင်းကိုပဲ မင်းစုရတော့မယ်။ ]


“ ငါးသောင်း... ”


“ ဒီတစ်ခေါက် ငါးသောင်းပဲ.... ”


စုမင်ယွမ် လက်သီး ဆုပ်ပြီး သူ၏စိတ်အခြေအနေ တိုးတက်လာသည်။


“ နောက်တစ်ခေါက် ထပ်ပြီး သရုပ်ဆောင်ရတာပါပဲ။လိုအပ်တဲ့ ဗီလိန်အမှတ်ကလည်း အရင်ထက် တစ်ဝက်ပဲလိုတယ်။ပြီးတော့လည်း ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်က နောက်ဆုံးတစ်ခေါက် ကတည်းကနေ သိသိသာသာ တိုးတက်လာခဲ့တာ။ငါ ပိုပြီးတော့ သရုပ်ဆောင်နိုင်မှာပဲ။ပြီးတော့လည်း ဗီလိန်အမှတ်တွေကို ပိုပြီးမြန်မြန် စုနိုင်မယ်။ ”


 ၂နှစ်ကြာ ဗီလိန်နေရာ၌ သရုပ်ဆောင်ပြီးနောက် စုမင်ယွမ်သည်အချိန်အကြာကြီးကတည်းက ဝမ်းနည်းမှုမှ ပျော်ရွှင်မှုကို ရှာဖွေနိုင်ခဲ့သည်။


ပထမဆုံးအကြိမ်အဖြစ် ဗီလိန်တစ်ယောက်အနေနှင့် သူသည် အရင်ဦးစွာ ဇာတ်လိုက်မင်းသား ရှောင်ရန်းအား မျက်နှာကို လက်သီးဖြင့် ထိုးခဲ့သည်။


အကယ်၍ အကောင်းမြင်စိတ် လုံလုံလောက်လောက် မရှိခဲ့လျှင် စုမင်ယွမ်၏ စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားသည်မှာ ကြာလေပြီ။


၎င်းကို အချိန်ပြည့် ဒရာမာအဖြစ် စဉ်းစားကြည့်လိုက်ပါ။ 


ယခုတစ်ခေါက်တွင် သူသည် ဇာတ်ညွှန်းကို ပို၍မြန်မြန်ဆန်ဆန်နှင့် ပိုကောင်းအောင် သရုပ်ဆောင်နိုင်ပြီဖြစ်သည်။


ယခင်က ဗီလိန်ကံကြမ္မာကို ပြီးစီးရန်အတွက် စုမင်ယွမ် ၂နှစ်အချိန်ယူခဲ့ရပြီး ဗီလိန်အမှတ် တစ်သိန်း စုဆောင်းနိုင်ခဲ့သည်။ယခုအကြိမ်‌တွင်တော့ သူသည် ပိုကောင်းအောင် ပြုလုပ်ရန် သန္နိဋ္ဌာန်ချခဲ့သည်။တစ်နှစ်အတွင်းမှာပင် ပြီးစီးနိုင်လေသည်....


မဟုတ်ဘူး။တစ်နှစ်အောက်ပဲ။နှစ်ဝက်အတွင်းမှာ ဗီလိန်အမှတ် ငါးသောင်းရအောင် စုဆောင်းရမယ်။ 


ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီးတွေရှေ့မှာ ငါပိုပြီးတော့ မခံချင်အောင် ထိကပါးရိကပါး ပြောမယ်။သူတို့တွေ မုန်းတီးအောင် လုပ်မယ်။ပြီးရင် မျက်နှာကို အထိုးခံရမယ်။ 


ဘယ်လိုပဲဖြစ်ဖြစ်ပါ။ဒါက သရုပ်ဆောင်တာပါပဲ...


စိတ်အခြေအနေကို ပြင်ဆင်လိုက်ပြီးနောက် စုမင်ယွမ်သည် အိပ်ယာမှထကာ အလျင်အမြန် အဝတ်အစားလဲလိုက်သည်။ထို့နောက် စံအိမ်မှထွက်သွားပြီး ပထမဆုံး သရုပ်ဆောင်မှု စတင်ရန် ပြင်ဆင်တော့သည်။


စုမိသားစု၏ သားအကြီးဆုံးဖြစ်သူ စုမင်ယွမ်သည် မင်မြို့ရှိ နာမည်ကြီးလေးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ဝိုင်၊ဇိမ်ခံကား၊ကျောက်စိမ်းကောင်းကောင်းနှင့် လှပသော မိန်းကလေးများကို သဘောကျသည်.....


