Boss - AF 6
နောက်ဆုံးသောအရှင်မ
Afterstory Chapter 6-
ခြိမ်းခြောက်မှုအသစ်
ဘာသာပြန်- သော်လွင်ကိုကို
စာရေးသူ၏မှတ်စု:
Alovenusကို ပထုတ်ပြီးနောက်မှာ
Midgardက ငြိမ်းချမ်းရေးကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက်
ခြမ်းခြောက်မှုအသစ်တစ်ခုက မွေးဖွားလာပါတော့မယ်။
...
လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာတုန်းက လူသားမျိုးနွယ်နှစ်ခု ရှိခဲ့တယ်။
တစ်ခုကတော့ နတ်ဘုရားမ ဖန်တီးခဲ့တဲ့
ပထမဆုံးလူသားတွေဖြစ်တဲ့ နတ်လူတွေပါ။
နောက်တစ်မျိုးကတော့ မြေပြင်ပေါ်ကို
ဆင်းသက်သွားတဲ့ နတ်လူတွေဖြစ်ပြီး
ပတ်ဝန်းကျင်အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့ အတောင်ပံတွေကို စွန့်လွတ်ဆုံးရှုံးခံခဲ့ရတဲ့ လူသားတွေပါ။ သူတို့ကို လူသားမျိုးနွယ်ရဲ့ အခြေခံ ပုံစံအဖြစ် ယူဆကြပါတယ်။
ထပ်ပြောရရင်တော့ လူသားတွေက
Midgardရဲ့လိုဏ်ဂူတွေ၊သစ်တောတွေနဲ့မြက်ခင်းလွင်ပြင်တွေဆီကို ပြန့်ကျဲသွားကြပါတယ်။ အဲဒီနောက်တော့ သူတို့နေထိုင်ကျက်စားရာ ဒေသတွေအပေါ်
မူတည်ပြီး သန္ဓေပြောင်းလဲလာပါတယ်။
ဒါကတော့ လက်ရှိလူသားမျိုးနွယ်ကြီး
၇ခုရဲ့ အစပဲဖြစ်ပါတယ်။
သူတို့တွေထဲမှာမှ မှောင်မိုက်တဲ့ မြေကြီးရဲ့
အောက်ခြေမှာ ငြိမ်းချမ်းမှုကို ရှာဖွေကြသူတွေ ရှိပါတယ်။
Midgardရဲ့အမှောင်မိုက်ဆုံး Mana
အထူထပ်ဆုံးနေရာမှာ နေထိုင်ရင်း
သူတို့က တစ်မူထူးခြားစွာ သန္ဓေပြောင်းလာပြီး မိစ္ဆာတွေနဲ့အနီးစပ်ဆုံး လူသားတွေရဲ့ အပြီးပြည့်စုံဆုံးမျိုးနွယ် ဖြစ်တည်လာပါတယ်။
ဒါကတော့ သွေးစုပ်ဖုတ်ကောင်တွေရဲ့
မူလအစပဲ ဖြစ်ပါတယ်။
သွေးစုပ်ဖုတ်ကောင်တွေဟာ သားရဲတွေလို သန်မာတယ်။ ဟော့ဘစ်တွေလို
မြန်ဆန်ပြီး နတ်သူငယ်တွေလို မှော်ပညာကို ထိန်းချုပ်နိုင်တယ်။ လူပုတွေထက် ပိုအကြမ်းခံပြီး နတ်လူတွေထက် အသက်ပိုရှည်တဲ့ ညအမှောင်ရဲ့သူကောင်းမျိုးတွေပါ။
ထပ်ထည့်ပြောရရင် သူတို့မှာ ပြန်လည်ကုစားနိုင်တဲ့စွမ်းအားရှိတယ်။ လမင်းကြီးရဲ့ကောင်းချီးပေးမှုအောက်မှာဆိုရင်
သူတို့ရဲ့စွမ်းအားတွေက ပိုလို့တောင်
တိုးလာသေးတယ်။
သူတို့က သူတို့ကိုယ်သူတို့ အပြီးပြည့်စုံဆုံး လူသားသက်ရှိတွေအဖြစ် ဂုဏ်ယူကြတယ်။
အထူးသဖြင့် သမိုင်းမှာ ပထမဆုံး သွေးစုပ်ဖုတ်ကောင် ဖြစ်လာခဲ့တဲ့သူ
'တည်ထောင်သူ'ပေါ့။ ဘိုးဘေးတွေ
အားလုံးထဲမှာ အစွမ်းအထက်ဆုံးသူ၊
သွေးစုပ်ဖုတ်ကောင်ဖြစ်ရတဲ့အတွက်
အင်မတန် မာနကြီးပြီး သူ့ကိုယ်သူ
သွေးစုပ်ဖုတ်ကောင်တွေထဲမှ သွေးစုပ်ဖုတ်ကောင်လို့ ခေါ်တဲ့သူ။ Shinsoဟာ
ကမ္ဘာကြီးကို အုပ်စိုးဖို့ ကြိုးစားခဲ့ဖူးတယ်။
သမိုင်းတစ်လျှောက် ကြောက်စရာအကောင်းဆုံး သွေးစုပ်ဖုတ်ကောင်၊
သွေးသန့်ဘိုးဘေး Brad။
ကြောက်ရွံမှုရဲ့ပြယုဂ် စွမ်းအား။
မျှော်လင့်ချက်မဲ့ခြင်းရဲ့ သရုပ်သကန်ပေါ့။
သူပြေးလိုက်ရင် သူ့မြန်နှုန်းက အသံထက် ဆယ်ဆမြန်တယ်။ သူ့ရဲ့အာဂ
ခွန်အားက တောင်ကိုတောင် အက်ကွဲစေတယ်။
သူ့ရဲ့မှော်ဂါထာတစ်ပုဒ်က ရွာတစ်ရွာကို
ချက်ချင်းဖျက်ဆီးနိုင်ပြီး သူ့ရဲ့တိုက်ပွဲ
စွမ်းအားက တစ်ညတည်းနဲ့ မြို့ကြီးတစ်မြို့ကို ဖျက်ဆီးပစ်နိုင်တယ် ဆိုတယ်။
ဒါပေမဲ့ ကမ္ဘာ့နိယာမရဲ့အပြစ်ပေးမှုက
ကျရောက်လာခဲ့တယ်။
သူက မိစ္ဆာတွေ၊ဖယ်ရီတွေနဲ့လူသားမျိုးနွယ်ကို လက်လှမ်းမမီနိုင်ခဲ့ဘူး။
အလင်းရဲ့သင်္ကေတ ဖယ်ရီမင်းသမီးလေး
Poluxကို သူစိန်ခေါ်ခဲ့တယ်။ သွေးသန့်
ဘိုးဘေး Bradရဲ့စစ်တပ်ကို မင်းသမီးလေးထိန်းချုပ်တဲ့ သူရဲကောင်းဝိညာဥ်စစ်တပ်က အနိုင်ယူခဲ့တယ်။
သွေးသန့်ဘိုးဘေး Bradကိုယ်တိုင်လည်း
ဖယ်ရီမင်းသမီးလေးရဲ့အစ်ကို Castorကို ရှုံးနိမ့်ခဲ့တယ်။ ရှုံးနိမ့်ပြီး
နောက်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်ဟာ
သုံးဆယ့်ခြောက်ပိုင်း အပိုင်းခံခဲ့ရတယ်။
ဒါပေမဲ့ သွေးသန့်ဘိုးဘေး Bradက
မသေဆုံးခဲ့ဘူး။
အစစ်အမှန်ဘိုးဘေးဆိုတဲ့ နာမည်က
အပြောပဲရှိတာ မဟုတ်ဘူး။
အံ့သြစရာကောင်းပေမဲ့ သူ့ကိုပြာချပစ်ရင်တောင် အသက်ရှင်နိုင်စွမ်း ရှိပါသေးတယ်။
ဒါပေမဲ့ တိုက်ပွဲမှာရခဲ့တဲ့ဒဏ်ရာက မသေးပါဘူး။ ဒါကြောင့် အသက်ပြန်ရှင်ဖို့အတွက် နှစ်သောင်းပေါင်းများစွာ လိုအပ်ခဲ့ပြီးတော့ သူ့ရဲ့စွမ်းအားအပြည့်ကို
ပြန်ရဖို့အတွက် အချိန်အကြာကြီး လိုအပ်ဦးမှာပါ။
ဒါပေမဲ့ ခေတ်တစ်ခေတ် အဆုံးသတ်တဲ့
အခါတိုင်းမှာ နောက်တစ်ခေတ်ဆိုတာ
ရောက်လာစမြဲပါ။ (*)
အထွတ်အထိပ်စွမ်းအား.... မဟုတ်ဘူး၊
သူအချိန်အကြာကြီး အိပ်စက်ပြီးနောက်
ပြန်နိုးထလာချိန်မှာ ပိုပြီးတော့တောင်
စွမ်းအားကြီးလာခဲ့ပြီ။ နောက်ဆုံးမှာတော့ သူပြန်လည်ရှင်သန်လာပြီး ကမ္ဘာကြီးကို အမှောင်ထုနဲ့သွေးတွေ ဖုံးလွှမ်းသွားအောင် လုပ်ရမယ့်အချိန်ကို ရောက်ရှိလာပါပြီ။
*
"အမှောင်ထုရဲ့ခေတ်သစ် ရောက်လာခဲ့ပြီ။"
Helheimရဲ့ အမှောင်ထုထဲမှာ အသံတစ်သံက ပဲ့တင်သံထပ်နေတယ်။
ဒီအသံက အရင်တစ်ခါ Libraကြောင့်
ကျောက်အပိုင်းအစတွေ ပြိုကျလာပြီးနောက် အဲဒီကျောက်အပိုင်းအစတွေအောက်မှာ နစ်မြုပ်သွားခဲ့တဲ့ ခေါင်းတလားတစ်လုံးထဲကနေ ထွက်ပေါ်လာခဲ့တာပါ။
"ငါပြန်လာပြီ...ဟမ်...ဒါက... ဖွင့်လို့မရပါလားဟ။"
နှစ်တစ်သောင်းကြာပြီးနောက်မှာတော့
အစစ်အမှန် သွေးသန့်ဘိုးဘေးက အားတက်သရောနဲ့ ပြောလိုက်တယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ရာကျော်က
Ruphas Mafahl သောင်းကျန်းခဲ့တဲ့
ကိစ္စကို လူတော်တော်များများ မှတ်မိကြသေးပေမဲ့ သွေးသန့်ဘိုးဘေးကြီးကတော့
အလွန်ရှေးကျလွန်းတာကြောင့် သွေးစုပ်ဖုတ်ကောင်တွေတောင် မမှတ်မိတော့ပါဘူး။
ရလာဒ်အနေနဲ့ သွေးသန့်ဘိုးဘေးကြီးရဲ့
ခေါင်းတလားဟာ မေ့လျော့ခံရပြီး အခုလိုမျိုး ကျောက်အပိုင်းအစတွေကြားထဲမှာ ဖွင့်မရတဲ့အဖြစ်နဲ့ ကြုံခဲ့ရတာပါ။
"ဂါး...ဒါက... ခေါင်းတလားအဖုံးပေါ်မှာ
ဘာရှိနေတာလဲ။ ဟေး၊ မင်းဘယ်သူလဲ။
ဒါက အစစ်အမှန်ဘိုးဘေး နိုးထလာတာကွ။ ဟုတ်တယ်.. ပွင့်လိုက်စမ်း....ပွင့်စမ်း။"
သည်းခံနိုင်စိတ် ကုန်ဆုံးသွားတဲ့ အရှင်သခင်က ခေါင်းတလားအဖုံးကို
ကန်လိုက်ပြီး ကျောက်တုံးအကျိုးအပဲ့တွေကို လွင့်ပျံသွားစေတယ်။
သူက သူ့ဝတ်ရုံကို ဖုန်ခါလိုက်ပြီး
တင့်တယ်စွာ လျှောက်လှမ်းရင်း
ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။
ကောင်းတယ်၊ တစ်ယောက်မှမရှိဘူး။
ဘယ်သူမှ သူ့ကိုမမြင်သေးဘူးထင်တယ်။
သူ ပထမက စိတ်သက်သာရာရသွားပေမဲ့
မဟာဘိုးဘေးတစ်ပါး ပြန်လည်ရှင်သန်
လာချိန်မှာ ဘယ်သူမှရှိမနေလို့ မကျေမနပ်ဖြစ်သွားတယ်။
"ဒါဘာသဘောလဲ.... ဘယ်သူမှ မရှိဘူးလား။ ငါနှစ်တစ်သောင်းအိပ်ပြီးရင်
ပြန်လာမယ်လို့ ကြိုပြောထားပြီးသားလေ။"
သွေးသန့်ဘိုးဘေးက သူ့ပြန်လည်ရှင်သန်မယ့်အကြောင်းကို အရိပ်အမြွက်
ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ မသေမျိုး
သွေးစုပ်ဖုတ်ကောင်တွေမှာလည်း မှတ်မိနိုင်တဲ့အတိုင်းအတာ ရှိတယ်လေ။
နှစ်တစ်သောင်းကြာပြီးနောက်မှာ
အဲဒီအချိန်က ရှင်သန်ခဲ့သူမဟုတ်ရင်
မှတ်မိတော့မှာ မဟုတ်ပါဘူး။
အဲဒီအချိန်က အသက်ရှင်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်အများစုကလည်း ပြာအဖြစ်
ပြောင်းလဲကုန်ကြပါပြီ။
Midgardက သွေးစုပ်ဖုတ်ကောင်တွေဟာ အိုမင်းမသွားကြပေမဲ့ သာမန်သက်ရှိတွေလိုပဲ သက်တမ်းအကန့်အသတ်ရှိပါတယ်။
ဒီအချက်ကို ထည့်တွေးရင် နှစ်တစ်သောင်းကုန်လွန်ပြီးနောက် အသက်ရှင်နေသေးတဲ့ ဒီလူဟာ တကယ့်ကိုစစ်မှန်တဲ့
ဘိုးဘေးတစ်ယောက်ပါပဲ။
"ဟမ့်.... ခေတ်အခြေအနေကြောင့်များလား။ ပြောဖို့တော့ ခက်သားပဲ။ ငါ့ကို
လာခစားမယ့် သွေးစုပ်ဖုတ်ကောင်တွေမရှိတာ ဝမ်းနည်းစရာပဲ။ ကြည့်ရတာ
လက်ရှိမျိုးဆက် သွေးစုပ်ဖုတ်ကောင်တွေကို ဘယ်သူကဘုရင်လဲဆိုတာ ပြောပြဖို့လိုပြီထင်တယ်။"
သွေးသန့်ဘိုးဘေးကြီးက အမှောင်ထုကို
အုပ်စိုးသူတစ်ယောက်နဲ့ လိုက်ဖက်တဲ့
အပြုံးမျိုးကိုပြုံးရင်း ပျောက်ကွယ်သွားတယ်။
'ဒီဘိုးဘေးရဲ့ ကြီးမြတ်မှုကို မင်းတို့မသိတဲ့အတွက် ငါညှာတာနေစရာမလိုဘူး။ မင်းတို့က ငါ့ဆွေမျိုးတွေ ဆိုပေမဲ့ပေါ့။'
အစကတည်းက စစ်မှန်တဲ့ သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ သွေးသန့်ဘိုးဘေးကြီးBrad ကလွဲပြီး တခြားမရှိပါဘူး။ တခြားသွေးစုပ်ဖုတ်ကောင်တွေက အရည်အသွေးမပြည့်မီတဲ့ ထုတ်ကုန်တွေပါ။
'ဒါကြောင့် မဖြစ်မနေကို သတ်ပစ်ရမယ်။
ဒီလိုနိမ့်ကျတဲ့ သတ္တဝါတွေကများ ဒီဘိုးဘေးကို မေ့သွားရတယ်လို့။'
ဒီလိုနဲ့ Bradဟာ ပထမဆုံးအနေနဲ့
ယခုခေတ်ရဲ့သွေးစုပ်ဖုတ်ကောင်တွေဆီကို သွားခဲ့ပါတယ်။
*
သွေးစုပ်ဖုတ်ကောင်တို့ရဲ့တိုင်းပြည်၊
Mjolnir။
ထာဝရညတိုင်းပြည်လို့လည်း သိကြပါတယ်။ Midgardရဲ့အန္တရာယ်အများ
ဆုံး နေရာတွေထဲက တစ်ခုဖြစ်ပြီးတော့
သွေးစုပ်ဖုတ်ကောင် မင်းသမီးလေး
Benetnashအုပ်စိုးတဲ့နေရာပါ။
တကယ်တော့ ပြောရမယ်ဆိုရင်
နိုင်ငံတစ်ခုကို အုပ်ချုပ်တဲ့အတွက်
သူဟာ မင်းသမီးမဟုတ်ဘဲ ဘုရင်မတစ်ပါးပါ။
ဒီနေ့မှာတော့ Benetnashက စိတ်ကောင်းဝင်နေပါတယ်။ သူ့အခန်းထဲမှာ Ruphas ဟိုဖက်ကမ္ဘာကအပြန်
သူ့အတွက်ယူလာပေးတဲ့ ဆန်ကိတ်(mochi)မုန့်တွေ ရှိနေပါတယ်။
သူ့ရဲ့မျက်နှာက အရင်ကလို တင်းမာမနေပါဘူး။ ဘယ်သူမှ မြင်တာမဟုတ်တော့
ပုံမှန်အတိုင်းဖြစ်အောင် ဂရုစိုက်နေစရာ
မလိုအပ်ဘူးလေ။
ရုတ်တရက်ဆိုသလို ပြတင်းပေါက်
ကွဲသွားပြီး လူတစ်ယောက် အထဲကို
ခုံဝင်လာတယ်။
'ကောင်းရော၊ ကြည့်ရတာ ကြွက်တစ်ကောင် ဝင်လာတာဖြစ်ရမယ်။'
ဒါပေမဲ့ သူဆန်ကိတ်ကို သဘောကျနေတုန်း ခုန်ဝင်လာတဲ့အမှိုက်ကို ခွင့်လွတ်မပေးနိုင်ပါဘူး။
Benetnashရဲ့နဖူးမှာ သွေးကြောပြာတစ်ခုက ထောင်ထလာတယ်။ သူ့မျက်နှာက ချက်ချင်း သတ်ဖြတ်ချင်စိတ်တွေ
ဖုံးလွှမ်းသွားတယ်။
"ဒီတော့၊ ဒါက ခေတ်သစ်သွေးစုပ်ဖုတ်ကောင်ဘုရင်ရဲ့ ရဲတိုက်လား။
ရဲတိုက်လေးက လှသားပဲ၊ ဒါပေမဲ့
အခုကစပြီး ငါ့ရဲ့ရဲတိုက်ဖြစ်သွားပြီ။"
"....."