ကျွမ်းကျင်မှုမရှိ၊ မိုက်မဲပြီး မိသားစုအင်အားကို အမှီပြုကာ ဒုတိယတန်းစား ဖျော်ဖြေရေး ကုမ္ပဏီကို တည်ထောင်ခဲ့သည်။အကြောင်းရင်းမှာ သူ၏မိန်းမလိုက်ချင်စိတ်ကို ကူညီပေးနိုင်ရန်အတွက် နာမည်ကြီး လျှူမုန့်နင်အား အဆင်ပြေပြေ လိုက်နိုင်ရန်အတွက်သာ ဖြစ်သည်။


လျှူမုန့်နင်သည် နိုင်ငံအတွင်း နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်ရုံသာမက သူ၏အသွင်အပြင်မှာလည်း အပြစ်ကင်းကာ သူ၏စိတ်နေစိတ်ထားသည် အမှန်တကယ်ပင် ပြီးပြည့်စုံလှသည်။သူ၏အဆင့်အတန်းမှာလည်း မိသားစုကြီးလေးစုထဲမှ တစ်ခုဖြစ်သော လျှူမိသားစု၏ သမီးအကြီးဆုံး ဖြစ်သည်။


ပုံပန်းသွင်ပြင်ဖြစ်စေ အဆင့်အတန်းဖြစ်စေ စုမင်ယွမ်ကဲ့သို့ ကာမရာဂစိတ် ပြင်းပြသောလူတစ်ယောက်အတွက် အကန့်အသတ်မရှိသော စိတ်ဝင်စားမှုများ ရှိနေသည်။


လျှူမုန့်နင် ဇာတ်ဆောင်ပါဝင်သော “ပြိုင်ဘက်ကင်း မိန်းမလှ” ဇာတ်ကားသည် ကြိုတင်ပြင်ဆင်မှု အခြေအနေ၌သာ ရှိနေပြီး ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေနေသည်။


စုမင်ယွမ်က ရုပ်ရှင် ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်လျှင်

လျှူမုန့်နင်က သူနှင့်အတူ အတူတူထမင်းစားရန် မျက်နှာသာပေးမည်ဟု တွေးပြီး ထိုကိစ္စ၌ ပါဝင်ချင်နေသည်။ထိုအချိန်တွင် သူသည် သီးသန့်အခန်းတစ်ခန်းကိုရှာပြီး ဒန်ဒန့်ဒန်........


ထိုကိစ္စကို စီစဉ်ရန်အတွက် ယနေ့တွင် ကုမ္ပဏီသို့ စုမင်ယွမ် သွားခဲ့ခြင်း ဖြစ်သည်။


သူ၏ ‘မင်ယွမ် ဖျော်ဖြေရေး ကုမ္ပဏီ’သည် “ပြိုင်ဘက်ကင်း မိန်းမလှ” ဇာတ်ကား၏ ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်ရပေမည်။ 


ထို့နောက် သူသည် ကုမ္ပဏီရှိ ဝန်ထမ်းအသစ်ဖြစ်သော ဇာတ်လိုက်မင်းသား ရှောင်ရန်း၏ညီမ ရှောင်လောလောနှင့် တွေ့ဆုံရမည် ဖြစ်ပြီး ရှောင်လောလော၏ အံ့ဩဖွယ်ရာ အလှတရားကို စိတ်ဝင်စားသွားခဲ့သည်။


စုမင်ယွမ် အနည်းငယ်လှုပ်ရှားရန်ပြင်လိုက်စဉ် ရှောင်ရန်း၏ တားဆီးခြင်းကို ခံခဲ့ရသည်။ဇာတ်လိုက်မင်းသားသည် အခင်းဖြစ်ရာနေရာသို့ ပြေးဝင်လာပြီး သူတို့နှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ပြဿနာ တက်ကြတော့သည်။


၎င်းသည် မူရင်းဝတ္ထုထဲ၌ ပထမဆုံးအကြိမ်ဖြစ်ပြီး စုမင်ယွမ်သည် ဇာတ်လိုက်မင်းသားအား ဗီလိန်တစ်ယောက် အနေနှင့် ရန်စခဲ့သည်။


အထက်အကြောင်းအရာအားလုံးသည် မူလ စုမင်ယွမ်ရှိသင့်သည့် ကံကြမ္မာအလားအလာဖြစ်သည်။သူသည် အရှက်မဲ့သည်။ရာဂစိတ်ပြင်းပြသည်။မိုက်မဲသည်။သို့သော်လည်း ၎င်းတို့အားလုံးသည် လက်ရှိ စုမင်ယွမ်နှင့် လားလားမျှ မသက်ဆိုင်ပေ။ 


သူသည် စိတ်ကောင်းပြီး ဖြောင့်မတ်သော လူငယ်တစ်ယောက် ဖြစ်ခဲ့သည်။သို့သော်လည်း အိမ်ပြန်ရန်အတွက် အမှတ်လုံလုံလောက်လောက်ရရှိရန် ထိုကဲ့သို့ သရုပ်ဆောင်ရခြင်း ဖြစ်သည်။


ဒီနေ့ကစပြီးတော့ ငါက အရှက်မရှိ ရုပ်ဆိုးတဲ့ ဗီလိန်နေရာကနေ သရုပ်ဆောင်မယ်။ပြီးတော့လည်း မူရင်းဝတ္ထုထဲက စုမင်ယွမ်ထက် ပိုပြီးတော့ သာစေရမယ်။ 


စိတ်အခြေအနေ ပြန်လည်တည်‌ငြိမ်အောင် ပြုလုပ်ပြီးနောက် သူသည် ဂုဏ်ယူစွာဖြင့် ထုတ်ဖော်ပြောနိုင်လေပြီ။ 


ဗီလိန်အနေနဲ့ သရုပ်ဆောင်တာက ငါ့ရဲ့ကျွမ်းကျင်မှုပဲ။

Recommendation

Discussion