"ဒါပေမဲ့ ဒီလိုကောင်မလေးကတော့
ဘုရင်မဟုတ်လောက်ပါဘူး.... လှဲချလိုက်စမ်း ကောင်မလေး။ ငါက အစစ်အမှန်
ဘိုးဘေးပဲ။"
Benetnashရဲ့လက်သီးက ကျူးကျော်ဝင်ရောက်လာသူ သွေးသန့်ဘိုးဘေးရဲ့
မျက်နှာကို ထိုးဖောက်သွားတယ်။
ဒေါသလက်သီး၊ အဖျက်စွမ်းအားအမှတ် ၉၉၉ ၉၉၉ ပါဝင်နေတယ်။
သနားစရာကောင်းတဲ့ သွေးသန့်ဘိုးဘေး
Bradဟာ ပြတင်းပေါက်ကို ဖောက်ထွက်ပြီး လွှင့်စင်သွားတယ်။ သူ့လည်ပင်းအထက်မှာတော့ အသားစိုင်ကြီးတစ်ခု
ရှိနေတယ်။
သူက လေထုထဲမှာ ပျံသန်းနေပြီး
Mjolnirတိုင်းပြည်ရဲ့ ဘေးတစ်ဖက်က
ကျွန်းပေါ်ကို ပြန်ပြုတ်ကျလာတယ်။
နောက်ဆုံးမှာတော့ သူရပ်တန့်သွားနိုင်ပါပြီ။
"......"
လည်ပင်းမရှိတော့တဲ့ သွေးစုပ်ဖုတ်ကောင်က ဖုန်တောထဲကနေ
ချက်ချင်းထလိုက်ပြီး သူ့လည်ပင်းပြန်ပေါက်အောင် လုပ်လိုက်တယ်။
သွေးသန့် သွေးစုပ်ဖုတ်ကောင်ရဲ့ အနှိုင်းမဲ့စွမ်းအား 'အသက်သိုလှောင်ခြင်း'ပါ။
ဒါက အသက်ကယ်စွမ်းအားတစ်ခု
ဖြစ်ပြီး သေသွားရင်တောင်မှ အပိုအသက်တစ်ခုနဲ့ ပြန်လည်ရှင်သန်လာနိုင်ပါတယ်။
ဒါပေမဲ့ အပိုအသက်ကို ထုတ်သုံးလိုက်ပြီဆိုတာနဲ့ အသက်အမှတ် ၁ မှတ်ကနေ
ပြန်ရှင်မှာဖြစ်ပြီးတော့ ဘယ်လိုမှော်ပစ္စည်းမျိုး၊ ဘယ်လို နတ်ဘုရားမှော်ပညာမျိုးနဲ့မှ အသက်အမှတ်ပြည့်အောင်
လုပ်လို့မရပါဘူး။ ပြန်လည်ကောင်းမွန်နိုင်စွမ်းနဲ့ တဖြည်းဖြည်းအသက်အမှတ်
ပြန်ပြည့်လာတာကိုပဲ စောင့်ရမှာပါ။
Brad ဖယ်ရီမင်းသမီးလေး Poluxကို
ရှုံးနိမ့်တဲ့အချိန်တုန်းက သူမကို အသက်အမှတ်တစ်ဝက်လောက်နဲ့ လိုက်မမီနိုင်ကြောင်း သိခဲ့ရပါတယ်။
ဒါကြောင့် သူက နှစ်တစ်သောင်းအချိန်ကုန်ခံပြီးတော့ သူ့ရဲ့အသက်အမှတ်တက်လာအောင် စိတ်အားထက်သန်စွာနဲ့
စောင့်ဆိုင်းနေခဲ့တာပါ။ သူပြန်လည်
ရှင်သန်နိုင်တဲ့အကြိမ်ရေက ၆၆၆၆၆ ဖြစ်ပါတယ်။
ဒါပေမဲ့ Benetnashရဲ့လက်သီးချက်က
သူ့အသက် အချောင်းနှစ်ဆယ်လောက်ကို
ပျောက်ကွယ်သွားစေခဲ့ပါတယ်။
"ဘာ...အခုဘာတွေ ဖြစ်ကုန်တာလဲ။"
Bradက အခြေအနေကို နားမလည်နိုင်သေးတာကြောင့် စိတ်ရှုပ်နေတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူလက်သီးတစ်ချက်နဲ့ အသတ်ခံခဲ့ရကြောင်း သတိပြုမိပြီး ချွေးစေးတွေ ထွက်လာတယ်။
'မဟုတ်သေးဘူး၊ နေ....နေပါဦး။
ဒီကိစ္စက လုံးဝထူးဆန်းနေသလိုပဲ။
ငါက သွေးစုပ်ဖုတ်ကောင်ဘုရင်
မဟုတ်ဘူးလား၊ ငါက အစစ်အမှန်
ဘိုးဘေးလေ။
ဒါပေမဲ့ ဘာလို့ ကောင်မလေးတစ်ယောက်ရဲ့လက်သီးကြောင့် ဒီလိုဖြစ်သွားရတာလဲ။'
"ငါဆိုလိုတာက.... ထူးဆန်းလွန်းတယ်...
အဖျက်စွမ်းအားအမှတ် ဂဏန်းက.."
လက်သီးတစ်ချက်နဲ့ အသက်အချောင်းနှစ်ဆယ် ပါသွားတယ်ဆိုတော့ တွက်ကြည့်ရင် ၃၃၃၄ ချက်အထိုးခံရရုံနဲ့
သူတကယ်သေသွားနိုင်တယ်။
ဒါပေမဲ့ တကယ်က တွေးစရာတွေ
အများကြီးရှိပါသေးတယ်။ Benetnashက အများကြီးအားစိုက်ပြီး
ထိုးခဲ့တာ မဟုတ်ပါဘူး။ တကယ်လို့
အဲဒီဂဏန်းသာ နှစ်ဆတိုးသွားမယ်ဆိုရင်သူဟာ ဆယ်စက္ကန့်အတွင်းမှာ အသတ်ခံရနိုင်ပါတယ်။
ဒါက အမြန်နှုန်းနဲ့ပဲ တွက်တာဖြစ်ပြီး
Benetnashနဲ့ Ruphasအတည်တိုက်တုန်းကဟာတွေ ထည့်မတွက်ထားပါဘူး။
"ဖူးဖူးဖူး....ဟားဟားဟား....သွေးစုပ်ဖုတ်ကောင် တစ်ကောင်ကလား။ ဝိုး၊
ကြည့်ရတာ ငါနည်းနည်း လေးလံထိုင်းမှိုင်းနေပြီထင်တယ်။ ဒီတစ်ခါတော့
ထားလိုက်တော့။"
ဘယ်သူမှ နားထောင်မနေပေမဲ့
Bradက အော်ဟစ်လိုက်တယ်။
အဲဒီနောက် ကျွန်းကနေ ထွက်ခွာသွားတယ်။
'ငါကြောက်လို့တော့ မဟုတ်ပေမဲ့
ငါဒီမှာရှိနေရင် အဲဒီကြောက်စရာ သွေးစုပ်ဖုတ်ကောင်က ဒီကိုရောက်လာမလာ သေချာမသိနိုင်ဘူးလေ။
တကယ်တော့ တွေးကြည့်မယ်ဆိုရင် သွေးစုပ်ဖုတ်ကောင်အချင်းချင်းတိုက်ခိုက်နေစရာမှမလိုတာ။
သွေးစုပ်ဖုတ်ကောင်တွေက မိတ်ဆွေလည်းဖြစ် မိသားစုလည်းဖြစ်တယ် မဟုတ်လား။ ငါက မနိုင်လို့ အရှုံးမပေးတာမဟုတ်ဘူး။
ငါက ကြင်နာတတ်လို့၊ သဘောထားကြီးလို့ သွေးစုပ်ဖုတ်ကောင်ချင်း မထိတာ။'
ဒီလိုဆင်ခြေပေးလိုက်ရင်း Bradက
Alfheimကို ဦးတည်သွားတယ်။
'ဟုတ်တယ်၊ အဲဒီမုန်းစရာကောင်းတဲ့
ဖယ်ရီမင်းသမီးကို တိုက်ခိုက်ရမယ်။
သူ့ကိုအနိုင်ယူဖို့ နှစ်တစ်သောင်းတောင်
စောင့်ခဲ့ရတာ။'
"အာ... မင်းက ဘယ်လိုခြေလှမ်းမျိုးနဲ့
ဒီသစ်တောထဲကို ဝင်လာတာလဲ။"
!!??
"ငါဒီကောင့်ကို အမှောက်သိပ်လိုက်ရမလား။"
!!??
အမြဲတမ်း ပြိုင်ဆိုင်နေတတ်လို့
နာမည်ဂုဏ်သတင်းကြီးတဲ့ Phoenix နဲ့
Hydrasက ပူးပေါင်းပြီး Alfheimကို
ကျူးကျော်ဝင်ရောက်လာတဲ့ Bradကို
နှုတ်ဆက်လိုက်တယ်။
သူတို့နှစ်ယောက်က ကောင်းကင်ဘုံ
ကြယ်စင်တွေထက် တစ်ဆင့်နိမ့်ကျပေမဲ့
အဆင့်တစ်ထောင်မှာရှိနေတဲ့ အသန်မာဆုံး မွန်းစတားတွေဆိုတာ သံသယရှိစရာမလိုပါဘူး။
နောက်တော့ Polluxဆင့်ခေါ်ထားတဲ့
သူရဲကောင်းဝိညာဥ်တွေကလည်း
အတူစုဝေးလာပါတယ်။
သူရဲကောင်းဝိညာဥ်တွေရဲ့ အရည်အချင်းကလည်း မနှိုင်းယှဥ်နိုင်လောက်အောင်ပါပဲ။
လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်က
သူတို့ကို Ruphasက အဆင့်မြင့်အောင်
ပြုလုပ်ပေးခဲ့တာဖြစ်ပြီး အများစုက လွန်ခဲ့တဲ့နှစ်နှစ်ရာက ပုန်ကန်မှုကြီးမှာ အသတ်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ရလာဒ်အနေနဲ့ Polluxရဲ့စစ်တပ်က သာမန်ထက်ကို ပိုပြီးအင်အားကောင်းလာတယ်။
အဆင့်တစ်ထောင်၊အဆင့်တစ်ထောင်၊
အဆင့်တစ်ထောင်။ အကုန်လုံး အဆင့်တစ်ထောင်တွေချည်းပဲ။ အဆင့်တစ်ထောင် ပညာရှင်တွေကို လျှော့စျေးနဲ့
ရောင်းနေသလိုဖြစ်နေတယ်။
"ကျူးကျော်ဝင်ရောက်လာတာ
ဘယ်သူများလဲလို့၊ အတိတ်ကိုတောင်အောင့်မေ့လာပြီ။ နှစ်ပေါင်းတစ်သောင်းတောင် ရှိခဲ့ပြီပဲ။"
"....ဟေး၊ ဖယ်ရီမင်းသမီး။ ဒီစစ်တပ်က
တစ်ခုခုမှားနေသလိုပဲ။ ဒီလောက်
အဆင့်တစ်ထောင်တွေရှိနေတာ
မများလွန်းဘူးလား....ဒါက။"
"ကိစ္စတွေအများကြီးဖြစ်ခဲ့တယ်လေ...
စကားမစပ်၊ နင်နေကောင်းရဲ့လား။
နင့်လေသံက တစ်ခုခုထူးခြားနေသလိုပဲ။"
"နားညီးလိုက်တာ။ နင့်ကို ဒီလိုလူတွေ
ခြံရံထားမှတော့ အကုန်ပြိုလဲကုန်မှာပေါ့။"
Bradက ငိုချင်စိတ်ပေါက်နေပြီ။
'ငါ့ရဲ့နှစ်တစ်သောင်း ပြန်လည်နိုးထခြင်းက ဘာဖြစ်သွားတာလဲ။ မဖြစ်နိုင်ဘူး၊
လုံးဝမဖြစ်နိုင်ဘူး။ အသက်ပေါင်း သန်းတစ်ရာရှိရင်တောင် မဖြစ်နိုင်တော့ဘူး။'
သူရဲကောင်းဝိညာဥ်တိုင်းက သွေးသန့်ဘိုးဘေးကို အကြိမ်ပေါင်းများစွာ သတ်ဖြတ်နိုင်ပါတယ်။ ပြီးတော့ Polluxရှိနေသမျှ
ကာလပတ်လုံး အဆုံးမရှိ ပြန်အသက်ရှင်နိုင်တယ်။
လှည့်စားတဲ့ စွမ်းဆောင်ရည်က ယုတ္တိကင်းမဲ့လွန်းတယ်။
'မဟုတ်သေးဘူး၊ နေပါဦး။ Polluxရဲ့
အဓိကခန္ဓာကိုယ်က အားနည်းတယ်
မဟုတ်လား။'
Brad ဒီလိုတွေးမိချိန်မှာပဲ Polluxက
ခပ်ဖျော့ဖျော့ တောက်ပလာတယ်။
"ဒါက....Pollux...။"
"ဘာလဲ၊ နင်ထင်ထားသလို မဖြစ်လို့လား။"
"မင်းက ဘယ်လိုလုပ်ပြီး အစွမ်းထက်လာတာလဲ။"
"ဒါက ငါ့အမှား မဟုတ်ဘူးလေ။ အခု
ငါက သစ်သားမြွေနဂါးရဲ့စွမ်းအားကို
အမွေဆက်ခံရတဲ့ တမန်တော်ပဲ။ ငါက
အရင်လို အားမနည်းတော့ဘူး။"
နောက်ဆုံးတိုက်ပွဲမှာတုန်းက Polluxက
သစ်သားမြွေနဂါးရဲ့စွမ်းအားတွေကို
ဆက်ခံရရှိခဲ့ပါတယ်။
Ruphasနဲ့Alovenusရဲ့ နောက်ဆုံး
တိုက်ပွဲက အကျယ်ချဲ့ခြင်း-ဆန်ကိုတောင်
အလုပ်ပိပြီး သေသွားစေခဲ့တဲ့အထိကို
စွမ်းအားကြီးလွန်းပါတယ်။ ဒါကြောင့်
Polluxက အားမနည်းတော့ပါဘူး။
ဟုတ်တယ်၊ Polluxက အားမနည်းတော့ဘူး။ ဆန့်ကျင်ဖက်အနေနဲ့ သူ့ကို အခု
သစ်သားမြွေနဂါးအဖြစ် မှတ်ယူလို့ရပါပြီ။ သူ့ရဲ့တိုက်ပွဲစွမ်းအားက ဓားဘုရင်
Aliothထက်တောင် ကျော်လွန်နေပါပြီ။
"အသင့်ဖြစ်ပြီလား။"
"......"
Bradက စကားတောင် မပြောဘဲ
ထွက်ပြေးသွားတယ်။ သူ့ပုံစံက သတ္တိနည်းပုံပေါ်လို့ လှောင်ရယ်စရာ ဖြစ်ချင်ဖြစ်နေလိမ့်မယ် ဒါပေမဲ့ ဒါဟာဆုံးဖြတ်ချက်တစ်ခုပါ။ မနိုင်နိုင်တဲ့တိုက်ပွဲကို တိုက်တာဟာ သတ္တိလို့ မခေါ်ပါဘူး။ တစ်ခါတလေမှာ သတ္တိကို အနားယူခိုင်းဖို့လိုပါတယ်။
ဒါကြောင့် သူက သူရဲဘောကြောင်သူ
မဟုတ်ပါဘူး။ သတ္တိရှိရှိ နောက်ဆုတ်တာပါ။
"ပြေးပြီဟေ့။"
"လိုက်ကြစမ်း။"
"မင်းကို ငါသတ်မယ်။"
"ဟေ့ကောင် ရပ်စမ်း။"
သူရဲကောင်းဝိညာဥ်တွေက Brad နောက်ကို ဘီလူးသရဲစီးလာတဲ့အလား လိုက်တယ်။ Bardက ပြေးတယ်။ မျက်ရည်တွေစီးကျပြီး နှာရည်တရွဲရွဲနဲ့ပြေးနေတာ။
သူ့အသက်အပိုတွေ တစ်ဝက်လောက်
ကုန်သွားတဲ့အထိ အကြိမ်ကြိမ်အခါခါ
အသက်ခံရပြီးနောက်မှာတော့ လွတ်မြောက်သွားခဲ့ပါတယ်။
*
"ဒီခေတ်ကြီးက ထူးဆန်းလိုက်တာ။"
Bradက နှလုံးကွဲလုမတတ် ဖြစ်နေတယ်။ လုံးဝကို ရူးလောက်စရာကောင်းတယ်။ သူ့နှလုံးက ကွဲသွားပြီးသားလား
မကွဲသေးတာလားတောင် မခွဲတတ်တော့ဘူး။
ဒါက အံ့သြစရာတော့မဟုတ်ဘူး။
သူထွက်ပြေးလို့မလွတ်ခင် အကြိမ်ပေါင်း ၃၃၃၃၃ အထိ အသတ်ခံလိုက်ရတာကိုး။
သူ ဘာမှမလုပ်နိုင်ခဲ့ဘူး။ သူဟာ ရေချိုငါးတစ်ကောင်လိုမျိုး သဘောထားခံခဲ့ရတယ်။ ပြေးလိုက် အသတ်ခံရလိုက်နဲ့
နောက်ဆုံးမှာတော့ ပြာဖြစ်သွားတယ်။
အဲဒီနောက် တိုက်လေနဲ့အတူ ပြာမှုန်တွေ
လွှင့်ပါသွားတဲ့အတွက် သူရဲကောင်းဝိညာဥ်တွေက သူ့ကိုတကယ်သေသွားပြီလို့
ထင်ပြီး အခုလိုလွတ်လာခဲ့တာပါ။
"ငါမှားသွားလို့နေမယ်..။"
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့တဲ့
Bradက သက်ပြင်းချလိုက်ရင်း မြေပေါ်မှာ ထိုင်ချလိုက်တယ်။ သူ့ရဲ့ဂုဏ်သရေနဲ့ဆိုရင် သူက အားမနည်းဘူးလေ။
ပြောရမယ်ဆိုရင် သူက တစ်ယောက်ချင်းဆိုရင် သတ်နိုင်ပါတယ်။ နှစ်ယောက်
တစ်ယောက်ဆိုရင်လည်း အနိုင်ရနိုင်ပါသေးတယ်။ သုံးယောက်တစ်ယောက်
ဆိုရင်လည်း ဖြစ်နိုင်သေးပေမဲ့ လေးယောက်တစ်ယောက်ဆိုရင်တော့ အခက်တွေ့လာပါပြီ။
ငါးယောက်တစ်ယောက်ဆိုရင်တော့
မဖြစ်နိုင်တော့ပါဘူး။ တကယ်လို့
အကျော်ဇေယျ ၇ ယောက်ထဲက အဆင့်တစ်ထောင်ရောက်နေတဲ့ Solနဲ့Dinaတို့
Lunaကို ထိပါးလာခဲ့မယ်ဆိုရင်တော့
Terraက ကောင်းကောင်းနိုင်နိုင်ပါတယ်။
ဒါပေမဲ့ လေးယောက်တစ်ယောက်က
အကန့်အသတ်ပါ။ Mars,Jupiter,Saturnus,Mercury
တို့လို ငါးငယ်လေး လေးကောင်တောင်မှ
Seiတို့ကို ကောင်းကောင်းယှဥ်နိုင်တယ်
မဟုတ်လား။ (*)
"မဟုတ်ဘူး..မဟုတ်ဘူး... ငါကိုက
သာမန်မဟုတ်တဲ့လူတွေနဲ့ တွေ့မိနေလို့ဖြစ်မယ်။ ဒီခေတ်ရဲ့သွေးစုပ်ဖုတ်ကောင်ဘုရင်နဲ့ဖယ်ရီမင်းသမီး.... အင်း၊ငါက
အားမနည်းဘူး။ သူတို့က မတရားသန်မာနေတာ။"
အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်မှာရှိတဲ့
ဂုဏ်သိက္ခာ ပျက်စီးသွားပြီး သူ့ထက်သန်မာတဲ့လူရှိတယ်လို့ ဝန်ခံလိုက်ရပေမဲ့
သူ့ကိုယ်သူ အားနည်းတယ်လို့တော့
ဝန်မခံနိုင်ပါဘူး။
Bradက လမ်းသွားလမ်းလာ လူတစ်ယောက်ကို အနိုင်ယူပြီး သူ့ရဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်ရအောင်လုပ်ဖို့
ဆုံးဖြတ်လိုက်တယ်။ ဒါက ဂုဏ်သိက္ခာမရှိတဲ့ လုပ်ရပ်ပေမဲ့ သူက အတည်လုပ်မှာပါ။
ကံကောင်းစွာနဲ့ မြို့တွေတစ်ခုနဲ့တစ်ခုကို
ကောင်းကောင်းထိန်းသိမ်းထားတဲ့ လမ်းတွေနဲ့ ဆက်သွယ်ထားပါတယ်။ ဒါကြောင့် စောင့်နေမယ်ဆိုရင် တစ်ယောက်မဟုတ်တစ်ယောက်တော့ ပေါ်လာဦးမှာပါ။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ပထမဆုံးသားကောင်ဖြစ်မယ့်သူ
ရောက်လာတယ်။
အဲဒီလူက ဗလတောင့်တောင့်နဲ့
လူသန်ကြီးတစ်ယောက်ပါ။
ဆံပင်တွေက လည်ဆံ့မွှေးလိုမျိုး
ဖရိုဖရဲ ဖြစ်နေပြီး မျက်လုံးတွေက
အင်မတန် ကြမ်းတမ်းခက်ထန်ပုံရတယ်။
လူသားတွေအတွက်တော့ ဒီမျက်နှာထားမျိုးက ကမ္ဘာပေါ်မှာရှိသမျှ အရာအားလုံးကို မုန်းတီးနေပြီး ထိန်းချုပ်လို့မရတဲ့
သားရိုင်းကောင်ကြီးလိုပဲ။
အရပ်က နှစ်မီတာမြင့်ပြီး သူ့ရဲ့အနက်ရောင်ကြွက်သားတွေက တင်းလွန်းလို့
အဝတ်တွေတောင် ပြဲသွားတော့မလို
ထင်ရတယ်။
ပတ်ဝန်းကျင်လေထုကလည်း
အဲဒီလူဆီက ထွက်နေတဲ့ အပူဓာတ်ကြောင့် ပျက်ယွင်းနေပြီး ပုံစံကြည့်ရတာနဲ့တင် မတရားအစွမ်းထက်ပုံပေါက်နေတယ်။
သူက တော်ဝင်လမ်းစဥ် ကောင်းကင်ကြယ်စင် ၁၃ ဖော်ထဲက ပြဿနာအများဆုံးသူ ခြင်္သေ့ဘုရင် Leonပါပဲ။
"...မဖြစ်နိုင်ဘူး။"
Bradက ပုန်းနေလိုက်တယ်။
သူက ကိုယ့်ဂုဏ်သိက္ခာကိုယ် စွန့်ပစ်ပြီး
ဝင်ပုန်းနေလိုက်တယ်။ ဘယ်လိုကြည့်ကြည့် နိုင်ဖို့ကိုမဖြစ်နိုင်တာ။ သူအကဲဖြတ်တာ မှန်တယ်။ Leonက ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာပြီးတော့ ဒီနေ့ စိတ်ကောင်းဝင်မနေပါဘူး။
လပေါ်မှာကျင်းပတဲ့ မာကျောက်ကစားပွဲမှာ ရှုံးလာပြီး အပြစ်ပေးတဲ့အနေနဲ့
Sagittariusက အတင်းအဝတ်တွေ
ဝတ်ပေးတာ ခံခဲ့ရပါတယ်။
ပိုဆိုးတာက မိန်းမအဝတ်အစားတွေ
ဖြစ်နေတာပါပဲ။ ဗလတောင့်တောင့်
အမျိုးသားတစ်ယောက်က ဆိုင်ထဲဝင်ပြီး
မိန်းမအဝတ်တွေရှာတဲ့ မြင်ကွင်းက
ရယ်စရာကောင်းလွန်းတယ်။
ဒါကြောင့် သူ့ဒေါသက အထွတ်အထိပ်
ရောက်နေပါတယ်။ ဒါကြောင့် သူအခု
Leonကို သွားရန်စရင် အရိုက်ခံရပြီး
ရှိသမျှအသက်တွေ ကုန်သွားနိုင်ပါတယ်။
Bradက တွေးလိုက်ပြီးတော့ ဂုဏ်သိက္ခာနဲ့ Leonကို ဒီအတိုင်းထားမယ့်ကိစ္စကို
လဲလှယ်လိုက်တယ်။ သူရဲဘောကြောင်တယ်ဆိုပြီး လူတွေရယ်ချင်ရယ်ကြလိမ့်မယ်။ ဒါပေမဲ့ သေဘေးနဲ့ယှဥ်ရင် သူက
ပိုထက်မြက်လာပါတယ်။ အမျှော်အမြင်ရှိတဲ့ လုပ်ရပ်အတွက် ချီးကျူးသင့်တယ်။
ဒါကြောင့် သူ့ကို ကြက်ကလေးလို့
မခေါ်ကြပါနဲ့။
Leon ထွက်သွားတာကို အတည်ပြုပြီးနောက်မှ Bradက နောက်သားကောင်
ကိုစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။
နောက်ထပ်ပေါ်လာတဲလူက ကျားသားရဲလူတစ်ယောက်ပါ။ အရင်လူလိုပဲ
အရပ်ရှည်ပြီး သန်မာပုံပေါ်တယ်။
အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေမှာရှိတတ်တဲ့
တစ်မူထူးတဲ့ အရှိန်အဝါမျိုးမရှိပေမဲ့
သေချာပေါက် သန်မာလောက်တယ်။
ဒါကြောင့် Bradက သူ့ကိုလည်း ဖြတ်သွားခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီကောင်က တကယ့်ကြက်ပေါက်ပဲ။
နောက်ထပ်ရောက်လာသူကတော့
အားနည်းပုံရတဲ့ မိန်းကလေးတစ်ယောက်ပါ။ သက်တံရောင်ဆံပင်ရှည်တွေနဲ့
နုနယ်တဲ့ မိန်းကလေးတစ်ယောက်။
'ဟမ်၊ မိန်းကလေးတစ်ယောက်လား။'
ဘယ်လိုပဲဖြစ်ဖြစ် ကြက်ပေါက်စက
သူနိုင်လောက်တယ်ထင်ပြီးတော့
ထွက်လာတယ်။ ဒီသနားစရာ လမ်းသွားလမ်းလာ သမီးငယ်လေးကို အနိုင်ကျင့်ပြီး ကိုယ့်ကိုယ်ကိုယ် အားမနည်းကြောင်း
ပြရမယ်။ ဒါကြောင့် သူက ခုန်ထွက်လိုက်ပြီး ထောင်ချောက် သိုးကလေးရဲ့ရှေ့မှာ
ရပ်လိုက်တယ်။
"အဲဒီမှာ ရပ်လိုက်စမ်း ကောင်မလေး၊
ငါက သွေးသန့်ဘိုးဘေး Shinso Bradပဲ။ ငါမင်းရဲ့သွေးကို မြည်းစမ်းပါရစေ။"
ကြက်ပေါက်ကလေးက သူ့နာမည်ကိုယ်သူ အမြင့်ဆုံးဂုဏ်ပုဒ်နဲ့ပြောလိုက်ပြီး
သွေးနည်းနည်းရဖို့ ကြိုးစားလိုက်တယ်။
လှပတဲ့မိန်းကလေးတွေရဲ့ လတ်လတ်ဆတ်ဆတ် သွေးက သွေးစုပ်ဖုတ်ကောင်တွေ အကြိုက်ဆုံးအရာပဲလေ။ ဒါကဒဏ္ဍာရီတွေထဲမှာ ပြောင်းလဲမသွားတဲ့ အချက်တစ်ခုပါ။
ဒါပေမဲ့၊ သူက မိန်းကလေးမဟုတ်ဘဲယောက်ျားလေးတစ်ယောက်လေ။ ဆိုလိုတာက လူတောင်မဟုတ်ဘူး။
သို့ပေမဲ့ ကြက်ပေါက်ကတော့ ဒီကိစ္စကို
မသိဘဲ ပိုင်ပြီကွဆိုပြီး စကားတွေဆက်ပြောနေတယ်။
"တကယ်လို့ မလိုလားအပ်တဲ့
ခုခံမှုတွေ မလုပ်ဘူးဆိုရင် ငါမင်းရဲ့
အသက်ကိုမယူဘူး။ ဒါပေမဲ့ ခုခံမယ်
ဆိုရင်တော့ သေဖို့သာပြင်ထားလိုက်။"
သူက ပြောရင်းနဲ့ အရင်အချိန်တွေကို
ပြန်သတိရမိတယ်။ အဲဒီတုန်းက အခုလိုမျိုး သူတို့နာမည်ကို ပြောလိုက်တာနဲ့
အရူးတွေက ကြောက်လန့်ပြီး သူတို့သွေးကို ပေးကြတယ်လေ။
'ကြည့်စမ်း၊ ငါဒီကောင်မလေးကို မကြောက်ဘူး။ ဝမ်းနည်းစရာကောင်းလိုက်တာ။ ဒီသနားစရာ ကောင်မလေးက ငါ့ရဲ့ပြိုင်ဖက်ဖြစ်ဖို့တောင် ခွန်အားမရှိတာ သေချာတယ်။
ဒါပေမဲ့ ဒီကိစ္စကို ရှောင်ရှားလို့မရဘူး။
ခွန်အားခြင်း ကွာခြားလွန်းရင် ကွာခြားချက်ကို သတိပြုမိမှာမဟုတ်ဘူး။
ဒီကောင်မလေးက အားမနည်းဘူး၊
ငါက သိပ်သန်မာလွန်းနေတာ။'
ကောင်မလေး (ဝါ) Ariesက ကြက်ပေါက်ကလေးကို သာသာလေးရိုက်
လိုက်တယ်။
ဒီစကားတွေက ရန်သူတွေပြောတတ်တဲ့စကားမှန်း တွေးမိတာကြောင့် သူကစမ်းပြီး တိုက်ကြည့်လိုက်တာပါ။
သူ့ရဲ့စွမ်းအားက အတန်အသင့်ပဲ ဆိုပေမဲ့
မတိုက်ခိုက်နိုင်တာတော့ မဟုတ်ဘူးလေ။
ဒါကြောင့် သူက ရန်သူမှန်းအတည်ပြုပြီးတာနဲ့ တိုက်ခိုက်လိုက်တယ်။
အဲဒီနောက်တော့ ကြက်ကလေး
လွင့်ထွက်သွားပြီ။
"အား.....။"
ကြက်ကလေးက ပျံသန်းရင်း
အော်ဟစ်နေတယ်။ ထိကပြန်လိုမျိုး
မြင့်မားတဲ့ ကောင်းကင်ပေါ်မှာ လည်ပတ်နေတယ်။
သူအစောပိုင်းက ထိကပြန်စကားတွေကို
ပြောခဲ့ပေမဲ့ အခုတော့ ကိုယ်တိုင် ထိကပြန်ဖြစ်နေပါပြီ။
သူက ဟိုလူတွေနဲ့ကွာခြားပြီး
ပြက်လုံးတွေအများကြီးသိတယ်။
ဒီတော့ သူ့ကို အခုကနေစပြီး
လူရွင်တော်လို့ ခေါ်ကြရအောင်။
"မဟုတ်ဘူး.....။"
လူရွှင်တော်က ဆက်လက်ပျံသန်းရင်း
လပေါ်ကနေဆင်းပြီး Midgardကိုလာနေတဲ့ Ruphasကို ဝင်တိုက်မိတယ်။
အဲဒီနောက် မြေပေါ်ကို ပြုတ်ကျလာတယ်။
ဒါပေမဲ့ မရပ်သေးပါဘူး။ လူရွှင်တော်က
မြေပေါ်မှာလိမ့်ရင်း လက်ကျန်အသက်လေးတွေ တဖြည်းဖြည်းလျော့ကျလာတယ်။
မြေပြင်ကို ထယ်ထိုးသလို Midgard
မြေပေါ်မှာလိမ့်ရင်း ဆယ်ကီလိုမီတာ
လောက်ကြာမှ ရပ်တန့်သွားတယ်။
"အား..... ဘာဖြစ်သွားတာလဲ....။"
လူရွင်တော်က ကြောက်လန့်သွားတယ်။
ဒီလက်သီးအားက အဲဒီနုနယ်တဲ့ မိန်းကလေးဆီကလား။ သူ့ရဲ့လက်ကျန်
အသက်တချို့ကို ကုန်ဆုံးသွားစေသလို
သူ့ရဲ့စွမ်းအားအပေါ် ယုံကြည်မှုကိုပါ လျော့နည်းသွားစေတယ်။
မဟုတ်ဘူး၊ သူ့မှာ ယုံကြည်မှု
ရှိကိုမရှိတော့တာ။ ဒါပေမဲ့ သူက
သာမန်ထက်တော့ ပိုသေးတယ်လို့
တွေးချင်နေသေးတယ်။
'ဒါက... ငါက သာမန်ထက်တောင်
ဆိုးဝါးနေတာလား။ ငါက ဒီခေတ်မှာ
ငါးသေးသေးလေးတစ်ကောင်လား။'
"ဟယ်၊ဒါက....ရှင်အဆင်ပြေရဲ့လား။"
သနားစရာ လူရွှင်တော်ရဲ့ရှေ့မှာ
နတ်သမီးတစ်ပါး ရောက်လာတယ်။
ပန်းရောင်ဆံပင်နဲ့ နတ်လူမိန်းကလေးတစ်ယောက်။ သူက စိုးရိမ်စွာနဲ့ ဒူးထောက်ပြီး လူရွှင်တော်ကို ကြည့်လိုက်တယ်။
ဒါသာ အချစ်ဟာသဇာတ်လမ်းဆိုရင်
အတွင်းခံကို မြင်နိုင်လောက်တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ မိန်းကလေးက
တည်နေရာနဲ့ထောင့်တွေကို တွက်ချက်နိုင်ပုံရတော့ သူမမြင်ရဘူး။
တကယ်လို့ အဲဒီနေရာကို လွယ်လွယ်
မြင်နေရမယ်ဆိုရင်လည်း အတွင်းခံတွေက ဘယ်တန်ဖိုးရှိတော့မလဲ။
လူရွှင်တော်က တွေးလိုက်တယ်။ 'ဒီမိန်းကလေးက...ဒီမိန်းကလေးက အဆင်ပြေတယ်။
ကိုယ့်ကိုယ်ကိုယ်သာ စည်းစနစ်ရှိအောင်နေစမ်း။'
"ကျေးဇူးတင်ပါတယ်၊ ကြင်နာတတ်တဲ့
မိန်းကလေး။ စကားမစပ်၊ ကျုပ်
တောင်းဆိုစရာရှိတယ်။ ကျုပ်ကို
ရိုက်ပေးနိုင်မလား။"
"အား၊ရပါတယ်။"
"ကျုပ်စိတ်ရှုပ်ထွေးနေပေမဲ့ ကျုပ်ရဲ့
နောက်ဆုံးဂုဏ်သိက္ခာကို ကာကွယ်ဖို့
လိုအပ်တယ်။ ထားပါ၊ ကျုပ်က သန်မာပါတယ်။ မင်းဘယ်နေရာကိုရိုက်ရိုက်
ကျုပ်ဘာမှမလုပ်ပါဘူး။"
ကောင်မလေး(ဝါ) Virgoက တွေးလိုက်တယ်။ 'ငါပထမဆုံး တွေ့ဖူးတဲ့လူကို
ချက်ချင်းကြီး ရိုက်ရမှာလား။ ထားပါလေ၊
သူဘာကြောင့် တောင်းဆိုရတာလဲဆိုတာ
ငါမှမသိတာပဲ။'
"မလုပ်တာ ကောင်းလိမ့်မယ်နော်။
ကျွန်မကိုယ်ကျွန်မ ပြောတာဆိုပေမဲ့
ကျွန်မက တော်တော်လေးသန်မာတယ်လေ။"
"ဟားဟား၊ ရပါတယ်။ လုပ်သာလုပ်ပါ။"
"အင်း၊ တကယ်ရော အဆင်ပြေရဲ့လား။"
"ကိစ္စမရှိပါဘူး။"
"တကယ်လား။"
"လုပ်ပါ။"
"ဒါဆိုရင်လည်း...ကဲ။"
ကောင်မလေးက ချစ်စဖွယ်
အော်ဟစ်လိုက်တယ်။ အဲဒီနောက်
လူရွှင်တော် လွင့်စင်သွားတယ်။
"အား......။"
နောက်တစ်ခါ ထိကပြန်ဖြစ်သွားပြန်ပြီ။
သူက ကောင်းကင်အမြင့်ကြီးကို ရောက်သွားပြီး Midgardကို ဆင်းသက်လာတဲ့
Alovenusကို ဝင်တိုက်မိတယ်။ အဲဒီနောက် ပြုတ်ကျသွားတယ်။
"မဟုတ်ဘူး.....။"
ဘီးတစ်လုံးလို Midgardမြေပြင်မှာ
လိမ့်ရင်း ဆယ်ကီလိုမီတာလောက်ကို
ရောက်မှ ရပ်သွားတယ်။
ကျန်ရှိနေတဲ့အသက်က မလျော့တော့ဘူး။ ကြည့်ရတာ သူအထွတ်အထိပ်ကို
ရောက်သွားပြီထင်တယ်။ လူရွှင်တော်က
ကောင်းကင်ပြာပြီးကိုကြည့်ရင်း တွေးလိုက်တယ်။
"....ဟုတ်တယ်....ငါက အားနည်းတယ်။"
'လမ်းလျှောက်နေတဲ့ ကောင်မလေးတစ်ယောက်ကတောင် ငါ့ကိုလွှင့်အောင် ရိုက်နိုင်တာ ငါကိုယ်တိုင်က အားနည်းလို့ပဲ။
ဆန့်ကျင်ဖက်အနေနဲ့ အံ့သြဖို့ကောင်းနေသေးတယ်။ ဒီအနီးအနားက အားနည်းတဲ့ မွန်းစတားကို ရိုက်ရင်တောင် အဲဒီလို
လွင့်မသွားဘူးလေ။ အဲဒီလို လွင့်သွားတာ
အားနည်းလို့ပဲ။ သုညတောင်မဟုတ်ဘူး၊
အနုတ်ပါပြနေတာ။ ငါက အဆင့် တစ်ထောင် မဟုတ်ဘူးလား။' သူက တွေးလိုက်ပေမဲ့ တစ်ခုခုက နည်းလမ်းပေါင်းစုံနဲ့ ပျက်စီးသွားသလိုပဲ။
"မဟုတ်ဘူး.... ဖြစ်နိုင်တာက...
ဖြစ်နိုင်ခြေသိပ်နည်းပေမဲ့ ငါကိုယ်က
အင်မတန်အင်အားကြီးတဲ့လူတွေနဲ့
တွေ့တွေ့နေတာ။ ကောင်မလေးနှစ်ယောက်က ဒီကမ္ဘာရဲ့အသန်မာဆုံး
မိန်းကလေးတွေ ဖြစ်လိမ့်မယ်။ သူတို့က
လမ်းလျှောက်နေတုန်း တိုက်ဆိုင်သွားတာနေမယ်။ ဖြစ်နိုင်တာ ငါက ကံမကောင်းတာ။"
လူရွှင်တော်က သူပြောနေတဲ့စကားကိုတောင် သူအံ့သြနေတယ်။ တကယ်တော့
အဖြေမှန်ပေမဲ့ သူ့မတရား ကံမကောင်းဖြစ်နေတာတော့ မဟုတ်နိုင်ဘူးလို့ တွေးမိတယ်။ ဒါကြောင့် သူက နောက်ဆုံးအနေနဲ့ နောက်တစ်ခါလုပ်ဖို့
ဆုံးဖြတ်လိုက်တယ်။
နောက်ဆုံးတွေ့တဲ့လူကို စိန်ခေါ်ပြီး
ခွန်အားကို စမ်းသပ်မယ်။ နောက်တစ်ခါ
သံပြားကိုဆောင့်မိရင် သူအားနည်းတာကို ဝန်ခံမယ်။ကမ္ဘာပေါ်မှာ အားအနည်းဆုံးသတ္တဝါလို့တောင် ကိုယ့်ကိုယ်ကိုယ် ခေါ်နိုင်တယ်။
အဲဒီလိုမဟုတ်ခဲ့ရင်တော့.....အိပ်မက်
မက်လို့ရသေးတယ်။
'ငါ ခြေသံ ကြားတယ်။
တစ်ယောက်ယောက်.... လူနှစ်ယောက်
ငါ့ဆီ ချဥ်းကပ်လာပါလား။ ခြေလှမ်း
အကျယ်နဲ့အသံအရ အမျိုးသမီးပဲ။'
လူရွှင်တော်က ဖြည်းဖြည်းချင်းထလိုက်ပြီး ခြေသံပိုင်ရှင်ဆီကို လှည့်ကြည့်လိုက်တယ်။ ဒါက နောက်ဆုံး စိန်ခေါ်ခြင်းပဲ။
'အားနည်းတဲ့လူပဲ လာပါစေ၊ အားနည်းတဲ့လူတွေပဲ လာပါစေ။ ငါအားမနည်းဘူး
ဆိုတာတော့ ယုံကြည်ခွင့်ပေးပါ။'
"သူက ငါ့ကို ဝင်တိုက်မိတဲ့တစ်ယောက်လား၊ နင်ဒဏ်ရာရသွားသေးလား။"
... Ruphas Mafahl ပေါ်လာပြီ။
"အိုး၊ ဒီလူဆိုတာ သေချာပေါက်ပဲ...
ဟုတ်ပြီ၊ ငါမှတ်မိပြီ။ သူက ပထမဆုံး
သွေးစုပ်ဖုတ်ကောင်ဆိုတာ ငါသေချာသိတယ်။ သတိရစရာပဲ။ ငါ့ရဲ့ဟိုးအရင်တုန်းက ပျောက်သွားခဲ့တဲ့ အရုပ်လေးက ထူးဆန်းတဲ့နေရာတစ်ခုမှာ လူးလိမ့်နေတယ်။ အခုတော့ ငါအဲဒီလို ခံစားရတယ်။"
- Alovenus ပေါ်လာပြီ။
'မဖြစ်နိုင်ဘူး။'
လူရွှင်တော်က တစ်ချက်ကြည့််လိုက်တာနဲ့
ကမ္ဘာ့အားနည်းဆုံး သတ္တဝါအနေနဲ့ နိုင်ဖို့မဖြစ်နိုင်မှန်း သိလိုက်တယ်။
မဟုတ်ဘူး၊ လုံးလုံးကို မဖြစ်နိုင်တာ။
နိုင်စရာအကြောင်းကို မရှိဘူး။
တိုက်ခိုက်ဖို့ဆိုတဲ့ အကြံကကို
အချိုးမကျဖြစ်နေတာ။ ပြီးတော့
တစ်ယောက်က ဖန်ဆင်းရှင် နတ်ဘုရားမ
Alovenus မဟုတ်လား။
"လိမ့်နေတာ သိပ်မြန်လွန်းတယ်။
ဒါပေမဲ့ ဘယ်နားနာသွားသေးလဲ။"
"ဘာမှမဖြစ်ပါဘူး။ ရပါတယ်။
လှပတဲ့ မိန်းကလေးရယ်၊ မစိုးရိမ်ပါနဲ့။
ကျုပ်အသက်ရှင်နေသေးတာမလို့
အခြေအနေကောင်းပါတယ်။"
"တကယ်ရော အဆင်ပြေရဲ့လား၊
တစ်နေရာရာကို ထိခိုက်မိသွားသေးလား။"
"ရပါတယ်။ ကျုပ် သိပ်ကိုတက်ကြွနေတယ်။ ကျုပ်က သမိုင်းမှာ အားအနည်းဆုံးပဲ။ ကျုပ်က ကိုယ်တိုင်
အမှန်တရားကို သိခဲ့ပြီမလို့ ကိုယ့်ကိုယ်ကိုယ်ပြောတာ။ သန်မာတဲ့လူတစ်ယောက် ဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။"
"နင်က သွေးသန့်ဘိုးဘေး မဟုတ်လား။
နင်က ဒီလိုနေရာမျိုးမှာ ဘာလုပ်နေတာလဲ။"
"Shiso Brad,ခင်ဗျား အဲဒီနာမည်ကို
မသိဘူးလား။ ဒီမှာရှိနေတဲ့ကျုပ်က
ကမ္ဘာ့အားအနည်းဆုံး သတ္တဝါပဲ။
ကျေးဇူးပြုပြီး ကျွန်တော့်ကို ရေချိုငါးလေးလို့ ခေါ်ပါ။"
ရေချိုငါးလေးရဲ့နှလုံးသားက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီ။ အစားထိုး
လို့မရတော့ဘူး။ အသစ်ဝယ်လိုက်တာက
ပိုမြန်တယ်။ သူက ကံမကောင်းစွာနဲ့
အချိန်မှားပြီး ပြန်အသက်ရှင်လာခဲ့တယ်။
တကယ်လို့ Ruphas ပြန်မလာခင်က
နိုးထလာခဲ့ရင် သူက အချိန်တစ်ခုလောက်အထိ ခြိမ်းခြောက်မှုတစ်ရပ်
ဖြစ်ခဲ့ဦးမယ်။
ဒါမှမဟုတ် Ruphas စွန့်စားသူဘဝက
နိုးထခဲ့ရင် အင်အားကြီးရန်သူတစ်ယောက် ဖြစ်ချင်ဖြစ်ခဲ့ဦးမယ်။
ပြီးတော့ ကောင်းကင်ဘုံကြယ်စင်
ဆယ့်နှစ်ဖော်ထဲ ဝင်ဖို့ကလည်း အိပ်မက်
တစ်ခု ဖြစ်နေမှာမဟုတ်ဘူး။ ဒါပေမဲ့
သူဒါတွေကို သတိမပြုမိတော့ဘူး။
သူ့ဂုဏ်သိက္ခာတွေက သနားစဖွယ်
ကြေမွသွားပြီ။ ကိုယ့်ကိုယ်ကိုယ်
ရေချိုငါးလေးလို့ ခေါ်တဲ့လူပဲ ကျန်တော့တယ်။
'ငါဘယ်တော့မှ တိုးတက်လိုစိတ် ရှိတော့မှာမဟုတ်ဘူး။'
သူက အရာအားလုံးကို ကျောခိုင်းသွားပြီး
ခေါင်းတလားအဖုံးကို သူ့ဘာသာ ပိတ်လိုက်တယ်။
'ငါ အပြင်လောကကြီးကိုကြောက်တယ်။
ဘယ်ကိုသွားသွား မွန်းစတားတွေနဲ့ပဲ
တွေ့နေရတယ်။ ဘယ်သူနဲ့မှ မတွေ့ဆုံနိုင်တဲ့ ကျဥ်းမြောင်းတဲ့ ခေါင်းတလားက
အကောင်းဆုံးပဲ။'
ဒီလိုနဲ့ပဲ အသစ်ထွက်ပေါ်လာတဲ့
ခြိမ်းခြောက်မှုက ဘယ်သူမှသူ့ကို ခြိမ်းခြောက်မှုအဖြစ် မယူဆရသေးချိန်မှာပဲ ထွက်ခွာသွားပါတော့တယ်။
ဒီနေ့မှာလည်း Midgardဟာ သာမန်
အတိုင်း ကြောက်စရာမြန်နှုန်းနဲ့ လည်ပတ်နေလေရဲ့။